ဆီးချိုရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Diabetes mellitus
Classification and external resources
Universal blue circle symbol for diabetes.[၁]
ICD-10 E10.E14.
ICD-9 250
MedlinePlus 001214
eMedicine med/546 emerg/134
MeSH C18.452.394.750
ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်)ဟု ခေါ်သည်။ ဆီးချိုရောဂါ သည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ့်ဓာတ်(Glucose) များနှင့် ပတ်သက်သော ဇီဝဓာတုမက်တာဘိုးလစ်ဖြစ်စဉ် (metabolism)တစ်ခု ကမောက်ကမ ဖြစ်သည့်အတွက် ဖြစ်ပေါ်ရသော ဝေဒနာစု တစ်ခု ဖြစ်ပါသည်။ ဆီးချိုရောဂါ ဖြစ်လေ့ရှိသော အကြောင်းရင်းနှစ်ချက်မှာ
  • (၁)မျိုးရိုးဗီဇ (Genetic )/မျိုးရိုးလိုက်ခြင်း (hereditary) နှင့်
  • (၂)အနေအထိုင်ဘဝ ပတ်ဝန်းကျင် တို့ ဖြစ်ပါသည်။

(ဤနေရာတွင် အနေအထိုင် ဘဝ ပတ်ဝန်းကျင် ဆိုသည်မှာ အထိုင်များခြင်း၊ အဝလွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျ၍ ဆီးချို ဖြစ်ရခြင်းကို ဆိုလိုပါသည်။)

အသုံးအနှုန်း[ပြင်​ဆင်​ရန်​]

ယင်းအထက်ပါ အချက်များ ပုံစံတကျ မဖြစ်သောအခါ ခန္ဓာကိုယ်၏ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နှင့် ပတ်သက်သည့် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားသည်။ ထိုအခါ လူ့ကိုယ်ခန္ဓာ၏ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါသည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) ဟု ခေါ်သည်။

သွေးထဲတွင်ရှိသော သကြားဓာတ် ပမာဏကို ထိန်းချုပ်သည့် ပစ္စည်းများမှာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတုပစ္စည်း များနှင့် ဟိုမုန်းများ ဖြစ်သည်။ ဟိုမုန်းများအနက် အစာအိမ်၏ အောက်တွင် ကပ်လျက် တည်ရှိနေသော ပန်ကရိယ (pancreas )၏ ဘီတာဆဲလ်( beta-cell)မှ ထုတ်လုပ်သော အင်ဆူလင်(INSULIN) ဟိုမုန်း သည် အရေးကြီး၏။

ဆီးချိုဟူသော အဓိပ္ပါယ်ကို ပြန်ကောက်ရလျှင် ဆီးချိုဆိုသည်မှာ ခန္ဓာကိုယ်တွင်ရှိသော အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားခြင်း သို့မဟုတ် အင်ဆူလင်ဟိုမုန်း၏ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

ရောဂါ လက္ခဏာများ[ပြင်​ဆင်​ရန်​]

လူတစ်ဦး၏ ဆီးချိုရောဂါသည် အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့လျှင် ယင်းဆီးချိုကို ဆီးချိုအမျိုးအစား-၁ ဟု ခေါ်ဝေါ်သည်။ အကယ်၍ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်း၏ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်ခြင်းကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ ဟုခေါ်သည်။ နောက်တစ်ချက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ဖြစ်သည်။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးခြင်းပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်ခြင်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးသည် သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေသည်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနှင့် အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေပါသည်။ ၄င်းတိုမှာ

  1. ဆီးသွားတာများခြင်း၊
  2. ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊
  3. အမြင်အာရုံ ကျဆင်းဝေဝါးခြင်း၊
  4. အကြောင်းမဲ့ ပိန်ခြင်း၊
  5. မအီမသာဖြစ်ခြင်း နဲ့
  6. အခြားလက္ခဏာတွေ ပဲဖြစ်ပါသည်။

မည်သည့် ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်သည်။ ၁၉၂၁ တွင် အင်ဆူလင် ပေါ်လာကတည်းက ကြပ်မတ်စွာ ကုသနေနိုင်ခဲ့ပါသည်။ သို့သော် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပေ။ ဆီးချိုအမျိုးအစား -၁ တွင် အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် (pump) နဲ့ကုသခြင်း စသည့် ကုထုံးများဖြင့် ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါသည်။ အမျိုးအစား၂ တွင်မူ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းများနှင့် သောက်ဆေးဖြင့် ကုသခြင်း (Oral hypoglycaemic drugs) အပိုင်း၊ အင်ဆူလင် ဖြင့်ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါသည်။

ဆီးချိုရောဂါနှင့်အတူ ယင်းကိုကုသသည့် ကုထုံးများကြောင့် ရောဂါ နောက်ဆက်တွဲများ ရှိလာတတ်သည်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးများ အနေနှင့်- သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycaemia) ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များလာခြင်း (Diabetic Ketoacidosis)၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာဟု ခေါ်သော သတိမေ့မြောရောဂါ ဖြစ်ခြင်း (Non-ketotic hyperosmolar coma) တို့ ဖြစ်တတ်သည်။

