ဆွစ်ဂျွန်နသန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျိုနသန်ဆွစ်၏ ပုံတူပန်းချီကား

ဆွစ်ဂျွန်နသန်(ခရစ် ၁၆၆၇-၁၇၄၅)[ပြင်​ဆင်​ရန်​]

အင်္ဂလပ်စာရေးဆရာ ဆွစ်သည် သူရေးသော 'ဂါလစ်ဗာ ၏ ခရီးစဉ်'ဟူသော စာအုပ်ကြောင့်၊ များစွာကျော်စောလေ သည်။ အထူးသဖြင့် ဂါလစ်ဗာ၏ စွန့်စားခန်းတို့မှာကလေးတို့ အဖို့ အံ့ဖွယ်ရာထူးဆန်းသဖြင့်၊ ကလေးငယ်တို့သည် ယင်း စာအုပ်ကို ရှေးဟောင်းဒဏ္ဍာရီအလား ကြိုက်နှစ်သက်ကြသည်။ သို့သော် ယင်းစာအုပ်ကို ဆွစ်ရေးစဉ်က ကလေးတို့ ပျော်ရွှင် ကြစေရန် ရည်စူး၍ ရေးခြင်းမဟုတ်ဘဲ၊ သူ၏ခေတ်တွင် ဖြစ် ပွားနေသော နိုင်ငံရေးအခြင်းအရာတို့ကို ဆင်ခြင်သုံးသပ်၍၊ လူတို့ မဖွယ်မရာပြုကျင့်နေသော အပြုအမူများ၏ အပြစ်အနာ အဆာတို့ကို ဖော်ပြကာ၊ စောင်းချိတ်ရေးသားခြင်း သာဖြစ်လေ သည်။

ဆွစ်သည် အင်္ဂလိပ်လူမျိုး မိဖနှစ်ပါးမှ ဒဗ္ဗလင်မြို့တွင် ခရစ် ၁၆၆၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် မွေးဖွား သည်။ ပညာသင်ချိန်အရွယ်၌ ဒဗ္ဗလင်မြို့ ထရင်နီတီကောလိပ် ကျောင်းတွင် ပညာသင်ယူသည်။ အသက် ၂ဝ အရွယ်တွင် ဆာ ဝီလျံတင်ပယ် အမည်ရှိသော နိုင်ငံရေးသုခမိန်တစ်ဦး၏ လက်အောက်တွင် အတွင်းရေးမှူး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ဘူး သည်။ ဆာ ဝီလျံ ပိုင်ဆိုင်သော လယ်မြေကိုင်းကျွန်းတို့တွင် ဆယ်နှစ်ခန့်မျှ နေထိုင်ယင်း အားလပ်သောအချိန်တို့တွင် စာများကို ရေးသားခဲ့သည်။ ဤအချက်သည် နောင်သောအခါ ဆွစ်အား စာပေလောက၌ ထင်ရှားကျော်စောစေရန် အထောက် အပံ့ ဖြစ်စေလေသည်။ ဆာ ဝီလျံသည် ဆွစ်၏အကျိုးကို လိုလားသူဖြစ်သောကြောင့် အောက်စဖို့တက္ကသိုလ်တွင် ဆက် လက်ပညာရှာစေ သဖြင့်၊ ဆွစ်သည် ၁၆၉၂ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၆၉၅ ခုနှစ်တွင် ဆာဝီလျံ ကွယ်လွန်သောအခါ၊ ဆွစ် သည် အင်္ဂလန် သာသနာဂိုဏ်းဝင် သိက္ခာတင် ဘုန်းတော်ကြီး ဖြစ်သည်။ ထိုနောက် အိုင်ရာလန်ရှိ ဘုရားရှိခိုးကျောင်းတွင် သာသနာရေးကိစ္စကို ဆောင်ရွက်ရသည်။ ဤသို့ ဆောက်ရွက် နေခိုက်ဝယ်၊ ပိုက်ဆံကြေးငွေ အတန်ငယ်ချောင်လည်လာသည် နှင့် ဆွစ်သည် လန်ဒန်မြို့သို့ မကြာခဏ သွားရောက်ခဲ့သည်။ ခရစ် ၁၇ဝဝ ပြည့်နှစ်၌ကား လန်ဒန်မြို့သို့ ရွှေ့ပြောင်းနေထိုင် လေသည်။

လန်ဒန်မြို့၌ နေထိုင်စဉ်၊ ထိုခေတ်ကစာပေအရာ၌ နာမည် ကျော်များဖြစ်သော အက်ဒီဆန်နှင့် စတီးတို့နှင့် ရင်းနှီးသော မိတ်ဆွေသော မိတ်ဆွေဖြစ်ခဲ့သည်။

ဆွစ်ကိုယ်တိုင်မှာမူကား၊ အင်္ဂလန်နိုင်ငံ၏ နိုင်ငံရေးသမားများ ရပ်ကွက်တွင် နာမည်ထင်ပေါ်လာခဲ့သည်။ ဆွစ်သည် နိုင်ငံရေးတွင် တိုရီအဖွဲ့နှင့် ပူးပေါင်းကာ၊တိုရီအဖွဲ့၏ ဝါဒနှင့်လုပ်ငန်းစဉ် တို့ကို ထောက်ခံသောအား ဖြင့် စာတမ်းများစွာတို့ကို ရေးသားခဲ့ရာ၊ ဆန့်ကျင်ဖက်ဖြစ်သော ဝစ်အဖွဲ့သည် သူ့အားများစွာခန့်ညား ကြောက်ရွံ့ကြရသည်။

