ဇာတာ

ဝီကီပီးဒီးယား မှ

မြန်မာ ဗေဒင်ပညာရပ်တွင် ဇာတာသည် အရေးပါလှပေသည်။ ဇာတာသည် လူတစ်ယောက် မွေးသော အချိန် ( နာရီ မိနစ် )၊ နေရာ ပေါ်မူတည်ပြီး ရှေ့ဖြစ်မည့် ကံတရား အကြောင်းကို တွက်ချက်ခြင်းဖြစ်သည်။ လူတစ်ယောက်သည် ဇာတာ ဖွဲ့ထားပြီး ထိုဇာတာ ပေါ်မူတည်၍ မိမိ၏ ကံအခြေအနေကို သိရှိနိုင်သည်။ ဇာတာဟူသည် ဂြိုဟ်သွား ဂြိုဟ်လာ ပြက္ခဒိန် ကို ကြည့်ကာ ဗေဒင် ဟောခြင်း ပညာရပ်လည်း ဖြစ်သည်။

ဇာတာ အယူအဆ[ပြင်ဆင်ရန်]

ဇာတာမှာ မြန်မာလူမျိုးများတွင် ရှေးအစဉ်အလာကစ၍ လောကီဗေဒင်ကျမ်းများအရ မွေးဖွားသော နှစ်၊ လ၊ ရက်၊ အချိန်နာရီများနှင့် ထိုအချိန်တွင် ဂြိုဟ်ခွင်တည်နေပုံကို မှတ်သားထားသော အမှတ်အသားပင်ဖြစ်သည်။ ထိုအမှတ်အသားမျိုးကို ထန်းဖူးလွှာ၊ ပေဖူးလွှာများပေါ်တွင်ဖြစ်စေ၊ ဆင်စွယ်ပြား၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားစသည်တို့အပေါ်တွင်ဖြစ်စေ ရေးမှတ်စွဲဆောင် ထားလေ့ရှိသည်။ အများအားဖြင့် ထန်းဖူးများပေါ်တွင် ရေးသားသည်ကများသည်။ ဇာတာကို နက္ခတ်ဗေဒင်ပညာတတ်ကျွမ်းသူများကသာ ရေးသားနိုင်စွမ်းသည်။

ဇာတာကို ပြုလုပ်စီမံရာတွင် လိုက်နာအပ်သော သတ်မှတ်ချက်များလည်း ရှိသည်။ ထန်းဖူးလွှာများကို ခိုင်ခံ့အောင်အလွှာ များထပ်၍ ချုပ်ရာ၌ အလွှာအရေအတွက်သည် ၇ လွှာ၊ (မ အရေအတွက်ရှိရသည်။) မလျော့ မပိုရချေ။ အဖျားနှစ်ဘက်တွင် တုံးတိမဖြတ်ရဘဲ၊ မူလထန်းဖူးထွက်စကဲ့သို့ အလယ်တွင် စုချွန်းစေလျက် အညွန့်အတက်လူစေသော မင်္ဂလာနိမိတ်ကိုယူ၍ ပုံပြုရသည်။ အဖျားနှစ်ဘက်တွင် ကြိုးဖြင့် အတိုတစ်ကြောင်း၊ အရှည်တစ်ကြောင်း နှစ်ကြောင်းစီ ဖိချုပ်ထားရသည်။ ဇာတာ၏ အပေါ်ဘက်လွှာတွင် ဂြိုဟ်ခွင်နှင့် အချိန်ဇယားကို ရေးမှတ်၍ အောက်ဘက်လွှာတွင် စာဖြင့် အချိန်နာရီနှင့် အမည်တို့ကို ရေးမှတ်ရသည်။

ဇာတာ၏ အပေါ်ဘက်လွှာတွင် လက်ဝဲဘက်၌ စက်ဝိုင်းစည်းသုံးရစ်ဝိုင်း၍ ဖွားချိန် ဂြိုဟ်ခွင်များကို ဇယားချ၍ရေးရသည်။ စက်ဝိုင်း တစ်ထပ် တစ်ထပ်အကြားတွင် နတ်ကြီး ၄ ပါး၊ မြတ်စွာဘုရားဖြစ်တော်ပေါင်း စသော အမှတ်သင်္ချာဂဏန်း များကို ရေးသွင်းနိုင်သည်။ စည်းသုံးရစ်၏ အပြင်တွင် ဇယားကွက်များချ၍၊ ဇာတာရှင်၏ မွေးနေ့၊ မွေးနံနှင့် မိတ်ဖက်ဖြစ် သော မွေးနံဂဏန်းများကို မိတ်သင်္ဂဟပေါများစေရန် နိမိတ်အလို့ငှာ ထည့်သွင်းရေးသားရသည်။

