ဆေးပညာ
From Wikipedia
ဆေးပညာဆိုသည်မှာ ကုသခြင်းနှင့် ဆိုင်သော သိပ္ပံပညာသာ မက အနုပညာတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်။ ဆေးပညာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိန်သိမ်းရန် သို့ ပြန်လည်တည်ဆောက်ရန် အတွက် အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုင်သော လုပ်ငန်းစဥ်များပါဝင်နေသည်။ ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ (health science) ၊ ဇီဝဆေးပညာ သုတေသတန နှင့် ကျန်းမာရေး နည်းပညာတို့ကို အသုံးပြု၍ ပုံမှန်အားဖြင့် ဆေးပေးခြင်း၊ခွဲစိတ်ခြင်းနှင့် အခြားကုသနည်းလမ်းများဖြင့် ထိခိုက်မှုနှင့် ရောဂါတို့ကို ဆန်းစစ်ရန်နှင့် ကုသရန် အသုံးပြုသည်။ ဆေးပညာ၏ အင်္ဂလိပ်ဝေါဟာရ medicine သည် လက်တင်ဘာသာစကား ars medicina မှ ဆင်းသက်လာပြီး ကုသခြင်း အနုပညာဟု အဓိပ္ပါယ်ရသည်။ ဆေးဖက်ဆိုင်ရာ နည်းပညာနှင့် လက်တွေ့ကုသရေးတွင် ကျွမ်းကျင်မှု (clinical expertise) တို့မှာ ခေတ်သစ်ဆေးပညာ၏ ကျောရိုးများဖြစ်သော်လည်း တကယ်တမ်း အောင်မြင်စွာကုသနိုင်ရေးအတွက်မူ လူနာနှင့် မျက်နှာခြင်းဆိုင်၍ သာမန်လူသားတို့၏ ခံစားမှုနှင့် အရေးတယူဂရုစိုက်မှု အစရှိသောအရာများကို ပြသရန်လိုပြီး အင်္ဂလိပ်တွင် "bedside manner" ဟုခေါ်ကြသည်။
[ပြင်ဆင်ရန်] သမိုင်းကြောင်း
သမိုင်းမတိုင်မီက ဆေးပညာတွင် သစ်ပင်များထွက်ပစ္စည်းအသုံးြပုကုထုံးများ၊ တိရိစ္ဆာန်တို့၏ အစိတ်အပိုင်းများ နှင့် တွင်းထွက်ပစ္စည်များအသုံးြပုကုထုံးများ ပါဝင်ခဲ့သည်။ များသောအားဖြင့် ထိုအရာများကို ရိုးရာဓလေ့ထုံးစံအတိုင်း ဘုန်းကြီးများ၊ ရှားမင်းများ၊ ဆေးသမားများက မျက်လှည့်ဆန်သော အရာဝတ္ထုများအဖြစ်အသုံးပြုခဲ့ကြသည်။ လူသိများထင်ရှားသော စိတ်ပိုင်းဆိုင်ရာကုထုံးများမှာ သက်မဲ့အရာဝတ္ထုများတွင် ဝိဉာဥ်ကိန်းအောင်းနေသည် ဟူသော အယူအဆ၊ ကွယ်လွန်ြပီးဘိုးဘွားတို့၏ဝိဉာဥ်ဖြင့် နတ်ဘုရားများ ဘာသာတရားများကို တိုင်တည်ကုသခြင်း၊ တစ်ဦးချင်းစီအား လျို့ဝှက်သောစွမ်းအားများကို အသုံးပြုကုသခြင်းနှင့် ထူးဆန်းသောနည်းဖြင့် အမှန်တရားကိုရယူခြင်း စသည်တို့ဖြစ်ကြသည်။ ဆေးပညာနှင့်ဆက်စပ်သော မနုဿဗေဒပညာ သည် သမိုင်းမတိုင်မီက ရှိခဲ့သော အမျိုးမျိုးသော ဆေးကုသမှုစနစ်များနှင့် လူ့အသိုင်းအဝိုင်း ဆက်နွယ်နေမှု ကိုလေ့လာသော ပညာဖြစ်သည်။