တိုရီအဖွဲ့ကလည်း သူ့အား လက်လွှတ်ရမည်ကို များ စွာစိုးရိမ်လေသည်။ ထိုကြောင့် နိုင်ငံရေးအဖွဲ့ကြီး နှစ်ရပ်စလုံး ကပင် သူ့ကို ဝိုင်းဝန်းမြေ|ာက်စားထားလေရာ၊ သူသည် များစွာ မာနတက်ခဲ့လေသည်။ နိုင်ငံရေး အဆက်အသွယ်များကို အကြောင်းပြု၍၊ ဆွစ်သည် ဒဗ္ဗလင်မြို့ စိန်ပက်ထရစ် ကသီ ဒရယ်ဘုရားရှိခိုးကျောင်းတွင် ဂိုဏ်းထောက်ဘုန်းကြီး ဖြစ်လာ လေသည်။

လန်ဒန်မြို့ နိုင်ငံရေးလောကထဲ၌ ကျင်လည်ကျက်စားခဲ့ရာ တွင် ဆွစ်သည် နိုင်ငံရေးဆောင်ရွက်သူတို့၏ အဂတိလေးပါး လိုက်စား၍၊ ပျက်စီးယိုယွင်းမှုများ၊ လောက၏ မတရားမှုနှင့် အဆင်မပြေမှုများကို မျက်ဝါး ထင်ထင်ကြုံတွေ့ခဲ့လေရာ၊ ထို ချွတ်ချော် လွဲမှားနေသောကိစ္စတို့ကို အမှန်သို့ရောက်အောင် ပြု ပြင်ပေးရန် စေတနာသည် ဆွစ်၏စာပေ အရေးအသားတို့၌ အရင်းခံ စေတနာဖြစ်လာလေသည်။ ဤကဲ့သို့ လောက၏ အဆင်မပြေမှုတို့ကို ကိုယ်တွေ့ကြုံရ၍၊ ဆွစ်၏စိတ်ဓာတ်သည် အမှောင်တွင်းသို့ ရောက်နေရသည့်ပုံပမာ ဖြစ်ခဲ့သော်လည်း၊ အက်စတာ ဂျွန်ဆန်ဟု အမည်ရင်းရှိသူ စတယ်လာခေါ် မိန်းမ တစ်ဦးနှင့် ခင်မင်ရင်းနှီးသည့်အဖြစ်သို့ ရောက်သောအခါ၌မူ၊ အမှောင်မှ အလင်းသို့ထွက်လာရသကဲ့သို့ရှိလေသည်။ စတယ် လာကို ဆွစ်သိရှိသည်ခဲ့သည်မှာ ဆာ ဝီလျံတင်ပယ်၏အိမ်၌ နေစဉ်ကပင်ဖြ်၏။ ထိုအချိန်၌ စတယ်လာသည် ရှစ်နှစ်သမီးမျှ သာရှိ၍၊ သူ့အားဆွစ်ကိုယ်တိုင်ကပင် စာသင်ပေးခဲ့ရသည်။ ကြီးပြင်းလာကြသောအခါ၊ ဆွစ်သည် စတယ်လာအပေါ်၌ များစွာစွဲလမ်းခဲ့သည်။ ဆွစ်သည် စတယ်လာထံသို့ မှာတမ်း စာများစွာ ရေးသားပေးပို့ခဲ့သည်။ ယင်းမှာတမ်းများကို ၁၉၄၈ ခုနှစ်ကမှသာ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆွစ်နှင့် စတယ်လာတို့ လက်ထပ်သည် လက်မထပ်သည်ကို သေချာစွာ မသိကြရလေ။ သို့သော် အများအားဖြင့် ၁၇၁၅ ခုနှစ်တွင် လက်ထပ်ကြသည် ဟု ယူဆကြသည်။

ဆွစ်၏ အိမ်ထောင်ရေးသည် လုံးဝချမ်းသာသုခရှိသော အိမ်ထောင်ရေးဟု ဆိုရန်ခက်သည်။ ဆွစ်သည် မိတ်ဆွေတစ်ဦး အနေနှင့် အလွန်ပေါင်းသင်း၍ ကောင်းသူဖြစ်လင့်ကစား၊ ချစ် သူတစ်ဦးအနေနှင့်မူ မိမိချစ်သူကို ပျော်ရွှင်စွာထားတတ်ဟန် မတူချေ။ စတယ်လာနှင့် အိမ်ထောင်မပြုမီ၊ အခြားမိန်းမတစ်ဦး နှင့်လည်း ရင်းနှီးခဲ့ဘူးသည်။ ထိုမိန်းမသည် ဆွစ်ကြောင့်ပင် စိတ်သောကရောက်ကာ ၁၇၂၃ ခုနှစ်တွင် ကွယ်လွန်ရသည်ဟု ဆိုသည်။ သို့သော် ဆွစ်၏ အိမ်ထောင်သည်ဘဝမှာ များသော အားဖြင့် တိမ်မြုပ်လျက်ရှိလေရာ၊ အမှန်ကို ခန့်မှန်းရန် ခဲယဉ်း လှသည်။

သို့ရာတွင် အဆင်မပြေသော လောကတွင် အဆင်မပြေ သော အိမ်ထောင်ရေးကိစ္စသည် ဆွစ်၏ စိတ္တဇ အခြေအနေကို မီးလောင်လေပင့်ပြုလုပ်လိုက်လေရာ၊ နောက်ဆုံး၌ ရူးသွပ်သွား ရရှာသည်။ ဆွစ်သည် ၁၇၄၅ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် ကွယ်လွန်ရာ၊ သူ၏ရုပ်ကလာပ်ကို ဒဗ္ဗလင်မြို့ စိန်ပက် ထရစ် ကသီ ဒရယ်ဘုရားရှိခိုးကျောင်း၌ စတယ်လာ၏ ဂူအနီး တွင်ပင် မြှုပ်နှံသင်္ဂြီုဟ်လိုက်ကြသည်။

