ဆူဟာတို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
President Suharto, 1993.jpg

ဆူဟာတို (Suharto) ကို ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်မွေးဖွားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့်ထင်ရှားသည်။ သူသည် အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတပ်မတော်တွင် စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယမြောက် သမ္မတတစ်ဦးအနေဖြင့်သာ လူသိများခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတတစ်ဦး အနေဖြင့် ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်သွားသောကြောင့် သက်တန်းရှည်သမ္မတတစ်ဦးအနေဖြင့်လည်း လူသိများသည်။

အင်ဒိုနီးရှားနိုင်ငံ၏ပထမဦးဆုံးသမ္မတသည် ဆူကာနို (Sukarno) ဖြစ်သည်။ ဆူဟာတိုသည် ဆူကာနိုထံမှ အာဏာကို တပ်အင်အား၊ နိုင်ငံရေးလှည့်ကွက်များဖြင့် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟုဆိုကြသည်။ ဆူဟာတိုသည် နိုင်ငံတော်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ်သည့် ကာလအတွင်း အစိုးရစနစ်အသစ်တစ်ခုကို တီထွင်အုပ်ချုပ်သွားခဲ့သည်။ ထိုစနစ်ကို New Order (Orde Baru) ဟုခေါ်သည်။ New Order ဆိုသည်မှာ စစ်တပ်ဗဟိုပြုအစိုးရစနစ်မျိုးဖြစ်ပြီး စစ်အေးခေတ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ရန်ကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ အဆင်ပြေစွာဆက်ဆံပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်သည့်စနစ်မျိုးဖြစ်သည်။ ဆူဟာတို အုပ်ချုပ်သည့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သူအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံရေးအရ အင်ဒိုနီးရှားကွန်မြူနစ်များနှင့် တရုတ်-အင်ဒို အနွယ်ပေါင်းများစွာကို သုတ်သင်ဖယ်ရှားခဲ့ရသည်ဟုလည်းဆိုသည်။ ကွန်မြူနစ်ပါတီကို တရားမဝင်ပါတီအဖြစ်ကြေညာခဲ့ပြီး အမြစ်ဖြုတ် ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံကို သူအုပ်ချုပ်နေစဉ်ကာလအတွင်း ၁၉၇၅ ခုနှစ်တွင် အရှေ့တီမောနိုင်ငံအတွင်းဝင်ရောက်ကာ ဆူပူမှုများ ကိုနှိမ်နင်း ခဲ့သဖြင့် လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့ရသောကြောင့် နာမည်ပျက်ခဲ့ရသည်။

၁၉၉၀ ပြည့်နှစ်တွင် အုပ်ချုပ်ရေးအသစ် New Order ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ အကျင့်ပျက်ခြစားမှုများဖြစ်လာသဖြင့် ပြည်သူတို့ မကျေမနပ်ဖြစ်ခဲ့ကြရသည်။ ဆူဟာတိုနှင့်သူ့မိသားစုတို့သည် ဒေါ်လာ ၃၅ ဘီလီယံကို မိသားစုပိုင်အဖြစ် လွှဲပြောင်းချမ်းသာလာမှုနှင့်ပတ်သက်ပြီး အတော်လေးအငြင်းပွားစရာဖြစ်လာခဲ့သည်။ ထိုငွေပမာဏသည် တိုင်းပြည် GDP ၏ ၄ ရာခိုင်နှုန်းဖြစ်သည်။ ထိုငွေအလွဲသုံးစားမှုနှင့်ပတ် သက်ပြီး အစစ်ဆေးခံရန် အမျိုးမျိုးငြင်းပယ်ခဲ့ပြီး တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကျဆင်းနေမှုကိုမျက်ကွယ်ပြုကာ နိုင်ငံရေးမှ အနားယူသွားခဲ့သူလည်းဖြစ်သည်။

ပြည်တွင်းရေးမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းနှင့် သမ္မတရာထူးမှဆင်းပေးလိုက်ရသည့် ၁၉၉၈ ခုနှစ် မေလအထိ နိုင်ငံအတွင်း ဆူပူအုံကြွမှုများ၊ ဆန္ဒပြမှုများ မရပ်မနားပေါ်ပေါက်ခဲ့သည်။ သမ္မတရာထူးမှ ဆင်းပေးလိုက်ရပြီးနောက် ဆူဟာတိုသည် လူသူဝေးရာ အရပ်တွင် သွားရောက်နေထိုင်ခဲ့သည်။ လာဘ်စားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် တရားစွဲရန်ပြင်ဆင်တိုင်း ကျန်းမာရေးအကြောင်းပြကာ အမျိုးမျိုးရှောင်လွှဲခဲ့သည်။ Ammesty International အဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ ကမ္ဘာ့အကျင့်ပျက်ခြစားသူများစာရင်း၌ ထိပ်ဆုံးတွင် ရှိနေသူ ဖြစ်သည်။

ဂျာဗားနွယ်များကဲ့သို့ ဆူဟာတိုသည် နာမည်တစ်မျိုးတည်းရှိသူဖြစ်သည်။ ဘာသာရေးအရ ဟာဂျီမိုဟာမက်ဆူဟာတို ဟူ၍ခေါ်ကြသည် မှလွဲပြီး အခြားအမည်မရှိပေ။ အင်္ဂလိပ်စာလုံးပေါင်း Suharto ဆိုပြီး ၁၉၄၇ ခုနှစ်လောက်ကတည်းက သုံးစွဲလာကြသည်။ သို့သော်ယခင်က စာလုံးပေါင်း Soeharto ကို နောက်ပိုင်းတွင်သုံးစွဲမှုနည်းသည်။

ဒုက္ခပင်လယ်ဝေခဲ့ရသည့်ကလေးဘဝ[ပြင်​ဆင်​ရန်​]

ဆူဟာတိုကို အင်ဒိုနီးရှားနိုင်ငံအား ဒတ်ချ်တို့ကိုလိုနီအဖြစ် အုပ်ချုပ်ချိန်တွင် မွေးဖွားခဲ့သည်။ Godean ဆိုသည့် ရွာကြီးတစ်ရွာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Kemusuk ရွာငယ်လေးတစ်ခုတွင်မွေးဖွားခဲ့သည်။ ထိုရွာသည် ဂျာဗားကျွန်းစုအလယ်ပိုင်း Yogyakarta မှ အနောက်ဘက် ၁၅ ကီလိုမီတာခန့်ကွာဝေးသည်။ ကလေးဘဝကို လွန်စွာပင်ပန်းဆင်းရဲစွာဖြင့် ဖြတ်သန်းခဲ့ရပြီး ဒတ်ချ်စစ်ကျောင်းသို့ တက်ခွင့် ရခဲ့သည်။ ဆူဟာတိုသည် စစ်သားဘဝတွင် အစိုးရအမျိုးမျိုးကိုသစ္စာခံခဲ့သူဖြစ်သည်။ ဒတ်ချ်တို့စိုးမိုးချိန်၊ ဂျပန်တို့သိမ်းပိုက်ချိန်မှသည် အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးဝါဒီများအထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဘဝနှင့် ဇွဲတို့ကြောင့် နောက်ဆုံးတွင် အမျိုးသားရေး ဝါဒီများကိုအောင်နိုင်သူဖြစ်ခဲ့ရသည်။