အက်ဆစ်မများဘဲ သကြားဓာတ်အလွန်အမင်းများက သကြားဓာတ်က ရေဆွဲအားများ၍ ကိုမာ ဖြစ်ခြင်းမျိုး (Non-ketotic hyperosmolar coma) နှင့် သကြားဓာတ်များကာ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ketoacidosis) မျိုးမှာ သေသေချာချာ ထိရောက်သော ကုသမှုမျိုးကို မယူရသေး၍ ဖြစ်နိုင်ပါသည်။

ရောဂါကြောင့် ဖြစ်ပေါ်သည့် အချိန်ကြာမှ ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ရောဂါများမှာ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါများ (cardiovascular) ကျောက်ကပ် ပျက်ဆီးခြင်းမျာ (nephropathy)၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင် ကျဆုံးခြင်းများ (renal failure) မျက်လုံး အတွင်းပိုင်း ရက်တီနာ ဟု ခေါ်တဲ့ အမြင်လွှာစုစည်းသည့် အာရုံခံ ပစ္စည်း ပျက်စီးခြင်းများ (retinopathy) ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စသည်တို့ကို သိသည့် အာရုံကြောနှင့် ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါသည်။

ထို့နောက် အနာကျက်တာနှေး ခြင်း အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်ပါသည်။

ခြေထောက်များမှာ အနာကျက်နှေးသည့်အတွက် နောက်ပိုင်း အသားများပုပ်ဆွေးခြင်းများ မှသည် ခြေထောက် ဖြတ်ပစ်ရခြင်း မျိုးများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် လုံလောက်သည့် ဆီးချို ကုသမှုနှင့် သွေးတိုးရောဂါကိုလည်း ထိန်းသိမ်း၊ အနေအထိုင် ဘဝဝန်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်လျှင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့ လုပ်နိုင်လျှင်) ယခင်က ပြောခဲ့သော အချိန်ကြာမြင့်မှ ပေါ်ပေါက်မည့် ရောဂါ နောက်ဆက်တွဲ များကို အထိုက်အလျောက် တားဆီးနိုင်ပါ၏။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ဆီးချိုသည် လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရခြင်း၏ အဓိက အကြောင်း အရင်းတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။

အမေရိကန်နိုင်ငံ တွင်မူ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါမှာ ဒိုင်ယာလက်ဆစ် (DIALYSIS) ဟု ခေါ်သည့် သွေးအတွင်း ဓာတုပစ္စည်းများကို အပြင်က ဓာတုပစ္စည်းတွေနှင့် ဖလှယ်ကာ ကျောက်ကပ်ကို အနားပေး ကုသရသည့် ကုထုံး ၏ အဓိကဖောက်သည်ရောဂါကြီး ဖြစ်နေပါသည်။

ဆီးချိုအမျိုးအစားများ[ပြင်​ဆင်​ရန်​]

ဂရိစ်စကားဖြစ်သော ဒိုင်ယာဘိတိစ်( Diabetes) ၏ အဓိပ္ပါယ်မှာ ဆီးသွားခြင်းဟူ၍ ဖြစ်သည်။ မြန်မာ ဆေးပညာစကားလုံး ဆီးချိုဟူသည်မှာ ဒိုင်ယာဘိတိစ် များထဲမှ တစ်ခုဖြစ်သော ဒိုင်ယာဘိတိစ် မလိုက်တပ်စ် ( Diabetes mellitus) ဖြစ်သည်။ အခြား ဆီးသွားများသော ရောဂါများအနက် ထင်ရှားသည်မှာ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ် (Diabetes insipidus) ဖြစ်သည်။ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ်သည် ဦးနှောက် အတွင်းရှိ ပစ်ကျူထရီဂလင်း* အကြိတ်ဖြစ်ပေါ်မှုကြောင့် ဖြစ်လေ့ရှိသည်။ ယင်းရောဂါသည် ဖော်ပြနေဆဲ ဆီးချိုနှင့် ဆီးသွားများခြင်း၊ ရေငတ်ခြင်း စသော ရောဂါလက္ခဏာများ၌ ဆင်တူသော်လည်း ခြားနားသော ရောဂါတစ်ခုဖြစ်သည်ကို သတိမူရပါမည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ဆီးချိုရောဂါ လူနာ အရေအတွက်သည် ခရစ်သက္ခရာဇ်၂၀၃၀ တွင် သန်း၃၅၀ ကျော်အထိ များပြားလာမည်ဟု ခန့်မှန်းထားသည်။ အစိုးရများနှင့် အစိုးရမဟုတ်သော ကျန်းမာရေး ထောက်ပံ့မှုအဖွဲ့များသည် ဆီးချိုရောဂါ ပညာပေးရေး၊ ရောဂါ အမည်ဖော်ထုတ်နိုင်ရေး နှင့် ဆီးချိုကြောင့် နာတာရှည် မစွမ်းမသန်ဖြစ်မှုများအတွက် ကုသမှုပေးရေး အစီအစဉ်များကို အကောင်အထည်ဖော်နေသည်။