ဆွစ်သည် အင်္ဂလိပ်စာပေလောက၌ လောကကြီး၏ အချိုး မကျ အဆင်မပြေပုံကို သရော်သော စာပေအရေးအသားတွင် ထိပ်တန်းဟု အသိအမှတ်ပြုခြင်းခံရသည်။ ဆွစ်၏ 'ထေ့'တတ် သောသဘောမှာ သေသည်အထိပါခဲ့သည်။ စိတ္တဇရောဂါ ဖိစီး နှိပ်စက်လေသောအခါ၊ ဆွစ်သည် သူပိုင်ပစ္စည်းဘဏ္ဍာအရပ်ရပ် ကို ဒဗ္ဗလင်မြို့၌ စိတ္တဇဆေးရုံ တည်ဆောက်ရန်အလို့ငှာ သေ တမ်းစာ ရေးပေးခဲ့သည်။ ဤအကြောင်းအရာကို ရည်စူး၍၊ အင်္ဂလိပ်လူမျိုးတို့အတွက် စိတ္တဇဆေးရုံ ခပ်များများလိုလျက်ရှိ ကြောင်းဖြင့် ဆွစ်သည် ကဗျာတစ်ပုဒ်တွင် ငေါ့၍ရေးခဲ့သေး သည်။ ဆွစ်သည် ကမ္ဘာလောကကြီးကို အလွန်စိတ်နာခဲ့သူဖြစ် ၏။ ထိုကြောင့် လူ့ဘောင်တွင် တွေ့ရတတ်သော စိတ်သဘော ထား သေးသိမ်ခြင်း၊ တရားမျှတမှု ကင်းမဲ့ခြင်း၊ သစ္စာစောင့် ထိန်းမှုမရှိခြင်း၊ ဟန်ဆောင်ခြင်း စသည်တို့ကို အလွန်တရာ မုန်းတီးရွံရှာသည်။ ဤအချက်တို့ကို ပြင်းပြင်းထန်ထန် ရေရွတ် ရှုတ်ချသောအားဖြင့် 'ဂါလစ်ဗာ၏ခရီးစဉ်'ဟူသော စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်၌ ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လောကကို အတိုင်းမသိ အနန္တဟုထင်မြင်နေကြ သည်ကို ပြောင်းပြန်ဆင်ခြင် သုံးသပ်ကြည့်သည်ရှိသော်၊ ဘာမျှ အနှစ်သာရမရှိချေဟူသော အကြောင်းကို၎င်း၊ လူတို့၏ သေး သိမ်မှုတို့ကို တိရစ္ဆာန်တို့၏ သဘောထားမြင့်မြတ်မှုတို့နှင့်ယှဉ် ကြည့်အပ်သည်ဟူသော အချက်ကို၎င်း၊ ဆွစ်သည် ဖော်ပြခဲ့လေ သည်။ တစ်နည်းအားဖြင့်လည်း လူဟူသည် သိမ်ဖျင်းကြစို့ဟု ဆိုလျှင် အောက်အဝီစိရောက်အောင် သိမ်ဖျင်းလျှောကျနိုင်စွမ်း ရှိ၍၊ မြင့်မြတ်ကြစို့ဟု ဆိုလျှင်လည်း အထက်ဘဝဂ်သို့ရောက် အောင် တက်လှမ်းနိုင်စွမ်းရှိပုံကို ဆွစ်သည် စာပေအနုပညာဖြင့် ပြဆိုခဲ့ပေသည်။

ဂါလစ်ဗာ၏ခရီးစဉ်[ပြင်​ဆင်​ရန်​]

လင်မျူယယ် ဂါလစ်ဗာသည် ပညာသင်ချိန်၌ ဆရာဝန် အဖြစ်ဖြင့် အသက်မွေးရန် ရည်ရွယ်၍၊ ဆေးအတတ်ကို သင်ယူ ခဲ့လေသည်။ သို့ရာတွင် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ စွန့် စားသွားရောက်လိုသော ဆန္ဒပြင်းပြသည်နှင့် 'အင်တီလုပ်'ခေါ် သင်္ဘောတစ်စင်းတွင် ဆရာဝန်အဖြစ်ဖြင့် လိုက်ပါလာခဲ့လေ သည်။ လမ်းခရီးတွင် သင်္ဘောပျက်သောအခါ ဂါလစ်ဗာသည် ကံကောင်းထောက်မသဖြင့်၊ ကျွန်းတစ်ကျွန်းသို့ အရောက်ကူးခပ် လာနိုင်ခဲ့လေသည်။ ထိုကျွန်းသို့ ရောက်သောအခါ၊ ဂါလစ်ဗာ သည် မောပန်း၍ အိပ်ပျော်သွားလေ၏။

လူပုတိုင်းပြည်[ပြင်​ဆင်​ရန်​]

ဂါလစ်ဗာသည်အိပ်ရာမှနိုးသောအခါ၊ ခေါင်းထူ၍ထကြည့် ၏။ သို့သော်မရချေ။ တစ်ဖန် ကိုယ်လက်တို့ ကိုလှုပ်ရှားကြည့် ၏။ ယခင်နည်းအတိုင်းပင် လှုပ်ရှား၍မရချေ။ အကြောင်းမှာ မူကား၊ ဂါလစ်ဗာ၏ ဆံပင်တို့သည် ဦးခေါင်းပတ်လည်ရှိ ငုတ် တိုင်တို့တွင် ချည်နှောင်ပြီးဖြစ်၍၊ သူ၏ တစ်ကိုယ်လုံးမှာလည်း သေးငယ်သော ကြိုးမျှင်တို့ဖြင့် ငုတ်တိုင်တွင် ချည်နှောင်ထား ပြီးဖြစ်သောကြောင့်တည်း။ ဂါလစ်ဗာသည် ဤသို့ ဖမ်းဆီးချည် နှောင်ထားခြင်းခံရသည့် အကြောင်းအရင်းကို တွေးတောဆင်ခြင် ဆဲတွင် သူ၏ကိုယ်ခန္ဓာပေါ်သို့ ခြောက်လက်မမျှသာ အရပ်ရှည် သော လူပုကလေးများသည် လေးမြားစွဲကိုင်လျက် တရွရွနှင့် တက်လာသည်ကို သတိပြုမိလေ၏။ ထိုအခါ ဂါလစ်ဗာသည် ကျယ်လောင်စွာ ဟစ်အော်လိုက်လေသည်။ လူပုကလေးတို့သည် လည်း ကြောက်လန့်၍ သူ၏ ကိုယ်ခန္ဓာပေါ်မှ ခုန်ချ၍ ပြေးကြ လေသည်။ သို့သော် နောက်ဆံး၌ ဂါလစ်ဗာကို လူပုကလေး များသည် ဖမ်းဆီးခေါ်ဆောင်သွားလေ၏။

ထိုလူပုကလေးတို့သည်ကား လီလီပွတ်ခေါ် လူပုတိုင်းပြည် သားများ ဖြစ်ကြသတည်း။ လူပုကလေးတို့သည် ဂါလစ်ဗာအား သူတို့၏ တိုင်းပြည်သို့ ခေါ်ဆောင်သွားသောအခါ၊ ဂါလစ်ဗာက ရန်တုံ့ပြန်ခြင်းမပြုနိုင်အောင်၊ ဂါလစ်ဗာ၏မျက်နှာနှင့် လက်တို့ ကို မြားဖြင့် အစဉ်မပြတ်ပစ်ခတ်ကြ၏။ ဂါလစ်ဗာကား သူတို့ ကိုရန်မမူလိုဘဲ၊ အစာရေစာကိုသာ စားလိုကြောင်းဖြင့် ခြေဟန် လက်ဟန်ပြသည့်အခါမှ၊ အစားအစာတို့ကို ကျွေးမွေးလေသည်။ ဂါလစ်ဗာအတွက် အစားအစာတို့မှာ လီလီပွတ်လူမျိုးတို့အဖို့ဆို လျှင် တောင်ပုံရာပုံမျှဖြစ်သည်။ လီလီပွတ်တို့စားနေကျ ပေါင်မုံ့ တစ်လုံးသည် ဂါလစ်ဗာအဖို့ ယမ်းတောင့်ကလေးတတောင့်၏ ပမာဏမျှသာရှိသည်။ လီလီပွတ်တို့၏ သိုးပေါင်တစ်ပေါင်သည် မိုးစွေငှက်၏ တောင်ပံသာသာမျှသာရှိသည်။

လီလီပွတ်တို့သည် ဂါလစ်ဗာအား အစာရေစာကျွေးမွေးရာ တွင် အိပ်ဆေးခတ်၍ ကျွေးသဖြင့်၊ ဂါလစ်ဗာသည် အိပ်ပျော် သွားလေသည်။ ဤသို့ အိပ်ပျော်သောအခါကျမှ၊ လီလီပွတ်တို့ သည် သူတို့၏ ဧကရာဇ်ဘုရင်၏ အမိန့်အရ၊ ဂါလစ်ဗာကို မြင်း ၁၅ဝဝ ဆွဲရသော လှည်းပေါင်း ၉ဝဝ ပေါ်တွင်တင်၍၊ လီလီပွတ်မြို့တော် သို့ ချီတက်ကြလေသည်။ အစောင့်အရှောက် ပေါင်း ၅ဝဝ တို့မှာ မြို့တော်သို့ ညတွင်းချင်းခရီးပေါက်အောင် မသွားနိုင်သည်နှင့် လမ်းတွင်တစ်ညအိပ်ခဲ့ကြရသည်။

လီလီပွတ်မြို့တော်ဝယ်[ပြင်​ဆင်​ရန်​]

လီလီပွတ်မြို့တော်သို့ ရောက်သောအခါ၊ ဂါလစ်ဗာကို ကြီးမားသော တန်ဆောင်းကြီးတစ်ခုတွင် နေထိုင်စေသည်။ ထိုတန်ဆောင်းထဲတွင် ဂါလစ်ဗာအား မိန်းမတို့၏ ဆွဲကြိုး ခန့်ရှိသော သံကြိုးများဖြင့် ခြေကျဉ်းခတ်၍ ချည်နှောင်ထား လေသည်။ ဂါလစ်ဗာအိပ်ရန်အတွက် အိပ်ရာကိုမူ လီလီပွတ် လူမျိုးတို့၏ အိပ်ရာပေါင်း ၆ဝဝ ကိုဆက်စပ်ပေးရသည်။ အစားအစာမှာမူကား၊ နေ့စဉ်အားဖြင့် နွားခြောက်ကောင်နှင့် သိုးကောင်ရေလေးဆယ် ဖြစ်သည်။ ပေါင်မုံ့ကား များလှစွာ၏။ လီလီပွတ်တိုင်းသူ ပြည်သားတို့သည် တောင်ကြီးတမျှကြီး မားလှသော ဂါလစ်ဗာ၏သတင်းကိုကြားလတ်သောအခါ အထူး အဆန်းအဖြစ်ဖြင့် လာရောက်ကြည့်ရှုကြသည်။ သို့သော် အချို့ လက်ဆော့တတ်သော လူပုကလေးများမှာ ကြည့်ရုံသာမကြည့် ဘဲ၊ ဂါလစ်ဗာကို မြားနှင့်ပစ်၍ အနှောင့်အယှက်ပေးကြလေရာ၊ လီလီပွတ် ဧကရာဇ်ဘုရင်မင်းမြတ်က ယင်းသို့အနှောင့်အယှက် မပြုကြလေရန် ကျပ်တည်းစွာ အမိန့်ထုတ်ရသောဟူ၏။ သို့နှင့် လည်း ဂါလစ်ဗာကို လာ၍ကြည့်ကြသဖြင့်၊ တိုင်းသူပြည်သား တို့ အလုပ်ပျက်ဖန်များလတ်သော်၊ ဧကရာဇ်ဘုရင်မင်းမြတ်သည် တိုင်းသူပြည်သားအပေါင်းတို့ အလုပ်ပျက်အကိုင်ပျက် မဖြစ်ရ စေရန် ထပ်မံပညတ်ရလေသည်။