ဆူဟာတိုအကြောင်း အနောက်တိုင်းသမိုင်းဆရာတို့မှတ် တမ်းတင်ခဲ့ကြသည်မှာ ထူးဆန်းအံ့ဩဖွယ်များဖြင့်ပြည့်နေတော့သည်။ နိုင်ငံရေး စိတ်ဝင်စားသည်၊ အဆင့်အတန်းမြင့်သည်ဆိုသော လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းနှင့် မှတ်တမ်းများကိုလည်းတွေ့ရသည်။ ဆူဟာတို၏ ဘခင်မှာ ကာတိုဆူဒီရိုဖြစ်ပြီး၊ မိခင်မှာ ဆူခီရာဟုခေါ်သည် ဂျာဗားလူမျိုးနွယ်မှဆင်းသက်လာသူများဖြစ်ပြီး တောင်သူလယ်သမားများ ဖြစ်ကြသည်။ လျှပ်စစ်မီးမရှိ၊ ရေသွယ်စနစ်မရှိသည့် ကျေးလက်မှမွေးဖွားလာသူဖြစ်သည်။ သူ့မိခင် ဆူခီရာသည် ဘခင်၏ ဒုတိယအိမ်ထောင် ဖြစ်ပြီး ဆူဟာတိုသည် ပထမအိမ်ထောင်မှ ဖွားမြင်ခဲ့သူတစ်ဦးဖြစ်သည်။

ဆူဟာတို၏မိဘများသည် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပြီး နောက်အိမ်ထောင်အသီးသီးပြုခဲ့ကြသည်။ အိမ်ထောင်ကွဲသွားကြသည့် မိဘနှစ်ပါးနှင့် ဆူဟာတိုသည် ခပ်တန်းတန်းသာနေထိုင်ခဲ့သည်။ ဟိုအိမ် သည်အိမ်နေပြီး ဘဝကိုကြီးပြင်းခဲ့ရသည်ဟုလည်းဆိုကြသည်။ သူ့အဒေါ်က သူ့ကိုမွေးစားခဲ့ ပြီး အဒေါ်၏ခင်ပွန်းဖြစ်သူက ဘခင်ရင်းသဖွယ်ပြုစုစောင့်ရှောက်ခဲ့သည်။ ဦးလေးနှင့် အဒေါ်တို့ကျောင်းထားပေးသဖြင့် Wuryantoro တွင် မူလတန်းစတင်နေခဲ့ရသည်။

အမျိုးသားဝါဒီချင်းယှဉ်ကြည့်လျှင် ဆူဟာတိုသည် ယခင်သမ္မတဟောင်း ဆူကာနိုထက် ကိုလိုနီဆန့်ကျင်ရေးစိတ်နှင့် နိုင်ငံရေးအမြင် နည်းလှသည်ဟုဆိုကြသည်။ ဆူကာနိုလောက်လည်း ပညာမတတ်၊ အသိုင်းအဝိုင်းလည်းကောင်းလှသည်မဟုတ်ပေ။ ထိုခေတ်က ဒတ်ချ်စာမတတ်လျှင် လူရာမသွင်းကြပေ။ ဆူဟာတိုသည် စစ်ကျောင်းရောက်သည့် ၁၉၄၀ ပြည့်နှစ်လောက်တွင်မှ ဒတ်ချ်စာကိုရင်းနှီးခဲ့ရခြင်းဖြစ်သည်။

လွတ်လပ်ရေးအကြို စစ်သားဘဝ[ပြင်​ဆင်​ရန်​]

သူစစ်ကျောင်းမတတ်မီက ဘဏ်တွင်စာရေးလေးဘဝဖြင့် ဝင်လုပ်ခဲ့သေးသည်။ အလုပ်ဖြုတ်ခံရပြီး အလုပ်လက်မဲ့ ဘဝရောက်ခဲ့ရသည်။ သို့ဖြင့် ၁၉၄၀ ပြည့်နှစ်တွင် KNIL (Royal Netherlands East Indies Army) တပ်သို့ဝင်ပြီး Yogyakarta အနီးရှိ Bombong တွင်ဖွင့်လှစ်ထားသော ဒတ်ချ်စစ်ကျောင်းသို့တက်ခွင့်ရခဲ့သည်။ ဒတ်ချ်စစ်ကျောင်းသို့ ဝင်ခွင့်ရရေးမှာ ဒေသခံများအနေဖြင့် လွယ်ကူလှသည်မဟုတ်ပေ။ သို့သော် ဒုတိယကမ္ဘာစစ်မီးအခြေအနေကြောင့် ဂျပန်တို့ရန်မှကာကွယ်ရန် စစ်တပ်ကိုတိုးချဲ့ဖွဲ့စည်းလိုသဖြင့် ဒေသခံများကို လက်ခံခဲ့ခြင်းဖြစ်သည်။

စစ်ကျောင်းမှဆင်းပြီးနောက် ဆူဟာတိုသည် အမှတ် ၁၃ တပ်ရင်းတွင်ခန့်အပ်ခြင်းခံရသည်။ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ထူးထူးခြားခြားစွမ်းဆောင်မှုများလည်း မရှိခဲ့ပေ။ အစောင့်အဖြစ်တာဝန်ထမ်းဆောင်ရင်း ငှက်ဖျား မကြာကြာထကာ၊ ဆေးရုံမကြာမကြာတက်ရပြီး တပ်ကြပ်အဖြစ် ရာထူးတိုးပေးခြင်းခံလိုက်ရသည်။

ဂျပန်တို့ အင်ဒိုနီးရှားနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ဒတ်ချ်တို့လက်နက်ချရချိန်တွင် ဆူဟာတိုသည် ဒတ်ချ်စစ်တပ်မှထွက်ပြေးပြီး ဂျပန်တို့လက်အောက်တွင်ခိုလှုံခဲ့သည်။ ဂျပန်တို့ဖွဲ့စည်းပေးထားသည့် ပုလိပ်တပ်ဖွဲ့တွင် ဒုရဲအုပ်အဖြစ် စတင်အမှုထမ်းခဲ့သည်။ ရဲတပ်ဖွဲ့တွင် အမှုထမ်းစဉ် သမ္မတဘဝကို အထောက်အကူပြုမည့် စုံစမ်းထောက်လှမ်းရေး အတတ်များကို အတွေ့အကြုံရခဲ့သည်။ သူက "ရာဇဝတ်မှုကို နိုင်ငံရေးအမှုအဖြစ် အသွင်ပြောင်းလိုက်ရင် ပြဿနာအကြီးကြီးက သေးသေးလေးဖြစ်သွားတတ်တယ်" ဟုမကြာခဏပြောတတ်သည်။

ဆူဟာတိုသည် ပုလိပ်အဖွဲ့မှ ဂျပန်တို့ဖွဲ့စည်းထားသည့် စစ်တပ်သို့ပြောင်းရွှေ့အမှုထမ်းပြန်သည်။ အဖတိုင်းပြည်အတွက်ကာကွယ်သူများဟု အမည်ပေးထားသည့် အင်ဒိုနီးရှားအမျိုးသားတပ် (Peta) တွင် သူက အရာရှိအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ဂျပန်တို့သင်တန်းခေါ်ပေးသည့် တပ်စုမှူးသင်တန်းတွင် သူသည်ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသည်။ ဂျပန်တို့၏ စစ်သူရဲကောင်းဝါဒကို ရိုက်သွင်းခြင်းခံလိုက်ရသည်ဖြစ်သောကြောင့် ဆူဟာတိုသည် ဒတ်ချ်ဆန့်ကျင်ရေးနှင့် အမျိုးသားရေးအတွေးအမြင်များ ဝင်လာခဲ့သည်။ ဂျပန်စစ်ဝါဒီတို့ကို လွန်စွာအထင်ကြီးလေးစားစိတ်များလည်းဖြစ်လာခဲ့သည်။ ဆူဟာတို၏ အတွေးအမြင်များကိုပြန်လည်သုံးသပ်ရလျှင် အမျိုးသားရေးဝါဒနှင့် စစ်ရေးအယူအဆများပေါင်းစပ်ကာ လွှမ်းမိုးခြင်းခံထားရသူဟူ၍ ရှုမြင်သုံးသပ်ရမည်ဖြစ်သည်။ ဂျပန်တို့သည် ဆူဟာတို အပါအဝင် အရာရှိများကို ဂျပန်စစ်ရေးအယူအဆနှင့် စစ်ပညာများသင်ပေးခဲ့သည်။ ထိုအထဲတွင် ဆာမူရိုင်းဓားသိုင်းလည်းတစ်ခုအပါအဝင် ဖြစ်သည်။ သို့ဖြစ်ရာ ဆူဟာတိုသည် ကြမ်းသော်လည်း ရက်စက်ယုတ်မာသည့်အလုပ်ကိုမလုပ်ဟူသည့် ဂျပန့်စိတ်ဓာတ်များ အပြည့်ဝင်နေသူ ဟူ၍လည်းဆိုကြသည်။

အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတွင်ဝင်ရောက်ဆင်နွှဲခြင်း[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်တို့ထံ ဂျပန်တို့ လက်နက်ချချိန်တွင် အင်ဒိုနီးရှားအမျိုးသားရေးဝါဒီများဖြစ်ကြသည့် ဆူကာနိုနှင့် မိုဟာမက် ဟတ္တားတို့သည် အင်ဒိုနီးရှားနိုင်ငံလုံး၀လွတ်လပ်ရေးအတွက် အမျိုးသားတော်လှန်ရေး တစ်ရပ်အနေဖြင့် တိုက်ပွဲဝင်ကြသည်။ အင်ဒိုနီးရှားနိုင်ငံထူ ထောင်ခြင်းကို နိုင်ငံတကာကလည်း သဘောတူ အသိအမှတ်ပြုကြသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်မှ ဆူဟာတိုက တော်လှန်ရေးသမားများနှင့်ပူးပေါင်းခဲ့ပြီး သူ့အစွမ်းအစများကို ပြခွင့်ရသွားလေသည်။

ဂျပန်တို့ကိုတိုက်ထုတ်ခြင်း[ပြင်​ဆင်​ရန်​]

ဂျပန်တို့လက်နက်ချချိန်တွင် ဆူဟာတိုသည် ဂျပန်ဖွဲ့စည်းပေးထားသည့်တပ်တွင် ရာထူးကြီးကြီးဖြင့်ကျန်ခဲ့သည်။ ထိုအချိန်တွင် အမျိုးသားရေးဝါဒီတို့သည် ဒတ်ချ်တို့နှင့်ပူးပေါင်းပြီး အင်ဒိုနီးရှားကျွန်းစုများ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေချိန်လည်းဖြစ်သည်။ ဆူဟာတိုသည် တော်လှန်ရေးအစိုးရ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ (BKR) တွင် ဒုတိယတာဝန်ခံ ဖြစ်လာခဲ့သည်။

ဆူဟာတိုသည် Yogyakarta တစ်ဝိုက်တွင် ကြွင်းကျန်နေသည့် ဂျပန်တို့ကို ဦးဆောင်တိုက်ကာ အမြစ်ဖြုတ်ပေးမည်ဟု ကြွေးကြော်ခဲ့သည်။ သူသမ္မတဖြစ်ချိန်တွင် ထိုကာလများနှင့်ပတ်သက်ပြီး ချဲ့ကားပြောဆိုမှုများရှိခဲ့သည်ဆိုစေ အင်ဒိုနီးရှားနိုင်ငံလွတ်မြောက်ရေးအတွက် ပေါင်းစည်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်နိုင်ရန် ဦးဆောင်မှုပေးနိုင်ခဲ့သည်ကတော့ အမှန်ဖြစ်သည်။ လွတ်မြောက်ရေးစစ်ပွဲအစတွင် ဆူဟာတိုသည် ပြည်တွင်းရှိ လွတ်မြောက်ရေးတိုက်ပွဲဝင်နေသူများကို တပ်ရင်း ၁ လက်အောက်ခံ၊ အမှတ် ၁၀ တပ်ရင်းအဖြစ် စုစည်းလိုက်နိုင်သည်။ ဆူဟာတိုလည်း ချက်ချင်း အမှတ် ၁၀ တပ်ရင်း၏ ဗိုလ်မှူးရာထူးတိုးပေးခြင်းခံလိုက်ရသည်။

အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးရခြင်း[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်ဖြစ်သည့်အခါတွင် ဒတ်ချ်တို့စိုးမိုးထားသည့် အရှေ့အိန္ဒိယကျွန်းစုကို ဂျပန်တို့ကသိမ်းပိုက်လိုက်သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆူကာနိုနှင့် ဟတ္တားခေါင်းဆောင်သည့် တော်လှန်ရေးသမားများသည် အစိုးရဖွဲ့ကာ လွတ်လပ်သော အင်ဒိုနီးရှားနိုင်ငံ အဖြစ်ကြေညာလိုက်သည်။ သို့ဖြင့် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း ဒတ်ချ်တို့နှင့် တော်လှန်ရေးသမားများ လွတ်လပ်ရေးအတွက် ယှဉ်ပြိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ နောက်ဆုံးကုလသမ္ဂ၏ ဝင်ရောက်ဖြန်ဖြေပေးမှုဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှားပြည်ထောင်စုအမည်ဖြင့် လုံး၀လွတ်လပ်ရေးရရှိခဲ့သည်။ ထိုအချိန်မှစပြီး ဆူကာနိုသည်သမ္မတ၊ ဟတ္တားသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ကွန်မြူနစ်တိုက်ခိုက်ချေမှုန်းရေးတိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ လက်ရှိသမ္မတဆူကာနိုသည် အာဏာသိမ်းရန် ကြိုးပမ်းသည့် ကွန်မြူနစ်များကိုနှိမ်နင်းခဲ့သဖြင့် ထောင်ပေါင်းများစွာသော ကွန်မြူနစ်များ အသတ်ခံရသည်ဟု စွပ်စွဲခံရသည်။

၁၉၆၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုကို တပ်မတော်အကြီးအကဲအဖြစ် တင်မြှောက်လိုက်ပြီး သမ္မတဆူကာနိုသည် အုပ်ချုပ်ရေးအာဏာများကို ဆူဟာတိုသို့ လွှဲပေးလိုက်သည်။ သို့သော်သမ္မတအဖြစ် ဆက်လက်ခံယူနေဆဲဖြစ်သည်။ ၁၉၆၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အတိုင်ပင်ခံလွှတ်တော်က ဗိုလ်ချုပ်ကြီးဆူဟာတိုအား သမ္မတအဖြစ်တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သမ္မတသက်တမ်း ၅ နှစ်အပြီး ၁၉၇၅ ခုနှစ် မတ်လတွင် ဆူဟာတိုသည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ဆူဟာတိုနှင့်ခေတ်သစ် New Order အစိုးရ (၁၉၆၇-၁၉၉၈)[ပြင်​ဆင်​ရန်​]

ဆူဟာတိုသည် ၁၉၆၈ ခုနှစ် မတ်လတွင် သမ္မတရာထူးကိုလက်ခံသည်။ ဆူကာနိုက တိုင်းပြည်အတွင်းအရေးပေါ် အခြေအနေကြောင့် ဆူဟာတိုသို့ အာဏာကိုလွှဲပြောင်းပေးလိုက်ရသည်ဟုဆိုသည်။ ဆူဟာတိုကလည်း သူတီထွင်ထားသည့် New Order (Orde Baru) ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်သွားသည်။ ဆူဟာတိုသည် ကွန်မြူနစ်ပါတီကိုဖျက်သိမ်းလိုက်ပြီး တရားမဝင်အသင်းအဖြစ်ကြေညာကာ ပါလီမန်မှ ထုတ်ပယ်လိုက်သည်။ အလုပ်သမားသမဂ္ဂကိုလည်း ဖျက်သိမ်းကာ စာနယ်ဇင်းဆင်ဆာအဖွဲ့ကို ပြဋ္ဌာန်းဖွဲ့စည်းလိုက်သည်။

ဆူဟာတိုသည်နိုင်ငံတကာနှင့် အထူးသဖြင့် အနောက်နိုင်ငံများနှင့် အဆင်ပြေစွာဆက်ဆံရန်ကြိုးပမ်းခဲ့သော်လည်း ကွန်မြူနစ်များကို နှိမ်နင်းရာတွင် တာဝန်ရှိသည်ဆိုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဆင်မပြေဖြစ်ခဲ့ရသည်။ ဆူဟာတိုသည် သူ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အဒမ်မာလစ်ကို အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂနှင့် မလေးရှားနိုင်ငံများသို့စေလွှတ်ပြီး တစ်ဘက်နှင့်တစ်ဘက် မပြေလည်မှုများကို ညှိနှိုင်း ဖြေရှင်းစေခဲ့သည်။ နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။

New Order အုပ်ချုပ်ရေးစနစ်သစ်ပြဋ္ဌာန်းခြင်း[ပြင်​ဆင်​ရန်​]

၁၉၆၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆူကာနိုသည် လုံးဝအာဏာကိုစွန့်လွှတ်လိုက်သည်။ ဆူဟာတိုအာဏာရလာသည့်အချိန်မှစပြီး နိုင်ငံတော်၏အာဏာကို ချုပ်ကိုင်စီမံမှုများစတင်ပြုလုပ်ခဲ့သည်။ ထောက်လှမ်းရေးဌာနနှစ်ခုကို ထူထောင်ခဲ့သည်။ အစိုးရကို အကျပ်ကိုင် ခြိမ်းခြောက်မှုရန်မှကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတော်တွင်အရေးပါသည့် ဆန်စပါးလုပ်ငန်းများကိုလည်း အဖွဲ့ဖြင့်ထိန်းချုပ်ကန့်သတ် လိုက်သည်။ အစိုးရသစ်ကိုဖွဲ့စည်းလိုက်ပြီး ထိုအစိုးရသစ်သည် တပ်မတော်၏စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေရမည်ဖြစ်သည်။ ဆူဟာတိုအနေဖြင့် စစ်တပ်နှင့် အရပ်ဘက် နှစ်မျိုးစလုံးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဘဝကို ခံယူလိုက်လေသည်။

နိုင်ငံစီးပွားရေးတိုးတက်ရန် သမ္မတဆူဟာတိုသည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် စီးပွားရေးသမားများနှင့် ပူးပေါင်းလိုက်သည်။ ထိုစီးပွားရေးသမားများကို အမည်ပြောင်အနေဖြင့် "ဘာကလေမာဖီးယား" ဟုခေါ်ကြသည်။ ထိုအဖွဲ့ဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ဆူဟာတိုအာဏာရနေစဉ်ကာလတွင် အင်ဒိုနီးရှားနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဗဟိုနိုင်ငံဖြစ်လာစေရန် ကြံဆောင်ခဲ့သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ်လွှဲပြောင်းပေးခြင်း၊ စက်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်းများလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၊ အနောက်ဘဏ်များအပြင် မိတ်ဆွေနိုင်ငံများထံမှ အထောက်အကူယူပြီး နိုင်ငံငွေကြေးအင်အား တောင့်တင်းရန်ကြံဆောင်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် New Order အုပ်ချုပ်မှုအောက်တွင် ပြန်လှန်ဝံ့သူမရှိသလောက်ဖြစ်နေသည်။ စစ်တပ်နှင့် ဂိုလ်ခါပါတီမှ စီးပွားရေး၊ နိုင်ငံရေးတို့တွင်ကြီးစိုးထားရုံမျှမက နိုင်ငံအစိုးရကိုပါ ချုပ်ကိုင်ထားနိုင်သည့်အနေအထားတွင်ဖြစ်နေသည်။ သို့ဖြင့် လာဘ်ပေးလာဘ်ယူမှုများ၊ တရားမဝင်လုပ်ငန်းများ၊ အာဏာအလွဲသုံးစားလုပ်မှုများထွန်းကားလာသည်။ နိုင်ငံခြားမှထောက်ပံ့ငွေများ၊ လုပ်ငန်းရှင်များထံမှငွေများသည် ဆူဟာတိုမိသားစုတည်ထောင်ထားသည့် ယာယာဆန်ဖောင်ဒေးရှင်းသို့ အလုံးအရင်းနှင့်လှိမ့်ဝင်သွားသည်။

