ဇမ္ဗူ့သပြေပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဇမ္ဗူ့သပြေပင်[ပြင်​ဆင်​ရန်​]

ဇမ္ဗူ့သပြေပင်သည် ဇမ္ဗူဒိပ်ကျွန်းဦးတွင် ပေါက်သောကမ္ဘာ ဦးသစ်ပင်ကြီးဖြစ်သည်။ တစ်ကမ္ဘာပတ်လုံး တည်နေနိုင်သည့် သစ်ပင်ကြီး ခုနစ်ပင်တွင် ပါဝင်သော သစ်ပင်ကြီးဖြစ်သည်ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာ၊ သာရတ္ထသင်္ဂဟအဋ္ဌကထာတို့တွင် လာ သည်။ ထိုကျမ်းဂန်လာစကားအရ ဇမ္ဗူ့သပြေပင်၏ အမြင့် အစောက်မှာ ယူဇနာ ၁ဝဝ၊ ပင်စည်လုံးပတ် ယူဇနာ ၃ဝ ရှိ သည်ဟူ၏။ ခက်မငါးဖြာရှိ၍၊ အကိုင်းအခက် ငယ်ပေါင်းမှာ ရှစ်သောင်းရှိသည်။ အလွန်ထူထပ်သောအရွက်၊ စိပ်သောအရွက် ရှိသည်ဖြစ်၍၊ မိုးပေါက် ဆီးနှင်းပေါက်တို့သည်အတွင်းမဖောက် နိုင်ချေ ဟူ၍လည်းဆိုသည်။

ဇမ္ဗူ့သပြေပင်၏အသီးတို့သည် လူတို့တီးသော မရိုးစည်မျှ လောက်ရှိကုန်၏။ ပတ္တမြားညိုအဆင်းရှိ၍ ပျားလပို့အရသာ ကဲ့သို့ လွန်စွာချိုမြိန် ကောင်းမြတ်သော အရသာရှိကုန်သည်။ ထိုအသီးတို့ကို ဆင်ပမာဏရှိသော ငှက်ကြီးတို့သည် ဆွတ်ယူ သုံးဆောင်ကုန်၏။ တန်ခိုးကြီးသော ရသေ့ရဟန်းတို့သည်၎င်း၊ ဇော်ဂျီတပသီတို့သည်၎င်း ဆွတ်ယူသုံးဆောင်ကုန်၏။

အရှေ့မျက်နှာ၊ အနောက်မျက်နှာ၊ တောင်မျက်နှာတို့သို့ ထွက်သော အကိုင်းအခက်တို့မှသီးသော အသီးတို့သည် ဇမ္ဗူဒိပ် ကျွန်းအပြင်သို့ကျကုန်၏။ မြေက်မျက်နှာသို့ထွက်သော အကိုင်း အခက်မှအသီးတို့သည်ကား သီတာသမုဒ္ဒရာသို့ ကျလေကုန် သည်။ သမုဒ္ဒရာသို့ကျသော အသီးတို့ကား ဇမ္ဗူရာဇ်ရွှေစင်အတိ ချည်း ဖြစ်ကြကုန်၏။

ရွှေမဖြစ်သေးသော အခါ အရသာမျိုးလွန်သည်ဖြစ်၍ ငါးတို့သည်၎င်း၊ နဂါးတို့ သည်၎င်း စားကြကုန်၏ဟူ၍ အာဒိကဏကမ္ဘာဦးကျမ်းနှင့် ဇမ္ဗူဒီပစာတမ်းတို့တွင် ဆိုထားလေသည်။

မဟာဝါပါဠိတော်တွင် မြတ်စွာဘုရားသခင်သည် ဥရုဝေဠ ကဿပတို့အား တရားဟောရွတ်ချွတ်တော်မူရန်အလို့ငှာ ဇမ္ဗူ့ သပြေပင်မှ သပြေသီးကိုယူဆောင်ခဲ့ပြီးသော် သုံးဆောင်စေသည် ၎င်း၊ သုတ္တန်ပါဠိတော်၌ ရာဇဂြိုဟ်ပြည်သား ရဟန်းနှစ်ပါးနှင့် ရှင်မောဂ္ဂလာန်ထေရ်တို့သည် ဇမ္ဗူ့သပြေပင်မှ သပြေသီးကို ယူဆောင်သုံး ဆောင်ကြောင်းကို၎င်း ဖော်ပြထား၏။

ဇမ္ဗူသပြေပင်မှအသီးတို့သည် ရေသို့ကြွေကျသောအခါ သာယာသော အသံကိုမြည်၏။ ထိုအသံကိုစွဲပြု၍ ပြုတ်ပြုတ် ဗြုန်းဟူသော ဗျောသံတူရိယာတီးလုံးသွားကို ဖန်တီးခဲ့ကြသည် ဟု အဆိုရှိသည်။ ဤကိုရည်၍ ရွှေဘုံနိဒါန်းတွင်၊ 'ဝေဠုအညို၊ စိမ်းလဲ့စိုသား၊ မြင့်မိုထုတ်သန်း၊ မြခါးပန်းမှ၊ မယွန်းပေါ်ထူး၊ မြောက်စူးစူးဝယ်၊ ကျွန်းဦးသပြေ၊ ည|ာမှကြွေသား၊ ကျပေ တုံလှာ၊ ရေမျက်နှာထက်၊ သံဝါကျူးလွန်၊ နစ်လေဟန်တူ၊ ပြုတ်ပြုတ်ဟူ၍၊ ပေါ်မူထူးလည်၊ ပြုန်းပြုန်းမြည်ရှင့်၊ နတ်စည် အစ၊ မပေး၍ရသား'ဟူ၍ စပ်ဆိုထားသည်ကို တွေ့ရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)