ဂါလစ်ဗာကား သူ့ကိုအနှောင့်အရှက်ပြုသူများကိုပင်လျှင် ရန်တုံ့မူခြင်းမပြုဘဲ၊ မိတ်ဆွေကဲ့သို့ ဆက်ဆံပေါင်းသင်းနေထိုင် နိုင်ခဲ့သဖြင့် လီလီပွတ် ဘုရင်မင်းမြတ်နှင့်ပင် ချစ်ကျွမ်းတဝင် ဖြစ်ခဲ့လေသည်။ ထိုကြောင့် လီလီပွတ်နိုင်ငံတွင်းသို့ လှည့်လည် သွားလာခွင့်ကိုပင် ရလာခဲ့သည်။ သို့သော် ဂါလစ်ဗာသည် နိုင်ငံအတွင်း၌ လှည့်လည်သွားလာသည့်အခါ၊ လူပုကလေးများ နှင့်သူတို့၏ မြင်းများကို၎င်း၊ မြက်ခင်းနှင့် လယ်ကွက်များကို ၎င်း မနင်းမိစေရန်နှင့် လမ်းလျှောက်သည့်အခါ လီလီပွတ်လူပု ကလေးများ ကြိုတင်သိထားနှင့်ရန် အချက်ပေးပါမည်ဟု ကတိ ပြုရလေသည်။

လီလီပွတ်တို့၏ နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဂါလစ်ဗာသည် လီလီပွတ်တို့၏ ဘာသာစကားတို့ကို တစ်ဖြည်းဖြည်းနှင့် သင်ကြားတတ်မြောက်လာပြီးလျှင် ဘုရင် ဧကရာဇ်မင်း၏အလိုကိုလည်း ကောင်းစွာသိလာလေသည်။ လီလီပွတ်တို့၏ အတိုင်းအရှည် ပမာဏအတိုင်း၊ အရာခပ်သိမ်း တို့သည် အချိုးကျတည်ရှိဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရလေ သည်။ ပမာအားဖြင့် ယင်ကောင်ငယ်မျှလောက်သော ကြက်ကို ဖျက်၍၊ ချက်ပြုတ်ရန် ခုတ်ထစ်နေသော ထမင်းချက်၏ စူးရှ သော မျက်စိသည်၎င်း၊ အင်္ကျီဖာထေးရန်အလို့နှာ သေးငယ်လှ သော အပ်ပေါက်ထဲသို့ နဖားကြိုးထိုးနေသော အိမ်ရှင်မသည် ၎င်း ဂါလစ်ဗာအဖို့ များစွာအံ့ဘနန်းဖြစ်ရလေသည်။ ထိုထက် ထူးဆန်းသည့် ကိစ္စတစ်ရပ်ကား၊ လီလီပွတ်နိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည်။ ရှေးအစဉ်အဆက်မှ အစပြု၍ လီလီ ပွတ်တို့သည် ကြက်ဥကို မူဖက်(အဝိုင်းဖက်)မှသာ ခွဲ၍စားကြ သည်။ သို့ရာတွင် အခါတစ်ပါး၌ မင်းသားတစ်ပါးသည် ကြက်ဥကိုမူဖက်မှ ခွဲ၍စားရာတွင် လက်ကိုဓားရှသွားခဲ့သည်။ ထိုသည်မှစ၍၊ ဘုရင်မင်းမြတ်က နောက်နောင်တွင် ကြက်ဥကို ရေလယ်ဖက် (ထိပ်ချွန်ဖက်)မှသာ ခွဲစားရမည်ဟု အမိန့်တော် ထုတ်ပြန်လိုက်လေ၏။ ဤဘုရင့်အမိန့်ကို လိုက်နာကြသူများ ရှိသော်ငြားလည်း၊ ရှေးထုံးစံကို မပယ်ရာဟူသော ဆိုရိုးစကား အရ ရှေးအစဉ်အလာကို မပစ်ပယ်လိုသူတို့က ဘုရင့်အမိန့်ကို ဖီဆန်ကြလေသည်။ ထိုမှအစပြု၍ အတိုက်အခံ ဂိုဏ်းဟူ၍ ပေါ်လာလေသည်။ နောင်သောအခါ ဘုရင့်အလိုတော်ကျဂိုဏ်း နှင့် အာဏာဖီဆန်ရေး ဂိုဏ်းတို့သည် ပြင်းထန်စွာ တိုက်ပွဲဆင် ကြလေ၏။ ထိုတိုက်ပွဲမှာ မင်းအဆက်ဆက်၌ ဖြစ်ပွားခဲ့သဖြင့်၊ ထောင်သောင်းများစွာသော တိုင်းသူပြည်သားတို့ သေကြေပျက် စီးခဲ့ရသည်။ နောက်ဆုံး၌ အာဏာဖီဆန်ရေး ဂိုဏ်းသည် တိုက် ပွဲ၌ရှုံးသဖြင့်၊ လီလီပွတ်ကျွန်း အရှေ့မြောက် ကိုက်ရှစ်ရာခန့် တွင်ရှိသော ဗလီဖတ်စကူးကျွန်းသို့ ထွက်ပြေးတိမ်းရှောင်၍၊ ဗလီဖတ်စကူ ဧကရာဇ်ဘုရင်မင်းမြတ်၏ ဘုန်းတော်ရိပ်ကို ခိုလှုံကြလေသည်။ ဤသည်မှစ၍၊ စန္ဒြမာသအလိုအားဖြင့် သုံးဆယ့်ခြောက်လတိုင်တိုင်၊ လီလီပွတ်နိုင်ငံတော်နှင့် ဗလီဖတ် စကူ နိုင်ငံတော်တို့သည် ပြည်ထောင်ချင်းချင်း စစ်ခင်းကြလေ သတည်း။