နိုင်ငံရေးသန့်စင်ပွဲ[ပြင်​ဆင်​ရန်​]

ဆူဟာတို၏ကက်ဘိနက်တွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီကို ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့၌ ဖယ်ရှားပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း သုံးသိန်းမှ တစ်သန်းခန့်အထိ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုလူသတ်ပွဲတွင် စစ်ဘက်နှင့် အရပ်ဘက် အထက်တန်းလွှာများ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်ပတ်သက်မှုရှိနေသည်ဟုဆိုသည်။ ကွန်မြူနစ်သူပုန်အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြသည်။ စီအိုင်အေက သံသယရှိဖွယ်ကွန်မြူနစ် တစ်သောင်းစာရင်းကို အင်ဒိုနီးရှားလက်ဝယ်သို့အပ်နှံခဲ့သည်။ သုတ်သင်ပွဲ ကြီးအပြီးတွင်မှ စီအိုင်အေက ၂၀ ရာစုတွင် ကွန်မြူနစ်များကို သုတ်သင်ခြေမှုန်းရာ၌ အရက်စက် အယုတ်မာဆုံးဟူ၍ ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးသဘောထားကွဲလွဲမှုများ[ပြင်​ဆင်​ရန်​]

၁၉၇၀ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း အကျင့်ပျက်ခြစားမှုများ သောင်းကျန်းလွန်းသောကြောင့် ကျောင်းသားများက ရုတ်တရက်ထပြီး ဆန္ဒပြကြသည်။ ဆူဟာတိုသည် ဆန္ဒပြပွဲများကို တားမြစ်ရုံမျှမက လှုပ်ရှားသူများကို လိုက်လံနှိမ်နင်းခဲ့သည်။ စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့ကို လည်းဖွဲ့ပေးပြီး စစ်ဆေးစေခဲ့သည်။ စုံစမ်းရေးကော်မရှင်ကလည်း သာမန်သာစစ်ဆေးပြီး ခေါင်းရှောင်နေခဲ့သည်။ ဆူဟာတို လက်ထက်တွင် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဆင့်မြှင့်လုပ်ဆောင်ပြီး ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ဝန်ထမ်းများ၏ အကျင့်စာရိတ္တ ပျက်စီးမှုကို မထိန်းသိမ်းနိုင်ခဲ့ပေ။

ဆူဟာတိုလက်ထက်တွင် ဒီမိုကရေစီအကြောင်းပြောသော်လည်း အပေါ်ယံရွှေမှုံကြဲ အတွင်းနောက်ချေးခံဆိုသည့် သဘောဖြစ်နေသည်။ သူ့လက်ထက်တွင် ရွေးချယ်တင်မြှောက်ပုံစနစ်များကို ပြုပြင်ပြောင်းလဲခဲ့သော်လည်း ရွေးချယ်တင်မြှောက်ပွဲသို့ ဝင်ခွင့်ရှိသည့်ပါတီမှာ သုံးပါတီ သာဖြစ်သည်။ ဆူဟာတို၏ပါတီဖြစ်သည့် ဂိုလ်ခါ (Golkar) ပါတီ၊ အစ္စလမ်မစ်ယူနိုက်တက်ဖွံ့ဖြိုးရေးပါတီ (PPP) နှင့် အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ (PDI) တို့ဖြစ်သည်။ ထိုသုံးပါတီမှလွဲပြီး ယခင်ကပါတီများအားလုံးကို PPP နှင့် PDI ပါတီများနှင့် ပူးပေါင်းစေခဲ့သည်။ လွှတ်တော်တွင် အမတ်နေရာ ၁၀၀ ကိုချန်ထားစေခဲ့ကာ စစ်တပ်အတွက်စီစဉ်ပေးခဲ့သည်။ ဤသို့ဖြင့် သူ့ကို ကန့်ကွက်သူမရှိ ထောက်ခံမဲ အများဆုံးဖြင့် ၁၉၇၃၊ ၁၉၇၈၊ ၁၉၈၃၊ ၁၉၈၈၊ ၁၉၉၃၊ ၁၉၉၈ ခုနှစ်များတွင် သမ္မတအဖြစ် အကြိမ်ကြိမ်ပြန်လည်ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။

၁၉၈၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် Petisi 50 (Petition of Fifty) ဆိုသည့် အဖွဲ့တစ်ဖွဲ့သည် နိုင်ငံရေးအရ ပိုမိုလွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုအဖွဲ့တွင် တပ်မတော်သားဟောင်းများ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များနှင့် ကျောင်းသားများပါဝင်သည်။ အင်ဒိုနီးရှား မီဒီယာက ထိုသတင်းကိုမပေါက်ကြားရန် အမျိုးမျိုးထိန်းချုပ်ခဲ့သည်။ ထိုအုပ်စုက ဆူဟာတိုသည် တစ်ပါတီစနစ်ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ သူတို့ခေါင်းဆောင်များကို ချုပ်နှောင်ထားကြောင်း စွပ်စွဲခဲ့ကြသည်။

ဆူဟာတိုနှင့်အကျင့်ပျက်ပြဿနာ[ပြင်​ဆင်​ရန်​]

ဆူဟာတိုကို International Transparency အဖွဲ့က လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့အကျင့်ပျက်ခြစားမှုကို အကျူးလွန်ဆုံးပုဂ္ဂိုလ်အဖြစ် စွပ်စွဲခဲ့သည်။ သူ့မိသားစုအနေဖြင့်လာဘ်စားသည့်ငွေပမာဏသည် ဒေါ်လာ ၁၅ ဘီလီယံမှ ၃၅ ဘီလီယံခန့်အထိရှိမည်ဟု ဆိုကြသည်။ အာရှတိုက်တွင် ဆူဟာတိုကဲ့သို့ လက်စောင်းထက်သည့်ပုဂ္ဂိုလ်မှာ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်ဖြစ်ပြီး ဒေါ်လာ ၅ ဘီလီယံမှ ၁၀ ဘီလီယံအတွင်းရှိသည်။

ဆူဟာတိုလာဘ်စားသည့်စနစ်ကို သူ့နိုင်ငံရေးပြိုင်ဘက် များက KKN ဟုခေါ်သည်။ KKN ဆိုသည်မှာ အင်ဒိုနီးရှား ဘာသာစကားဖြင့် "အကျင့်ပျက်ခြင်း၊ လိမ်လည်ခြင်း၊ ငါ့ဆွေငါ့အမျိုးကောင်းစားရေးစနစ်ကျင့်သုံးခြင်း" ကိုဆိုလိုသည်။ သူ့ လက်ထက်တွင် နိုင်ငံတော်မှ လုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီး လာဘ်ပေးမှ လုပ်ငန်းပေးသည့်စနစ်ဖြင့် သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုကသာ ချယ်လှယ်သွားခဲ့ကြသည်။ ထိုသို့လာဘ်ပေးရာတွင် ဆူဟာတိုထူထောင်ထားသည့် မိသားစုကြီးကြပ်ကွပ်ကဲနေသည့် ဖောင်ဒေးရှင်းအသီးသီး သို့ အမည်အမျိုးမျိုးဖြင့် ငွေများထည့်ဝင်လှူဒါန်းပေးရခြင်းဖြစ်သည်။ ဆူဟာတိုက ထိုဖောင်ဒေးရှင်းများကို ယာယာဆန် Yayasans ဟုအမည်ပေးထားသည်။ ထိုဖောင်ဒေးရှင်းများသည် ဆေးရုံများ၊ ကျောင်းများဆောက်လုပ်ရန် အမည်တပ်ထားသော်လည်း လှူသမျှ ငွေအားလုံးသည် ဆူဟာတို၏ ဘဏ်စာရင်းအတွင်းသို့သာ ရောက်ရှိသွားခဲ့ရသည်။ သို့သော် ဆူဟာတိုအုပ်ချုပ်သွားသည့် ၃၂ နှစ်တာ ကာလ အတွင်း ထိုဆေးရုံများကျောင်းများသည် မဝရေစာဖြင့် ရပ်တည်သွားခဲ့ရသည်။ နိုင်ငံတော်နှင့် ဒေသခံချမ်းသာသူများအထောက်အပံ့ဖြင့်သာ ထိုကျောင်းများ ဆေးရုံများရပ်တည်နေကြရသဖြင့် လှူဒါန်းခဲ့သမျှငွေတွေ ဘယ်ရောက်ကုန်ပြီလဲဟုမေးစရာဖြစ်လာသည်။

ဖောင်ဒေးရှင်းများသည် အလှူငွေအများအပြားရသော်လည်း အမည်သာခံပြီး ဆူဟာတိုအတွက် ငွေရှာပေးရသည့် ဌာနများသဖွယ် ဖြစ်လာသည်။ ကုမ္ပဏီအများစုသည် လုပ်ငန်းခွင်အတွက် ဆူဟာတိုနှင့်အပေါင်းအသင်းများကို ကပ်ထားကြရသည်။ ဆူဟာတို သို့မဟုတ် သူ့သားသမီးတစ်ဦးဦးနှင့်သိလျှင် ကြိုးနီစနစ်မရှိ၊ ဗြူရိုကရေစီမရှိပေ။ ဆူဟာတိုအပေါင်းအသင်းများကလည်း ကြားခံပွဲစားတွေဖြစ်လာပြီး ပွဲခပေးလျှင် ဆက်သွယ်ပေးသည့်စနစ်ကို ပြောင်ပြောင်တင်းတင်းကျင့်သုံးလာကြသည်။ ဂျာကာတာမြို့ရေပေးဝေရေးစနစ်အတွက် ၁၉၉၀ ပြည့်နှစ်တွင် ပုဂ္ဂလိကလက်သို့လွှဲပြောင်းပေးလိုက်သည်။ ထိုလုပ်ငန်းရရန် လေလံပွဲတွင် ဆူဟာတို၏သား ဆီဂစ်ကို ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပေးသည့်ကုမ္ပဏီက လုပ်ငန်းရရှိသွားသည်။ ကန်ထရိုက်စာချုပ်အတွက် လက်မှတ်ရေးထိုးပွဲတွင် ဆီဂစ်ကိုယ်တိုင်ပါဝင်ပြီး လက်မှတ်ရေး ထိုးပေးခဲ့သည်။

ဆူဟာတိုနှင့်သူ့အပေါင်းအဖော်များသည် ကုမ္ပဏီကြီးများထံမှ လုပ်ငန်းအကြောင်းပြပြီး ယဉ်ယဉ်လေးငွေထုတ်စားနေကြသည်။ ဥပမာတစ်ခုမှာ နိုင်ငံတော်ပိုင်ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် ပါတာမီနာ (Partamina) ကိစ္စကို ၁၉၉၉ ခုနှစ်တွင် TimeAsia သတင်းစာကြီးမှ ဖော်ထုတ်လိုက်သည့် အတွက် ပြဿနာအတော်လေးတက်ခဲ့ရသည်။ ပါတာမီနာသည် နိုင်ငံခြားသို့ရေနံများပို့သည့်လုပ်ငန်းကို ဆူဟာတိုမိသားစုပိုင်ကုမ္ပဏီနှစ်ခုမှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်ပေးရသည်။ ထို့ကြောင့် နိုင်ငံခြားသို့ရေနံတစ်စည်ရောင်းတိုင်း ၃၅ ဆင့်ကို ဆူဟာတိုမိသားစုပိုင် ကုမ္ပဏီများသို့ ပေးသွင်းရသည် ဆိုသောပြဿနာကို သတင်းစာများတွင်ဖော်ပြမှ ပြည်သူတို့သိခဲ့ကြရသည်။ ထို့ပြင် စားသောက်ဆိုင်လုပ်ငန်း၊ အာမခံလုပ်ငန်းများတွင်လည်း ဆူဟာတိုပိုင်ကုမ္ပဏီများက အမျိုးမျိုးလက်ဝါးကြီးအုပ်ကာ ထိန်းချုပ်ထားခဲ့ကြသည်။ ပါတာမီနာကို ၁၉၉၉ ခုနှစ်၊ ဇူလိုင်လတွင် စာရင်းစစ်ဝင် သည့်အခါ ၆.၁ ဘီလီယံမှာ ပျောက်ဆုံးနေကြောင်းတွေ့လိုက်ရသည်။ ဆူဟာတိုနှင့်ဆက်နွှယ်နေသည့်ကုမ္ပဏီများသည် လုပ်ငန်းအကြောင်းပြပြီး အင်ဒိုနီးရှားဘဏ်များမှ ငွေချေးထားကြသည်။ ထိုကုမ္ပဏီများသည် တစ်ပြားတစ်ချပ်မှ ကြွေးပြန်မဆပ်ခဲ့ကြပေ။ ဆူဟာတိုမပြုတ်မီကာလ ၁၉၉၈ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာစာရင်းအင်း "စံ" ၊ ဘဏ်လုပ်ငန်း "စံ" များသည်ကွယ်ပျောက်ကုန်သည်ဟုဆိုရမည်ဖြစ်သည်။

၁၉၇၇ ခုနှစ်တွင် အပေါင်းအသင်းရောင်းရင်းများ၏ လွန်ကျူးလာမှုကို ထိန်းသိမ်းသည့်အနေဖြင့် လာဘ်ပေးလာဘ်ယူစနစ်ပပျောက်ရေးကို စစ်ဆင်ရေးအသွင် ဆူဟာတိုကိုယ်တိုင် ဆောင်ရွက်ခဲ့သေးသည်။ သို့သော် ဖမ်းသည့်ငါးမမိဘဲ အစိုးရဝန်ထမ်း နှစ်ပဲခြောက်ပြား လာဘ်စားထားသူများ "ဆန်ခိုး မမိ၊ ဖွဲခိုးမိ" ဘဝသို့ရောက်ကုန်ကြရသည်။

ဆူဟာတိုသည် ၂၀၀၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၇၁ သန်း အလွဲသုံးစားလုပ်မှုဖြင့် တရားအစွဲခံရသည်။ အမှုအားလုံးမှာ ယာယာဆန် ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး လိမ်လည်အလွဲသုံးစားမှုများဖြစ်သည်။ သို့သော် ဆူဟာတို၏ဆရာဝန်က တရားရုံးတွင် လာရောက်အစစ်ခံရန် ကျန်းမာရေးမကောင်းဟု အကြောင်းပြပြီး ကန့်ကွက်ထားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် တရားရုံးကဆင့်ခေါ်သော်လည်း ဦးနှောက်ရောဂါဖြင့်အကြောင်းပြပြီး ငြင်းပယ်ခဲ့ပြန်သည်။

ထွက်တော်မူနန်းကခွာပြီ[ပြင်​ဆင်​ရန်​]

၁၉၆၆ ခုနှစ်တွင် အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီ (PDI) သည် နိုင်ငံခေါင်းဆောင်မှုမှခွဲထွက်ပြီး ဆူဟာတိုကိုစိန်ခေါ် တိုက်ခိုက်ခဲ့သည်။ PDI သည် အစိုးရတရားဝင်ပါတီတစ်ခုဖြစ်သည်။ ယခင်သမ္မတဟောင်း ဆူကာနို၏သမီးဖြစ်သူ မီဂါဝတီဆူကာနိုပူထရီသည် PDI ပါတီ၏ ဥက္ကဋ္ဌဖြစ်လာပြီး ဆူဟာတိုကို ပြစ်တင်ဝေဖန်မှု ပိုများလာခဲ့သည်။ ဆူဟာတိုသည် တုံ့ပြန်သည့်အနေဖြင့် လက်ထောက်ပါလီမန်ပြောရေးဆိုခွင့်ရှိသူ ဆူရာဒီနှင့်အုပ်စုဖွဲ့ကာ ပူးပေါင်းလိုက်သည်။ ဆူရာဒီကလည်း မီဂါဝတီကို ပါတီကွန်ဂရက်တွင် ထုတ်ဖယ်ပစ်မည်ဟုကြေညာလိုက်သည်။ မီဂါဝတီက သူမကိုထုတ်ဖယ်လျှင် ထောက်ခံသူများနှင့် ဆန္ဒပြမည်ဟုတုံ့ပြန်လိုက်သည်။ ဆူရာဒီက မီဂါဝတီကိုထုတ်ဖယ်လိုက်ရာ အင်ဒိုနီးရှား တစ်နိုင်ငံလုံး ဆူပုအုံကြွမှုများဖြစ်ပွားခဲ့ရသည်။ လမ်းမများပေါ်တွင် လုံခြုံရေးတပ်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်ရမှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ သည်။ မီဂါဝတီအား PDI ဌာနချုပ်ကိုပြန်အပ်မည်၊ နောက်ထပ်ဆန္ဒပြမှုများမပြုရန် စစ်တပ်ကညှိနှိုင်းလာသည်။ မီဂါဝတီကိုထောက်ခံသူများ ကလည်း "ဒီမိုကရေစီဟစ်တိုင်" ဆိုပြီး ဆူဟာတိုကိုပုတ်ခတ်ဝေဖန် တိုက်ခိုက်မှုများ ကျယ်ပြန့်စွာပြုလုပ်လာကြသည်။

ပြဿနာသည်တစ်လခန့် လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည်။ စစ်တပ်နှင့်ရဲတို့အပြင် ဆူရာဒီကိုထောက်ခံသူများသည် စိတ်မရှည်နိုင်သဖြင့် နောက်ဆုံး PDI ဌာနချုပ်ကိုဝင်စီးပြီး မီဂါဝတီကိုထောက်ခံသူများအားရိုက်နှက်ကာ လူပေါင်း ၂၀၀ ခန့်ကိုဖမ်းဆီးသွားလေသည်။ အဖျက်သမား များဆန့်ကျင်ရေးနှင့် အမုန်းတရားများမပြန့်ပွားရေးကို ကာကွယ်သည့်ဥပဒေဖြင့် ထိုသို့ဖမ်းဆီးအရေးယူရသည်ဟုဆိုသည်။ ထိုနေ့သည် "အနက်ရောင်စနေနေ့" ဟုလူသိများသည်။ New Order အစိုးရကို ဒီမိုကရေစီထောက်ခံသူများက ဆန့်ကျင်ပွဲတွင် ဖြိုခွင်းမှုကို စတင်လိုက်ခြင်း လည်းဖြစ်သည်။

၁၉၉၇ ခုနှစ်တွင်ဖြစ်ပွားသည့် အာရှငွေကြေးဆိုင်ရာအကျပ်အတည်းသည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကိုသာမက ဆူဟာတို၏ အစိုးရကိုပါ ရိုက်ခတ်စေခဲ့သည်။ အင်ဒိုနီးရှားငွေကြေး ရူပီရားတန်ဖိုးသည်လည်း ဇောက်ထိုးကျသွားခဲ့ရသည်။ ဆူဟာတိုကိုလည်း နိုင်ငံတကာ ငွေချေးထားသည့်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ IMF နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်ရှည်ချေးငွေများနှင့် ပြည်တွင်းစီးပွားရေး ခိုင်မာစေရန် ထောက်ပံ့ထားသည့်ငွေကြေးများကို စစ်ဆေးလာတော့သည်။ IMF မှချေးငွေများကို ဆူဟာတိုအစိုးရအနေဖြင့် ပြန်ပေးရန် တောင်းဆိုလာသောကြောင့် ပြည်တွင်းလူမှုဝန်ထမ်းထောက်ပံ့ငွေများ၊ အမတော်ကြေးထောက်ပံ့ငွေများကို ဖြတ်တောက်လျော့ချမှုများပြုလာခဲ့ရ သည်။

