ဆောင်းအောင်းခြင်းဓလေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆောင်းအောင်းခြင်းဓလေ့(သို့မဟုတ်) ဆောင်းခိုခြင်း(Hibernation)[ပြင်​ဆင်​ရန်​]

ကမ္ဘာ၏ အအေးပိုင်းဒေသများတွင် ဆောင်းရာသီသို့ ရောက်လာလျှင် အချို့သော တိရစ္ဆာန်များသည် ကိုယ်ခန္ဓာကို အအေးဒဏ်မှ ကာကွယ်စိမ့်သောငှါ၊ မြေတွင်း အသိုက်အအုံ၊ ရွှံ့ညွန် ရေအောက်၊ တောင်ကြို ချောက်ကြားစသော မိမိတို့နှင့် သင့်တော်သည့် ခိုလှုံရာဒေသများ၌ ဝင်ရောက်ခိုအောင်းကာ ဆောင်းရာသီတစ်ရာသီလုံး ပကတိမလှုပ်မရှက် အိပ်စက်နေ တတ်ကြသည်။ ဤသို့ ခိုအောင်ခြင်းကို ဆောင်းအောင်းသည်ဟု ခေါ်သည်။ ရာသီဥတု အလွန်အေးသော အရပ်များ၌ တိရစ္ဆာန် အချို့ ဆောင်းအောင်းတတ်သကဲ့သို့ အပူပိုင်းအရပ်များတွင် လည်း အစာရေစာခေါင်းပါးသော နွေရာသီ၌ တိရစ္ဆာန်အချို့ သည် ထိုနွေရာသီအတွင်းတွင် အောင်းနေတတ်ကြသည်။

ဆောင်းအောင်းသော တိရစ္ဆာန်များမှာ ဆောင်းတွင်း၌ စားရန် တာရှည်ခံမည့် သစ်စေ့၊ သစ်ဥ၊ သစ်ဖု၊ မှိုခြောက် စသည်တို့ကို ကြိုတင်ရှာဖွေ၍ စုဆောင်းမထားတတ်သော တိရစ္ဆာန်များဖြစ်ပေသည်။ ထိုကဲ့သို့သော တိရစ္ဆာန်များသည် ဆောင်းဦးပေါက်ရာသီ၌ သီးပွင့်ကြသော သစ်သီးလေးများကို လိုသည်ထက်ပို၍ စားသောက်ထားလျက် လာမည့်ဆောင်းရာသီ အတွက် သူတို့ကိုယ်ကို အင်အားဖြည့်တင်းထားကြလေသည်။ ထိုသို့အားဖြည့်ထား၍ အဆီဖုံးနေသော တိရစ္ဆာန်များသည် ဆောင်းလရာသီ၌ အစားအစာအလျင်းမစားဘဲ ဆောင်းအောင်း နိုင်စွမ်း ရှိကြလေသည်။

တိရစ္ဆာန်များ ဆောင်းအောင်းသည့်နေရာများမှာလည်း အမျိုးမျိုးပင်ဖြစ်သည်။ ဆောင်းအောင်းသော တိရစ္ဆာန်များ အနက် ခရုများသည် အခြားသတ္တဝါများကဲ့သို့ ဆောင်းအောင်း ရန်ကျင်းရှာခြင်း၊ အသိုက်အအုံ ဆောက်လုပ်ခြင်းမရှိဘဲ၊ မိမိ တို့၏ အခွံအိမ်တွင်းသို့ ကိုယ်ကိုသွင်းနေ၍ အပေါက်ဝကို အလုံပိတ်ထားကြလေ သည်။ ကုန်းလိပ်များနှင့် ဖြူငယ်များ လည်း ဆောင်းအောင်းကြ၍ အမှိုက်ကျင်းများ၊ ထင်းပုံများ အောက်၌ ပုန်းကွယ်နေတတ်ကြသည်။ နျုကောင်၊ ကင်းလိပ်နှင့် ဖားတို့သည်မြေတွင်း၊ မြေအက်ကြောင်းများထဲ၌ ဆောင်းအောင်း ကြ၏။ အချို့ဖားများနှင့် ချောင်းမြောင်းတွင်းရှိ ငါးတို့သည် ရေနက်ရာ၌၎င်း၊ ရွံ့ညွန်ထူထပ် သောနေရာများ၌၎င်း ကိုယ်ကို နှစ်ကာ ဆောင်းအောင်းနေတတ်ကြ၏။ ရေခဲသော ဒေသရှိ ငါးများသည် ရွှံ့ထဲသို့တိုးဝင်ကာ ဆောင်းအောင်း၍ ရေခဲပျော် သောအခါမှ ထွက်လာကြလေသည်။

မြောက်ဘက်ပိုင်းရှိ လင်းဆွဲတစ်ကောင် ဆောင်းခိုနေပုံ

ဆောင်းအောင်းတတ်သော တိရစ္ဆာန်များတွင် ငှက်များ လည်းပါဝင်၏။ မြောက်ပိုင်း အေးသောဒေသများရှိ ငှက်တို့ သည် ဆောင်းရာသီသို့ရောက်လျှင် တောင်ပိုင်းရပ်များသို့ ပြောင်းရွှေ့လာကြလေသည်။


အလွန်အေးသော မြောက်ပိုင်းအရပ်များတွင် ဆောင်းရာသီ၌ သက်ရင့် ပိုးကောင် မွှားကောင်များ သေကြေပျက်ဆီးကြသည် သာများ၏။ သို့သော် ထိုပိုးမွှားများ ချန်ခဲ့သောဥများ၊ ပိုး လောင်းကောင်များမှာ နွေဦးပေါက်ရာသီသို့ရောက်လျှင် မျိုး ဆက်ရန် ပေါက်ပွားလာကြပြန်သည်။ ယေဘုယျအားဖြင့် သက်ရင့်ပိုးမွှားများတွင် ဆောင်းအောင်းတတ်သော ဓလေ့နည်း သည်ဟု ဆိုရပေမည်။ ဥဒါဟရုဏ်ပြရသော် နေသာသဖြင့် ပူနွေးသော ဆောင်းရာသီနေ့များ၌ လိပ်ပြာများ ပျံသန်း နေသည်ကို တွေ့မြင်နိုင်လေသည်။ ပျားကောင်များသည် လည်း ဆောင်းရာသီအတွင်း အအေးဓာတ် လျော့ပါးသည့် နေ့များတွင် ပျားအုံ၌အောင်းနေရာမှ ထွက်လာတတ်ကြလေ သည်။

မြောက်ပိုင်းဒေသများ၌ရှိသော တိရစ္ဆာန်များကို အကြမ်း အားဖြင့် နှစ်မျိုးနှစ်စားခွဲခြားနိုင်လေသည်။ ပထမ အမျိုးအစား တွင် ဆောင်းရာသီ၌ အစာရေစာ ရှာဖွေစားသောက်နိုင်သော တိရစ္ဆာန်များပါဝင်သည်။ ဒုတိယအမျိုးအစားတွင် ဆောင်းရာသီ ၌ အစာရေစာ ပြတ်လပ်နေသည့် တိရစ္ဆာန်များ ပါဝင်လေ သည်။ ဒုတိယအမျိုး ၌ပါဝင်သော တိရစ္ဆာန်များသည် ဆောင်း တွင်း၌ အစာရေစာအငတ်ခံလျက် ခိုအောင်းနေခြင်းအားဖြင့် သာလျှင် အသက်မသေဘဲ ရှိနေနိုင်ကြလေသည်။ အချို့ခြေ လေးချောင်း တိရစ္ဆာန်များမှာကား ထိုကဲ့သို့ အစာရေစာ အငတ် ခံ၍ မြေတွင်းအသိုက်အအုံများ၌ ဆောင်းအောင်းနေယင်း အသက် ဆုံးရှုံးသွားတတ်လေသည်။

ဝက်ဝံမဲများ မိသားစုအလိုက် ဆောင်းခိုနေခြင်း

တိရစ္ဆန်များ ဆောင်းအောင်းသည့်အခါ၌ သာမန်အချိန် အခါများတွင် အိပ်စက်နေသကဲ့သို့ အိပ်စက်ကာနေကြသည်၊ မနေကြသည်ကို ယခုတိုင်အတိအကျအသိရသေးပေ၊ သို့သော် အိပ်ရိုးအိပ်စဉ်အတိုင်း အိပ်ကြသည်ဟူ၍ ထင်စရာရှိလေသည်။ ခြားနားချက်မှာ မလှုပ်မရှက်နှင့် ကြာရှည်စွာအိပ်နေကြခြင်းပင် ဖြစ်သည်။ ဆောင်းအောင်းကြသော တိရစ္ဆာန်များ၌ ရှဉ့်ကဲ့သို့ အအိပ်ဆတ်သော တိရစ္ဆာန်များလည်း ရှိကြသည်။


အအေးဒဏ်သက်သာသည့် နေ့များတွင် ရှဉ့်ကလေးများသည် အပြင်သို့ ထွက်၍အစာရှာလေ့ရှိကြည်။ ရာသီပြန်၍ အေးလာ သည့်အခါ အသိုက်အတွင်းသို့ ပြန်ဝင်အိပ်ကြလေသည်။ မြွေများ၊ တီကောင်များမှာလည်း ဆောင်းအောင်းသော တိရစ္ဆာန် များဖြစ်လေသည်။

ဝက်ဝံဖြူများတွင်ကားအမများသည် ဆောင်းရာသီ တစ်ခု လုံး၌ ဆောင်းအောင်းကာနေတတ်ကြသော်လည်း အထီးများမှာမူနေ့ညမရှောင် အစာရှာထွက်နေလေ့ရှိသည်။ ဤသို့လျှင်တိရစ္ဆာန်များ ဆောင်းအောင်းခြင်း အမျိုးမျိုး အဖုံဖုံ ရှိလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)