ထိုပြင် ဂါလစ်ဗာသည် လီလီပွတ်မြို့တော်၌ နေထိုင်စဉ်၊ ဂိုဏ်းကြီး နှစ်ဂိုဏ်းတို့ အပြိုင်အဆိုင် ဖြစ်နေသည်ကို တွေ့ခဲ့ရ သည်။ ထိုနှစ်ဂိုဏ်းမှာ 'ခုံမြင့်'ဂိုဏ်းနှင့် 'ခုံနိမ့်'ဂိုဏ်းတို့ဖြစ် သည်။ ခုံမြင့်ခုံနိမ့်ဟု သတ်မှတ်ခြင်းမှာ၊ လီလီပွတ်လူပုတို့ စီး နင်းသော ဖိနပ်၏ ခုံအမြင့် ခုံအနိမ့်ကိုစွဲ၍ သတ်မှတ်ခြင်းဖြစ် သည်။ ဂါလစ်ဗာရှိနေစဉ်က 'ခုံနိမ့်'တို့သည် အာဏာရလျက်ရှိ သည်။ သို့သော် အိမ်ရှေ့မင်းကား ခုံမင့်ဖက်သို့ စိတ်ညွတ်လျက် ရှိသည်။ ထိုကြောင့် အိမ်ရှေ့မင်းသည် ခုံတစ်ဘက်နိမ့်တစ်ဘက် မြင့်ဖိနပ်ကို စီး၍လမ်းလျှောက်သည့်အခါ ယိုင်တိယိုင်ထိုးရှိချေ သည်။

လီလီပွတ်နိုင်ငံတွင် ဂါလစ်ဗာ နေထိုင်သည်မှာ လီလီ ပွတ်တို့အတွက် ဒုက္ခများလှသည်။ ဂါလစ်ဗာကို ကျွေးမွေးပြုစု ရသည့်တာဝန်မှာ မသေးလှပေ။ ဂါလစ်ဗာတစ်ယောက်စာသည် လူပုကလေး ၁၇၂၄ ယောက်စာနှင့် ညီမျှလေရာ၊ လီလီပွတ် နိုင်ငံအတွက် ဒု¸ိက္ခန္တရကပ် ဆိုက်ရောက်အံ့နီးနီးဖြစ်ခဲ့သည်။ ထိုကြောင့် ဂါလစ်ဗာသည် လီလီပွတ်နိုင်ငံမှ လှေဖြင့် ထွက်ခွာ သွားရန် ရည်သန်မိ၏။ သို့သော် ဂါလစ်ဗာကို တင်ဆောင်နိုင် လောက်သော လှေ ဖောင်စသည်တို့ တည်ဆောက်ရန်အလို့ငှာ လီလီပွတ်နိုင်ငံရှိ သစ်ပင်ဝါးပင်တို့မှာ များစွာသေးလွန်းလှချေ သည်။ ထိုကြောင့် ဂါလစ်ဗာသည် ထိုနိုင်ငံ၌ပင် နေထိုင်၍၊ မိမိကိုယ်ကိုမိမိ ထိုနိုင်ငံအတွက် အသုံးကျအောင် ကြံဆောင် ကြိုးစားရလေသည်။

လီလီပွတ်ရေတပ်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

တစ်နေ့သောအခါ လီလီပွတ်နိုင်ငံကို ရန်သူဖြစ်သော ဗလီဖတ်စကူနိုင်ငံက ကြီးမားသောရေတပ်ဖြင့် ကျူးကျော်တိုက် ခိုက်လေသည်။ ထိုရေတပ်ကြီး ချီတက်သည်ကို ဂါလစ်ဗာသည် နေရာကောင်းတစ်ခုမှ မှန်ပြောင်း နှင့်ကြည့်၍၊ လီလီပွတ်နိုင်ငံ ဘက်မှ စစ်ကူရန် အစီအစဉ်ပြုလေသည်။ ဂါလစ်ဗာသည် ချိတ်များ ကြိုးများကို ကိုင်ဆောင်၍ ဗလီဖတ်စကူ ရေတပ် ချီတက်ရာ ပင်လယ်ရေပြင်သို့ ဆင်းသွားသည်။ ထိုအခါ ဗလီဖတ်စကူ ရေတပ်မတော် လူပုကလေး သုံးသောင်းကျော်တို့ သည် သူတို့စီးလာသော လှေသင်္ဘောတို့မှ ကြောက်လန့်တကြား ခုန်ချပြီးလျှင်၊ ကမ်းသို့တက်၍၊ ဂါလစ်ဗာအား မြားနှင့်ပစ်ခတ် လေ၏။ ဂါလစ်ဗာကား မျက်စိကို မြားမမှန်နိုင်စေရန် မျက်မှန် တပ်ထားသဖြင့်၊ ဘာမျှအန္တရာယ်မှမဖြစ်ချေ။ ရန်သူ၏ ရေ တပ်မတော်မှ သင်္ဘောတို့ကိုသာ တစ်စင်းမကျန် ချိတ်ဖြင့် ချိတ်ဆွဲ၍၊ လီလီပွတ်နိုင်ငံတော် ဘုရင်ဧကရာဇ်မင်းမြတ်ထံ ယူဆောင်လာခဲ့လေသည်။ ဘုရင်မင်းမြတ်လည်း နှစ်ထောင်း အားရရှိသဖြင့်၊ ဂါလစ်ဗာအား မြို့စားကြီးဘွဲ့ထူးကို ပေးသနား တော်မူလေသည်။ သို့ရာတွင် ဤအချက်သည်ပင်လျှင်၊ ဂါလစ် ဗာအား ရန်ပွားစေသောအချက် ဖြစ်လေသည်။ ယခုအခါ ဂါလစ်ဗာ၏ ပတ်ဝန်းကျင်၌ မလိုသူတို့ ဝိုင်းလျက်ရှိပြီဖြစ် သည်။ ဤအထဲတွင် ဂါလစ်ဗာသည် လီလီပွတ်ဘုရင်မင်းမြတ် အတွက် ဗလီဖတ်စကူနိုင်ငံကို လက်အောက်ခံနိုင်ငံဖြစ်အောင် သိမ်းပိုက်ပေးရန် ငြင်းဆန်သဖြင့်၊ ဘုရင်မင်းမြတ်လည်း ဂါလစ် ဗာအား ရာဇမာန်ရှတော်မူလေ၏။