၁၉၉၈ ခုနှစ်အစပိုင်းတွင် ခြိုးခြံခြွေတာမှုများ မည်မျှလုပ်နေသည်ဆိုစေ အခြေအနေကိုမထိန်းနိုင်ပဲဖြစ်လာသည်။ လောင်စာဆီဈေး၊ ဆန်ဈေးတို့တစ်ရိတ်ရိတ်တက်လာသည်။ ပညာရေးအတွက်ထောက်ပံရန် ငွေကြေးများဖြတ်တောက်မှုကြောင့်လည်း အခြေအနေက ပိုပြီး တင်းမာလာသည်။ အစိုးရဌာနတိုင်းတွင် လာဘ်ပေးလာဘ်ယူမှုများကလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလာသည်။

ဆူဟာတိုသည် ၁၉၉၈ ခုနှစ်တွင် သတ္တမအကြိမ်မြောက် သမ္မတအဖြစ် ပြန်လည်အရွေးခံရန် ရှေ့တန်းပြန်ထွက်လာသည်။ နိုင်ငံအတွင်း ပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် ခေါင်းဆောင်တစ်ယောက်ထွက်ပေါ်ရန် လိုအပ်နေချိန်ဖြစ်သည်။ ဆူဟာတိုကို ကုန်လွန်ခဲ့သည့်နှစ်များက ဆန့်ကျင်မှုမရှိ အကြိမ်ကြိမ်အဖန်ဖန်ပြန်ရွေးချယ်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် သူ့ပါတီဖြစ်သည့် ဂိုခါလ်ပါတီနှင့်သာမက တပ်မတော်နှင့်ပါ သဘောထားကွဲလွဲမှုများဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အစိုးရအဖွဲ့မှနုတ်ထွက် ပေးလိုက်ရပြီး သူ့နေရာတွင် ယူဆွတ်ဟာဘီဘီကို အစားထိုးခဲ့သည်။

သမ္မတဘဝမှအကျကာလ[ပြင်​ဆင်​ရန်​]

သမ္မတရာထူးမှကျပြီးသည့်နောက်တွင် ဆူဟာတိုအကြောင်းသည် မီဒီယာတွင် စိတ်ဝင်စားစရာဖြစ်လာသည်။ ရာထူးကျပြီး ဂျာကာတာမြို့ လယ်ရှိ မိသားစုပိုင်အိမ်ကြီးတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိတ်ဆွေအပေါင်းအသင်း အချွေအရံတို့လည်း နည်းပါးသွားခဲ့သည်။ ငွေကြေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဘက်ပေါင်းစုံမှတရားစွဲမှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ သို့သော်ကျန်းမာရေးအကြောင်းပြပြီး ရှောင်လွှဲ နေခဲ့သည်ချည်းဖြစ်သည်။

၁၉၉၉ ခုနှစ် မေလတွင် TimeAsia မှခန့်မှန်းချက်အရ ဆူဟာတိုမိသားစုပိုင်ဆိုင်မှုသည် ရှယ်ယာများ၊ ဖက်စပ်လုပ်ငန်းများ၊ အိမ်ခြံမြေများ၊ လက်ဝတ်ရတနာများအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရှိမည်ဟုဆိုသည်။ ထိုငွေများအနက် ဩစတီးယန်းဘဏ်တွင် အတိုးရရန် အပ်ငွေသည် ဒေါ်လာ ၉ ဘီလီယံဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိသားစုပိုင်ခြံမြေသည် ၃၆၀၀၀ ကီလိုမီတာဖြစ်သည်။ အခြားပိုင်ဆိုင်မှုအနေဖြင့် မီတာတစ်သိန်းပတ်လည်ရုံးအဆောက်အအုံမှာ ဂျာကာတာတွင်ရှိပြီး၊ အရှေ့တီမော၏မြေ ၄၀ ရာခိုင်နှုန်းတို့ကိုပါ ပိုင်ဆိုင်ကြောင်းသိရသည်။ ဆူဟာတိုအုပ်စိုးသည့် ၃၂ နှစ်တာကာလတွင် မိသားစုလက်အတွင်းသို့ရောက်ရှိသွားသည့် ငွေကြေးပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ဆူဟာတိုသည် နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံလိုက်ရပြီး သူအာဏာရစဉ်က လာဘ်စားမှု များနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် အစိုးရသို့ လှူဒါန်းသော ဒေါ်လာ ၅၇၁ သန်းကို၊ သူတည်ထောင်သည့် ဖောင်ဒေးရှင်းများကိုအကြောင်းပြပြီး မိသားစုကိုယ်ကျိုးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကာ ကိုယ်ကျိုးရှာခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စက်တင်ဘာလတွင် ရုံးတင်စစ်ဆေးရန်ဖြစ်သော်လည်း တရားရုံးကခန့်အပ်သည့်ဆရာဝန်များက တရားရုံးတွင် လာရောက်အစစ်ခံရန် ကျန်းမာရေး မကောင်းဟု အကြောင်းပြကြသည်။ ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ် တရားရုံးတွင်စစ်ဆေးရန်ဆင့်ခေါ်သော်လည်း အမျိုးအမည်မသိ ဦးနှောက်ရောဂါတစ်ခုကိုအကြောင်းပြပြီး ငြင်းဆန်ခဲ့ပြန်သည်။

ဘဝနေဝင်ချိန်[ပြင်​ဆင်​ရန်​]

သမ္မတဘဝမှ အနားယူပြီးနောက်ပိုင်းတွင် ဆူဟာတိုသည် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အူရောဂါများဖြင့် ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရသည်။ ထိုရောဂါများကြောင့်ပင် အစိုးရမှ တရားရုံးတွင် အကြိမ်ကြိမ်အစစ်ခံရန် ဆင့်ခေါ်သော်လည်း သူ့ရှေ့နေများက ငြင်းဆန်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဆူဟာတိုကို ဂျာကာတာရှိ ပါတာမီနာဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။ နှလုံးအားနည်းပြီး ခြေလက်နှင့်ဝမ်းဗိုက်များဖောယောင်လာသည်။ ကျောက်ကပ်ကလည်း ကောင်းကောင်းအလုပ် မလုပ် တော့ပေ။ ၂၀၀၈ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရောဂါအခြေအနေပိုဆိုးလာခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ် တွင် ကွယ်လွန်သွားခဲ့သည်။

သူ့အလောင်းကို လေယာဉ်ဖြင့် ၂၈ ရက်နေ့တွင်သယ်ဆောင်သွားပြီး ဂီရီဘန်ဂန်သင်္ချိုင်းရှိ အသက် ၄၉ နှစ် အရွယ်တွင် ကွယ်လွန်သွားသော ဇနီးဖြစ်သူ၏ဂူဘေးတွင် ပြင်ဆင်ထားခဲ့သည်။ သူ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်ပေးပြီး စစ်ဘက်၊ အရပ်ဘက်မှပုဂ္ဂိုလ်များ လာရောက်ဂါရဝပြုကြသည်။ လက်ရှိသမ္မတ ယူဒိုယိုနိုကိုယ်တိုင် ကြီးမှူးကျင်းပပေးသည့် ဈာပနပွဲလည်းဖြစ်သည်။