အလယ်တွင် အဓိပတိတိုင်ဟူ၍ ပြာသာဒ်သဏ္ဌာန်တိုင်ကိုရေးသွင်းရသည်။ တိုင်၏ပတ်လည်တွင် လှပသောပန်းများ ရေးခြယ်နိုင်သည်။ တိုင်အောက်ခြေကွက်လပ်၌ကား၊ မွေးနံသင့် ဂြိုဟ်စီးအရုပ်၊ တနင်္ဂနွေဂဠုန်၊ တနင်္လာကျား စသည်တို့ကိုဖြစ်စေ၊ သာမန်ပန်းခက်ကိုဖြစ်စေ ရေးသွင်းနိုင်သည်။ လကျာ်ဖက်တွင်မူ၊ တိုင်ဆယ်ပါးနက္ခတ်စဉ်နှင့် ရာသီများကို ဇယားများဖြင့် ၃ ဆင့်ရေးသွင်းရသည်။ ပထမအထက်ဆုံးအဆင့်တွင် တိုင်ဆယ်ပါးကို အစဉ်အတိုင်းရေးသွင်း၍ ထိုတိုင်များအလိုက်အရ နက္ခတ်၊ ပါဒ်၊ ဃဋီ၊ ဝိဃဋီ၊ အနုဃဋီတို့ကို ယင်းတို့ အသီးအသီး၏ အောက်၌ရေးသွင်းရသည်။ တိုင်ဆယ်ပါးကို အတိုကောက် ပု၊ ဣ၊ ဋိ၊ ထီး၊ ပ၊ သီ၊ ဆင်၊ မိ၊ ပုံ၊ ထွန်း စသည်ဖြင့်ရေးသည်။ ယင်းတို့မှာ ပုညတိုင်၊ ဣသျှတိုင်၊ ပဋိသန္ဓေတိုင်၊ ထီးဖြူတိုင်၊ ပဝတ္ထိတိုင်၊ သီရိတိုင်၊ ဆင်ဖြူတိုင်၊ မိတ္ထုတိုင်၊ ရတနာပုံတိုင်၊ အထွန်းတိုင် ဟူ၍ဖြစ်သည်။

အလယ်အဆင့်တွင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ ရာဟု၊ ကိတ် ဂြိုဟ်များနှင့် လဂ်တို့၏ ရာသီ၊ အံသာ၊ ဝိလိတ္တာ၊ အနုလိတ္တာ တို့ကို အသီးသီး ရေးသွင်းရသည်။

အောက်ဆုံးအဆင့်တွင် တိထီနက္ခတ်၊ မြင်နက္ခတ်၊ စဉ်နက္ခတ်၊ တိုင်ဦးနက္ခတ်၊ ဓာတ်တိုင်နက္ခတ်၊ ဆည်တိုင်နက္ခတ်၊ သုဝဏ္ဏတိုင်နက္ခတ်၊ ရဇတတိုင်နက္ခတ်စသည်တို့၏ နက္ခတ်၊ ပါဒ်၊ ဃဋီ၊ ဝိဃဋီ၊ အနုဃဋီတို့ကို အသီးသီးရေးသွင်းရသည်။ ကျန်ဇာတာ၏ အောက်ဘက်လွှာသို့မဟုတ် ဝမ်းဖက်တွင် ဇေယျတု သဗ္ဗ မင်္ဂလံ အစချီလျက်၊ ဖွား သက္ကရာဇ် လ ရက်နေ့တို့နှင့် အမည်ကို စာ ၇ ကြောင်းဖြင့် ရေးသွင်းရသည်။ ၅ ကြောင်း သို့မဟုတ် ၉ ကြောင်းစသည်ဖြင့် မ အရေအတွက် အားဖြင့်လည်း ရေးသွင်းနိုင်သည်။ စုံအရေအတွက် မရှိစေရပေ။ စာကြောင်းများ အကူးအဆက်ကိုလည်း မင်္ဂလာရှိရန်နှင့်အဆက်အစပ်လွယ်ကူရန်အလို့ငှာ ကူးစပ်လျက်ရေးရသည်။[၁]

ရာသီခွင်အယူအဆ[ပြင်ဆင်ရန်]

မြန်မာ့ ရာသီခွင်သည် မြန်မာနိုင်ငံတွင် အသုံးပြုသော မြန်မာ့ရိုးရာ ရာသီခွင်ဖြစ်သည်။ ကောင်းကင်နှင့် သတ္တလောက ဗဟုသုတ(တွေးခေါ်မြော်မြင်မှု) များဖြင့် ပေါင်းစည်းထားသည်။ ဤရှေးကျသော နက္ခတ္တဗေဒ၏ ဘာသာခွဲကို မဟာဘုတ် (ပါဠိ maha bhuta မဟာဘူတ မှလာသော မဟာဘုတျ) ဟုခေါ်ပြီး “သေးငယ်သောခွက်” သို့မဟုတ် “သေးငယ်သော သော့” ဟု အဓိပ္ပာယ်ရ၍ ပိုမိုကျယ်ပြန့်သော ဟိန္ဒူနက္ခတ္တဗေဒစနစ်မှ ခွဲထွက်လာသည်ဟု ယုံကြည်ရသည်။ ၎င်းကို အိန္ဒိယ ဗြဟ္မာများမှ စတင်အသုံးပြုသည်ဟု ယုံကြည်ရသည်။ မြန်မာနက္ခတ္တဗေဒပညာသည် နံပါတ် ရှစ်ဂဏန်းကို အခြေခံကာ စကြဝဠာကြီး၏ဟန်ချက်ကို ကိုယ်စားပြုသည်။ နံပါတ် ရှစ်သည် မည်သည့် မညီမျှချက်ကိုမဆို ဖယ်ရှားလျက် စွမ်းအင်နှင့် လိုက်လျောညီထွေရှိမှုကို ထင်ဟပ်စေသည်ဟု ယုံကြည်ကြသည်။

မြန်မာတွင် ရှစ် ဂဏန်း၏ မရှိမဖြစ်အရာများ-

  • ဂြိုဟ်စွမ်းအား ရှစ်ခု
  • သီတင်းရက်သတ္တပတ်ရှိ နေ့ ရှစ်နေ့
  • အဓိကအရပ် ရှစ်မျက်နှာ
  • မြန်မာ့ရာသီခွင်ပါ တိရစ္ဆာန် အမှတ်အသား ရှစ်ခု

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ရာသီ[ပြင်ဆင်ရန်]

မြန်မာရာသီခွင်များသည် အနောက်တိုင်းကဲ့သို့ပင် သင်္ကေတ ၁၂ မျိုးဖြင့် ခွဲခြားထားကာ ရာသီဟုခေါ်သည်။ ရာသီတစ်ခုသည် ၃၀ ဒီဂရီစီရှိပြီး ထိုသည်ကို အင်္သာဟုခေါ်သည်။ ဒီဂရီတစ်ခုတိုင်းစီတွင် ၆၀ မိနစ်ပါရှိပြီး လိတ္တာဟုခေါ်သည်။ လိတ္တာတစ်ခုတွင် ဝိလိတ္တာဟုခေါ်သည့် စက္ကန့် ၆၀ စီပါဝင်သည်။