အောင်ပွဲမှရသော ဆုလပ်[ပြင်​ဆင်​ရန်​]

တစ်နေ့သောအခါ ဂါလစ်ဗားအပေါ်၌ မေတ္တာထားသော မိတ်ဆွေတစ်ဦးက လီလီပွတ်ဘုရင်မင်းမြတ်သည် ဂါလစ်ဗာ အား မျက်စိထိုးဖောက်၍၊ အစာရေစာ ပြတ်အောင်ထားမည်ဟူ သော သတင်းစကားကို ပို့လာသဖြင့် ဂါလစ်ဗာသည် ဗလီဖတ် စကူနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရလေသည်။ ထိုနိုင်ငံ၌ ဗလီဖတ် စကူလူမျိုးတို့၏ ပြုစုခြင်းကိုခံနေခိုက်၊ သင်္ဘောပျက်တစ်ခုမှ မျှောလာသော လှေငယ်တစ်စင်းကို တွေ့ရှိသဖြင့် ထိုလှေငယ် ဖြင့် ခရီးလွှင့်ခဲ့ရာ ကံအားလျော်စွာ အင်္ဂလန်သို့ ပြန်ရောက်လေ သတည်း။

ဘီလူးတိုင်းပြည်[ပြင်​ဆင်​ရန်​]

သို့သော် ဂါလစ်ဗာသည် အင်္ဂလန်၌ ကြာရှည်စွာမနေဘဲ၊ ဒုတိယအကြိမ် ပင်လယ်ခရီးထွက်ခဲ့ပြန်၏။ ဤအကြိမ်ပင်လယ် ခရီးထွက်ခဲ့ပြန်၏။ ဤအကြိမ်၌ ယခင်ကထက် ထူးဆန်းသော ကျွန်းတစ်ကျွန်းသို့ ရောက်ရှိခဲ့လေသည်။ ထိုကျွန်းသူကျွန်းသား တို့မှာ ခန္ဓာကိုယ် အဆမတန်ကြီးမားသော ဘီလူးများဖြစ်ကြ သည်။ ထိုကျွန်းသားတို့၏လက်သို့ ရောက်သောအခါ ကျွန်း သားတို့သည် ဂါလစ်ဗာကို လက်ညိ|ုးနှင့် လက်မကြား၌ ည|ပ် ၍၊ မြေပြင်မှ ကောက်ယူပြီးလျှင် သူတို့၏မျက်လုံးနား၌ကပ်ပြီး ကြည့်ရာ၊ ဂါလစ်ဗာသည် ပေခြောက်ဆယ်မျှ မြောက်၍ ပါသွား လေသည်။ ထိုကျွန်းသူ ကျွန်းသားတို့ မွေးမြူသော ကြောင်တို့ သည်ပင်လျှင် သာမန်လူတို့မွေးမြူသောနွားထက် သုံးဆမျှကြီး သောဟူ၏။ အချို့ခွေးတို့မှာ သာမန် ဆင်လေးကောင်လောက် ကြီးမား၏။ ထိုကျွန်း၌ ရှိနေစဉ်၊ ဂါလစ်ဗာသည် သူ့အဖို့ကြီး မားသော ပြဿနာအရပ်ရပ်တို့မှာ ထိုကျွန်းသားများအဖို့ အသေးအဖွဲမျှသာ ဖြစ်နေသည်ကို တွေ့ရလေ၏။

ထိုမှတစ်ဆင့် ဂါလစ်ဗာသည် နေလနက္ခတ်တာရာ စသည် တို့ကို စူးစမ်းလေ့လာသမှု ပြုနေကြသော ပညာရှိသုခမိန်တို့၏ တိုင်းပြည်ဖြစ်သော လာပျူတာနိုင်ငံသို့ ရောက်သွားလေသည်။ ထိုနိုင်ငံ၌ မှီတင်းနေထိုင်ကြ သော သုခမိန်တို့မှာ ဦးခေါင်း တစ်ဘက်စောင်းလျက် ရှိသည်ကို၎င်း၊ မျက်စိတစ်ဘက်မှာ နဖူး ဖက်သို့လန်၍၊ အခြားတစ်ဘက်မှာ နှာခေါင်းဖက်သို့ စွေနေ သည်ကို၎င်း ဂါလစ်ဗာတွေ့ရသည်။ ထိုသုခမိန်တို့မှာ လောက ဓာတ်ပညာနှင့် နေလနက္ခတ်တာရာကို လေ့လာသူများဖြစ်ကြ၍၊ သူတို့၏ အဝတ်အစားမှာ နေလနက္ခတ်တာရာတို့၏ ပုံသဏ္ဌာန် ဖြင့် ခြယ်၍ထားလေသည်။ လောကီအလုပ်တို့ကိုဖယ်၍၊ ထိုထို သော လောကဓာတ်ပညာရပ်များကိုသာ တစ်စူးတစ်စိုက် လိုက် စားနေကြသဖြင့်၊ သုခမိန်တို့သည် တစုံတစ်ခုကို အစဉ်အမြဲ တွေးတော၍ ငိုင်နေတတ်သည်။ သတိမေ့လျော့တတ်သည်။ ထိုကြောင့် ဥစ္စာကြေးငွေတတ်နိုင်သော သုခမိန်တို့သည် သူတို့ တွေဝေငေးမောနေသည့် အဖြစ်မှ ပြန်၍သတိရလာလေအောင် ကြိုးဖြင့်ဆိုင်းထားသော ကြက်ပေါင်ဘောလုံး ငယ်များဖြင့် သုခမိန်တို့၏မျက်နှာကို ရိုက်ပေးကြရသော အခိုင်းအစေများကို ငှါးရမ်းထားရသည်။

