ဇီဝလောင်စာ

ဝီကီပီးဒီးယား မှ
ဇီဝလောင်စာအား သရုပ်ဖော်ထားပုံ

ဇီဝလောင်စာ (အင်္ဂလိပ်: Biofuel)ဆိုသည်မှာ အပင်များ၏ ဖွဲ့စည်း တည်ဆောက်မှုများကို ဓာတ်ပြောင်း ချေဖျက်ခြင်း သို့မဟုတ် သတ္တဝါတို့၏ အစာချက် လုပ်မှု၊ စွန့်ပစ်မှုများကြောင့် ဖြစ်ပေါ်သည့် ဓာတုဖြစ်စဉ်များ စသည်တို့မှ ထုထည်ကြီးမားစွာဖြင့် ရရှိသည့် မည်သည့် လောင်စာ စွမ်းအင်ကိုမဆို ခေါ်ဆိုနိုင်သည်။ တစ်နည်းအားဖြင့် ဇီဝရုပ်သွင်ပြောင်းလဲမှုများကို အခြေခံ၍ ထုတ်လုပ် ရရှိသောကြောင့် ဇီဝလောင်စာစွမ်းအင်ဟူ၍လည်း မြန်မာမှု ပြုကြသည်။ ၎င်းသည် ကျောက်မီးသွေး၊ ရေနံကဲ့သို့ သဘာဝမှပေးသော လောင်စာ စွမ်းအင်မျိုး မဟုတ်ပါ။ ရှားပါးလာသော အဆိုပါ သဘာဝ လောင်စာစွမ်းအင်ကို အစားထိုးပေးနိုင်မည့် စွမ်းအင်အရင်းအမြစ် တစ်မျိုးအဖြစ် ကမ္ဘာ့တိုင်းပြည် အသီးသီးမှ လက်ခံလာကြသည်။

၎င်းသည် ပတ်ဝန်းကျင် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက် အနည်းဆုံး အချိုးအဆဖြင့် အနည်းဆုံးထုတ်လွှင့် နိုင်သောကြောင့် ယနေ့ ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာကိုလည်း လျော့ပါးစေမည် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များ၊ သစ်တောထွက် ပစ္စည်းများ၊ အိမ်သုံးနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်နိုင်သောကြောင့်လူသားတို့နှင့် ရင်းနှီးပြီး ဖြစ်နေသော နည်းပညာများလည်း ဖြစ်သည်။ ကောက်ရိုး၊ လွှစာ၊ မြေဩဇာ၊ အမှိုက်များ၊ အစားအသောက် အကြွင်းအကျန်များ၊ နွားချေးကဲ့သို့သော သတ္တဝါတို့၏ စွန့်ထုတ်ပစ္စည်းများပါမကျန် ဇီဝလောင်စာ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ လက်ရှိအားဖြင့် ထုထည်ကြီးမားစွာ ထုတ်လုပ်နေသည်မှာ အပင်များမှ ဖြစ်သည်။ မော်တော်ယာဉ်များအတွက် လောင်စာဆီအဖြစ် အသုံးပြုကြ၍ အချို့တိုင်းပြည်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သုံးနေကြသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ လောင်စာဆီ သုံးစွဲမှု၏ ၁၅ ရာခိုင်နှုန်းကို အစားထိုး ပေးနိုင်သည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့တွင် ၁၉ ရာခိုင်နှုန်းအထိ အစားထိုးနိုင်သည်ဟု ဆိုသည်။ ဇီဝလောင်စာ ထုတ်လုပ်ရန် ကုန်ကြမ်းများအဖြစ် အစိုင်အခဲနှင့် အရည် ဟူ၍ ခွဲခြားနိုင်သည်။ အစိုင်အခဲအဖြစ် သစ်သားစများ၊ စပါးဂျုံ စသည့် ကောက်ရိုးများ၊ ခြောက်သွေ့သော အပင်များ၊ ကြက်၊ ဘဲစသည် မွေးမြူရေး တိရစ္ဆာန်များနှင့် ကျွဲ၊ နွား၊ ဝက် စသည့် အကောင်များမှ စွန့်ထုတ်လိုက်သည့် ချေးများ၊ စပါး၊ ဝါ၊ ပဲပင်ကဲ့သို့ အခွံရှိသည့် သီးနှံများ၏ အခွံအကာများကို သုံးနိုင်သည်။ အချို့ သစ်ဆွေး မြေဆွေးများကိုပင် ဇီဝလောင်စာထုတ်လုပ်ရန် အသုံးပြုနိုင်သည်။

အရည်အဖြစ် အယ်လ်ကိုဟောကို အဓိက သုံးသည်။ ဘရာဇီးနိုင်ငံတွင် ကြံမှ အီသနောလ်လောင်စာအဖြစ် ချက်လုပ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပြောင်းမှ ထုတ်လုပ်ကြသည်။ လက်ရှိအားဖြင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သော မက်သနောလ်ကိုလည်း ဇီဝလောင်စာမှ ပြုလုပ်နိုင်သည်။ ၎င်းသည် စီးပွားဖြစ်ထုတ်လုပ်ရန် အဆင်မပြေသော်လည်း အားထားရမည့် လောင်စာစွမ်းအင်မျိုး ဖြစ်သည်။ ထို့အတူ ဗျူ တ နောလ် ကို Acetone, Butanol, Ethanol တို့အား ဓာတ်ပြုပေါင်းစပ်ခြင်းဖြင့် ထုတ်လုပ်နိုင်သည်။ ၎င်းလောင်စာစွမ်းအင်သည် လက်ရှိ ဓာတ်ဆီ အင်ဂျင်စက်များတွင် ထည့်သွင်း သုံးနိုင်ပြီး လောင်ကျွမ်းမှုစွမ်းအင် ပိုမိုကောင်းမွန်ပါသည်။ ထို့အတူ စွန့်ပစ်အမှိုက်များ၊ လယ်ယာထွက်ကုန်များမှ အပိုပစ္စည်းများကို အသုံးပြု၍ မီသိုင်း ဓာတ်ငွေ့အဖြစ် ထုတ်ယူနိုင်သည်။ ဇီဝလောင်စာကို အိမ်သုံးအဖြစ် လျှပ်စစ် ထုတ်လုပ်ခြင်း၊ အိမ်တွင်းအပူပေးစနစ်နှင့် ချက်ပြုတ်သည့် လုပ်ငန်းများတွင်လည်း သုံးနိုင်သည်။ သို့ရာတွင် ချက်ပြုတ်ခြင်းများတွင် ၎င်းအတွက် သီးခြားမီးဖို ပြုလုပ်ရခြင်းနှင့် ထွက်လာသည့် မီးခိုးများသည် လူသားများအား အန္တရာယ်ပေးခြင်းစသည့် အားနည်းချက်များ ရှိနေသည်။ ဇီဝလောင်စာစွမ်းအင် စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုလာကြသည့်အားလျော်စွာ International Energy Agency (IEA) ကို ၁၉၇၈ ခုနှစ်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၂)၂၀၀၅-ခုနှစ်၊ နိုဝင်ဘာလ