အင်္သာ ရာသီ သက္ကတ လက်တင် ရာသီခွင်
မိဿ Meṣha
मेष
Aries အင်္ဂါဂြိုဟ်
30° ပြိဿ Vṛiṣabha
वृषभ
Taurus သောကြာဂြိုဟ်
60° မေထုန် Mithuna
मिथुन
Gemini ဗုဒ္ဓဟူးဂြိုဟ်
90° ကရကဋ် Karkaṭa
कर्कट
Cancer
120° သိဟ် Siṃha
सिंह
Leo နေ
150° ကန် Kanyā
कन्या
Virgo ဗုဒ္ဓဟူးဂြိုဟ်
180° တူ Tulā
तुला
Libra သောကြာဂြိုဟ်
210° ဗြိစ္ဆာ Vṛścika
वृश्चिक
Scorpio အင်္ဂါဂြိုဟ်
240° ဓနု Dhanuṣa
धनुष
Sagittarius ကြာသပတေးဂြိုဟ်
270° မကာရ Makara
मकर
Capricorn စနေဂြိုဟ်
300° ကုံ Kumbha
कुम्भ
Aquarius ယူရေးနပ်စ်ဂြိုဟ်
330° မိန် Mīna
मीन
Pisces ကြာသပတေးဂြိုဟ်

လအလိုက်ရာသီခွင်များ[ပြင်ဆင်ရန်]

မြန်မာလအမည် ပါဠိ မြန်မာ လက်တင် သင်္ကေတ ရုပ်ပုံ ပုံ
တန်ခူး မေသ မိဿ အေးရီးဇ် ဆိတ်ထီး၊သိုးထီး
ကဆုန် ဥသဘ ပြိဿ ထောရပ်စ် နွားသိုး
နယုန် မေထုန မေထုန် ဂျင်မနိုင် ကျားအစုံတွဲ၊ အမြွှာပူးလူ
ဝါဆို ကက္ကဋ ကရကဋ် ခန်ဆာ ပုစွန်လုံး၊ အနန်း
ဝါခေါင် သီဟ သိဟ် လီယို ခြင်္သေ့
တော်သလင်း ကညာ ကန် ဗာဂို အပျိုကညာ
သီတင်းကျွတ် တုလ တူ လီးဗရာ ချိန်ခွင်
တန်ဆောင်မုန်း ဝိစ္ဆိက ဗြိစ္ဆာ စကောပီယို ကင်မြီးကောက်
နတ်တော် ဓနု ဓနု စဂျီထဲရီးယပ်စ် လေးသမား၊ မြင်းခြေနှင့် လူ့ကိုယ်လေးစွဲသူ
ပြာသို မကာရ မကာရ ခတ်ပရီကောနပ်စ် သမင်မျက်နှာရှိသော မကန်း ငါး၊ ဆိတ်ချို
တပို့တွဲ ပုမ္ဘ ကုံ အကွားရီးယပ်စ် အိုးထမ်းယောက်ျား
တပေါင်း မီန မိန် ဖိုင်းဆီးဇ် ငါးနှစ်ကောင်

ရက်သတ္တပါတ်နေ့များ[ပြင်ဆင်ရန်]

Burmese Astrology
ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်တွင် ကြာသပတေးဂြိုဟ်ကို ကြွက်ကသော ယာဉ်ပေါ်တွင် တွေ့ရသည်။
Burmese Astrology
အရပ်မျက်နှာ မြန်မာ သက္ကတ အင်္ဂလိပ် ဂြိုဟ် သင်္ကေတ
(မြန်မာ)
သင်္ကေတ
(သီရိလင်္ကာ)
သင်္ကေတ (ထိုင်း)
အရှေ့မြောက် တနင်္ဂနွေ Aditya Sunday နေ ဂဠုန် မြင်း Traison
အရှေ့ တနင်္လာ Chandra Monday ကျား ဆင် မြင်း
အရှေ့တောင် အင်္ဂါ Angaraka Tuesday အင်္ဂါဂြိုဟ် ခြင်္သေ့ ဒေါင်း ကျွဲ
တောင် ဗုဒ္ဓဟူး Budha Wednesday a.m. ဗုဒ္ဓဟူးဂြိုဟ် ဆင် ကျွဲ ဆင်
အနောက်မြောက် ရာဟု Rahu Wednesday p.m. လဆန်း ဟိုင်းဆင် လား ဂဠုန်
အနောက် ကြာသပတေး Bṛhaspati Thursday ကြာသပတေးဂြိုဟ် ကြွက် ခြင်္သေ့ သမင်
မြောက် သောကြာ Shukra Friday သောကြာဂြိုဟ် ပူး နွားသိုး နွား
အနောက်တောင် စနေ Shani Saturday စနေဂြိုဟ် နဂါး ကျီး ကျား

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)