နောက်ဆုံးအကြိမ် ခရီးထွက်သောအခါ၊ မြင်းတို့နေထိုင် သောနိုင်ငံသို့ ဂါလစ်ဗာရောက်လာခဲ့လေသည်။ ထိုနိုင်ငံတွင် လူတို့မှာ ယုတ်ညံ့သောအမျိုးဖြစ်သဖြင့် ယင်းတို့ကို ယာဟူးဟု ခေါ်ကြ၏။ ထိုယာဟူးတို့ကား လိမ်လည်ကောက်ကျစ်၏။ မနောဆိုး၏။ သစ္စာဖောက်တတ်၏။ ရန်တုံ့ပြန်တတ်၏။ မြင်း နိုင်ငံသို့ရောက်သောအခါ၊ ဂါလစ်ဗာသည်ပင်လျှင် ယာဟူးကဲ့သို့ သော လူမျိုးဖြစ်သည်ဟု အထင်ရောက်ဖွယ်ရာဖြစ်လာ၏။ သို့ရာတွင် ဂါလစ်ဗာမှာ ယာဟူးတို့ထက် အဝတ်အစားတောက် ပြောင်သောကြောင့်၊ ယာဟူးများနည်းတူ အစေအပါးအလုပ်ကို လုပ်ကိုင်ရစေကာမူ၊ ကောင်းစွာပြုစုခြင်းခံရသည်။ ဂါလစ်ဗာ၏ အရှင်သခင်မှာ စိတ်ထားမြင့်မြတ်သော မြင်းပုဂ္ဂိုလ်တစ်ဦးဖြစ် ၏။ ထိုပုဂ္ဂိုလ်ကြီးက ယာဟူးတို့၏ဓလေ့ကို ပြောပြသောအခါ၊ ဂါလစ်ဗာ၏စိတ်ထဲ၌ ယာဟူးတို့၏ ဓလေ့သည် အင်္ဂလန်နိုင်ငံ သူ နိုင်ငံသားတို့၏ ဓလေ့ထက်သာသည်ဟု ယုံမှတ်မိလေ သည်။

မြင်းနိုင်ငံရှိမြင်းတို့သည် တရားမျှတမှု၊ ယဉ်ကျေးမှုစသည် တို့၌ လူထက်သာချေသည်။ ဂါလစ်ဗာသည် မြင်းတို့၏ဘာသာ စကားကို တတ်ကျွမ်းလာသောအခါ၊ ယင်းတို့ကို အင်္ဂလန်နိုင်ငံ ၏အကြောင်း ပြောပြလေသည်။ ထိုအခါမြင်းတို့သည် အင်္ဂလန် နိုင်ငံကဲ့သို့သော လူတို့၏ တိုင်းပြည်၌စစ်မက်အင်္ဂါဖြစ်ပွားသည် ဟူသောအချက်ကို များစွာအံ့အားသင့်ကြကုန်၏။ ကျိုးကြောင်း ဆင်ခြင်တုံတရား ကင်းမဲ့သူတို့သာလျှင် စစ်မက်အင်္ဂါတို့၌ မွေ့ လျော်ပေလိမ့်မည်ဟု ယူဆကြကုန်၏။ ထိုပြင် မြင်းလောက၌ မုသားဟူ၍မရှိချေ။ စကားဟူသည်မှာ အမှန်တရားကိုပြောဆို ဖို့ရာ တီထွင်ထားရှိခဲ့ခြင်းဖြစ်ရကား မမှန်သည်ကို ဆိုမိသည်နှင့် တစ်ပြိုင်နက် မူလရည်ရွယ်ချက်သည် ပျက်ပြီဟု မြင်းတို့က ယူဆကြသည်။ ထိုပြင် မြင်းနိုင်ငံ၌ ငွေကြေးဟူ၍ မရှိချေ။ တစ်စုံတစ်ယောက်သောသူသည် ပစ္စည်းတစ်စုံတစ်ရာကို အလို ဆန္ဒ မပြည့်ဝရှိအံ့၊ ထိုအလိုဆန္ဒ မပြည့်ဝသူအား အိမ်နီးချင်းတို့ သည် လိုအပ်သောပစ္စည်းတို့ဖြင့် ထောက်ပံ့လေ့ရှိကြကုန်သည်။ ဤကဲ့သို့ အထွေထွေ အထူးထူးသောဒေသတို့၌ ဂါလစ်ဗာသည် လှည့်လည်နေထိုင်ခဲ့ပြီးနောက်၊ အင်္ဂလန်နိုင်ငံသို့ ပြန်ခွင့်ရသည် နှင့် ပြန်လာခဲ့လေသတည်း။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)