ဆေးပညာနှင့်ဆိုင်သော ရှေးဦးပိုင်းမှတ်တမ်းများကို အိန္ဒိယတိုက်တွင် ရှိသော အာယုဗေဒ ဆေးပညာ၊ ရှေးခေတ် အီဂျစ်ဆေးပညာ၊ တရုတ်ရိုးရာဆေးပညာ၊ အမေရိကား နှင့် ရှေးခေတ်ဂရိဆေးပညာတို့တွင် တွေ့ရသည်။ ရှေးခေတ်ဂရိဆရာဝန်များဖြစ်သော ဟစ်ပိုကရေးတီး နှင့် ဂေလင် တို့သည် ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုနှင့်ဆိုင်သော နောင်ပိုင်းခေတ်ဆေးပညာ၏ အခြေခံအုတ်မြစ်များကို ချခဲ့ကြသည်။ ရောမကျဆုံးပြီး၍ အမှောင်ခေတ်စတင်သော အချိန်တွင် အစ္စလာမ် သမားတော်တို့သည် ဆေးပညာနှင့်ဆိုင်သော ဟစ်ပိုကရေးတီး နှင့် ဂေလင်တို့၏ လုပ်ငန်းများကို အာရပ်ဘာသာသို့ ပြန်ဆိုခြင်းမှ တဆင့် ဆေးပညာနှင့်ဆိုင်သော အဓိက တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အသိအမှတ်ပြုလောက်သော အစ္စလာမ် ဆေးပညာ ရှေးဦးတီထွင်သူများမှာ ခေတ်သစ်ဆေးပညာ၏ ဖခင်ဟု ခေါ်ဝေါ်ကြသည့် ပညာရပ်မျိုးစုံတတ်ကျွမ်းသော အေဗီစန်နာ(Avicenna)၊ ခွဲစိတ်ကုပညာ၏ ဖခင်ဟုခေါ်ဝေါ်ကြသော အဘူကာစစ်၊ သုတေသနခွဲစိတ်ပညာ ၏ ဖခင်ဟုခေါ်ဝေါ်ကြသော အေဗင်ဇိုအာ (Avenzoar)၊ သွေးလှည့်ပတ်မှုနှင့်ဆိုင်သော ဇီဝကမ္မဗေဒ၏ ဖခင်ဟုခေါ်ဝေါ်ကြသော အီဘင်အယ်လ်နာဖစ်စ်(Ibn al-Nafis) နှင့် ကလေးဆေးပညာ၏ဖခင်ဟု ခေါ်ဝေါ်ကြသော အေဗယ်ရို(Averroes) နှင့် ရာဇက်(Rhazes) တို့ဖြစ်ကြသည်။ သူတို့သည် အနောက်တိုင်း၌ အလယ်ခေတ်ဆေးပညာ အထိ လွှမ်းမိုးခဲ့သော ဂရိဆေးပညာ၏ ဟျူမာရစ်ဇင်(humorism) သီအိုရီကို ပထမဦးစွာ မမှန်ကန်ကြောင်း ပြသခဲ့ကြသည်။ ဆေးပညာနှင့်ဆက်စပ်သော အဓိကတိုးတက်မှုများ အစ္စလာမ်ကမ္ဘာတွင် အလယ်ခေတ်၌ ဖြစ်ပေါ်နေသော်လည်း အနောက်တိုင်းမှာမူ ဂရိနှင့်ရိုမန်တို့၏ သီအိုရီဖြစ်သော ဟျူမာရစ်ဇင်ပေါ်တွင် မှီခိုဆဲဖြစ်သည်။ ထိုသီအိုရီကြောင့် မေးခွန်းထုတ်စရာ ကုသချက်များဖြစ်သော သွေးဖောက်ထုတ်ခြင်းစသော ကုသနည်းများဖြစ်စေခဲ့သည်။ ခရူးဆိတ်စစ်ပွဲကာလတွင် အစ္စလာမ်ဆေးပညာနှင့် အလယ်ခေတ်ဆေးပညာတို့ ထိပ်တိုက်တွေ့ခဲကြပြီး အစ္စလာမ်ဆရာဝန်တို့တွင် ရောထွေးသော ယူဆချက်များဖြစ်စေခဲ့သည်။ အလယ်ခေတ်ပြီးဆုံးသွားသော အခါတွင်မူ ရှေးဦးပိုင်းဆေးပညာ၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်သော ဂေဘရီယယ် ဖယ်လော့ပီယ နှင့် ဝီလီယမ်ဟာဗေး စသူတို့ ဥရောပတွင် ပေါ်ပေါက်လာခဲ့သည်။
[ပြင်ဆင်ရန်] သက်ဆိုင်သော ဆောင်းပါးများ
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |