ဆူမတြာကျွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆူမတြာကျွန်း[ပြင်​ဆင်​ရန်​]

ဆူမတြာကျွန်းသည် အရှေ့အိန္ဒိယကျွန်းစုတွင် အနောက်ဘက်အကျဆုံး ကျွန်းဖြစ်၍၊ စတုရန်မိုင် ၁၆၆၇၈၉ မိုင်ခန့် ကျယ်ပြန့်ပြီးလျှင် လူဦးရေ ၇၈၄၁၁၇၅ ယောက်ခန့်ရှိ၏။ တစ်ကျွန်းလုံးသည် လှပစိမ်းလန်သော အုန်း၊ ထန်း၊ ဓနိစသော အပင်မျိုးတို့ဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ မျောက်ဆင်ကြံ့နှင့် တောဝက်စသော သားကောင်များလည်းရှိသည်။ မြင့်မားသော တောင်တန်းများ၌ ယခုထက်တိုင် အငွေ့တစ်လူလူတက်နေသော မီးတောင်များရှိသည်။ တောင်များ၏အနောက်ဘက်သည် မတ်စောက်၍ အရှေ့ဘက်ဆင်ခြေလျှောတွင် မြစ်ငယ်ချောင်းငယ်များ စီးဆင်းလျက်ရှိ၏။ မြေသြဇာထက်သန်ကောင်းမွန်သဖြင့် သကြား၊ ဆန်၊ စပါး၊ ကော်ဖီ၊ ငရုတ်ကောင်း၊ ဆေးရွက်များကို နိုင်ငံခြားသို့တင်ပို့ရန် များစွာ စိုက်ပျိုးကြ၏။

ဆူမတြားကျွန်းတွင် သံ၊ ကျောက်မီးသွေး၊ သံဖြူ၊ ရေနံ၊ ကြေးဝါနှင့် ရွှေများကို တွေ့ရှိရသည်။ ဆူမတြားကျွန်းရှိ လူမျိုးများမှာ အမျိုးမျိုးဖြစ်၍ ဘာသာစကားအမျိုးမျိုး ပြောဆိုကြ၏။ တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာကိုင်းကျွန်းကိုမှီခို၍ အသက်မွေးမြူကြသည်၊ အချို့တိုင်းရင်းသားများမှာမူ ယနေ့တိုင် မယဉ်ကျေးသေးဘဲ၊ လူရိုင်းဘဝဖြင့်သာ တော တောင်များကို မှီတင်း နေထိုင်လျက်ရှိကြ၏။ ရှေးအခါက ဟိန္ဒူတို့၏ ယဉ်ကျေးမှု လွှမ်းမိုးရာဖြစ်ခဲ့၍၊ ထိုရှေးအယူဝါဒဆိုင်ရာ အဆောက်အအုံပျက်များကို အချို့နေရာ များတွင် တွေ့ရ၏။ သို့ရာတွင် ၁၃ ရာစုနှစ်များအတွင်း၌ မွတ်စလင်တို့ လွှမ်းမိုးလာရာ၊ ယနေ့တိုင် တိုင်းရင်းသားများစွာတို့သည် မွတ်စလင်များဖြစ်ကြသည်။ ထို့နောက် ပေါ်တူဂီတို့က ဝင်ရောက် သိမ်းပိုက်ခဲ့ပြန်၍၊ ၁၆ ရာစုနှစ်ကုန်ခါနီးတွင် ပေါ်တူဂီတို့အား ဒပ်ချလူမျိုးတို့က တိုက်ခိုက်မောင်းထုတ်လိုက်ပြီးလျှင် ဒပ်ချလူမျိုးပိုင်ကျွန်း ဖြစ်ခဲ့လေသည်။ ဆူမတြားကျွန်း သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်လက်အောက်သို့ ကျရောက်ခဲ့သည်။ ပါးဒန်း၊ မေဒန်းနှင့် ပါလင်ဗန်းမြို့ကြီးများသည် မီးရထားအဆက်အသွယ် ရှိ၍ ထင်ရှားသောမြို့ကြီးများဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် ဆူမ တြာကျွန်းအပါအဝင် အရှေ့အိန္ဒိယ ကျွန်းစုများကို စုပေါင်း၍၊ အင်ဒိုနီးရှားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ သို့ဖြင့် ဒပ်ချတို့နှင့် အချင်းများခဲ့ရာ ၁၉၄၉ ခုနှစ်တွင်မှ အင်ဒိုနီးရှားနိုင်ငံပေါ်ပေါက်လာလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)