ဆီးချိုအမျိုးအစား-၁ ဟူသည်မှာ ယခင်က ခေါ်ဝေါ်လာခဲ့ကြသော
  • ကလေးဆီးချို (ချိုင်းဟုဒ်)(Childhood Diabetes Mellitus)
  • လူငယ်ဆီးချို(ဂျူဗင်နိုင်း) (Juvenile DM)
  • အင်ဆူလင်မှီခိုဆီးချို( Insulin Dependent Diabetes Mellitus) ဟူသော စကားလုံးများကို အစားထိုးထားခြင်းဖြစ်သည်။
ဆီးချိုအမျိုးအစား-၂ သည်လည်း ယခင်က ခေါ်ဝေါ်လာခဲ့သော
  • သက်ကြီးဆီးချို
  • အဝလွန်ဆက်နွှယ်ဆီးချို (Obesity related DM)
  • အင်ဆူလင် မမှီခိုဆီးချို (Non-insulin dependent Diabetes Mellitus) တို့ကို အစားထိုး ခေါ်ဝေါ်ထားခြင်းဖြစ်သည်။

စင်စစ် ၄င်းအမျိုးအစား နှစ်မျိုးအတွင်း အကျုံးမဝင်သေးသော ဆီးချိုရောဂါများ ရှိသေးသော်လည်း ပညာရှင် အများအပြားလက်ခံနိုင်သော အနေအထားနှင့် အမျိုးအစားခွဲခြားရန် လောလောဆယ်မဖြစ်နိုင်သေးပါ။ သို့သော် ဆီးချိုကို လေ့လာနေသော ပင်ရင်းဋ္ဌာန အတော်များများကမူ အမျိုးအစား-၃ ကို ထပ်မံ သတ်မှတ်သည်။

  1. ကိုယ်ဝန်ဆောင်ဆီးချို( Gestational Diabetes Mellitus)
  2. အင်ဆူလင်မတိုးခြင်း ပေါင်းစပ်ပါဝင်နေသော ဆီးချိုအမျိုးအစား ၁ (Insulin resistance related DM type 1) ) ၊ အင်ဆူလင်ထိုးရန်လိုသော ဆီးချိုအမျိုးအစား ၂ (Insulin requiring DM type 2) ၊ နှင့်
  3. ဆိုင်းငံ့ အော်တိုအင်မျူး ဆီးချိုရောဂါ (Latent Autoimmune Diabetes Mellitus)တို့ကို ပေါင်းစပ်၍ ဆီးချို အမျိုးအစား -၃ (Diabetes Mellitus type 3)ဟူ၍ သတ်မှတ်သည်။

ထို့ပြင် လူငယ်များတွင် ဖြစ်တတ်သော သက်ကြီးဆီးချို အမျိုးအစားလည်း ရှိသေးသည်။ အင်္ဂလိပ်ဆေးပညာစကားလုံးနှင့် MODY (maturity onset diabetes of the young) ဟုခေါ်ရသည်။ ယင်းမှာ မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး ဂျင်း(gene)အမျိုးအစားတစ်ခု ချို့ယွင်းသော ရောဂါဖြစ်သည်။ ယင်းရောဂါသည် မျိုးရိုးလိုက်ခြင်း သိသာစွာဖြစ်ပြီး အသက်သုံးဆယ် ကျော်လွန်သောအခါ ဆီးချို အမျိုးအစား-၂ ၏အနေအထား အတိုင်း ပေါ်ပေါက်လာသည်။

အမျိုးအစားခွဲခြားခြင်း (မာတိကာ)[ပြင်​ဆင်​ရန်​]

ဆီးချိုအမျိုးအစား-၁

ဆီးချိုအမျိုးအစား-၂

ကိုယ်ဝန်ဆောင်ဆီးချို

အခြားဆီးချိုများ

ဆီးချိုရောဂါလက္ခဏာများ

ဆီးချိုရောဂါအမည်တပ်ခြင်း

ဆီးချိုရောဂါကိုကာကွယ်ခြင်း

ဆီးချိုကုထုံးဆိုင်ရာစီမံခန့်ခွဲမှုများ

ဆီးချိုကုထုံးကိုယူခြင်းနှင့်မယူခြင်း

ဆီးချိုအမျိုးအစား-၁[ပြင်​ဆင်​ရန်​]


File:Islet of langerhans.jpg
လင်ဂါဟန်ဆဲအစုဝေး(Islets of langerhans) ( အင်ဆူလင်(insulin) ထုတ်သည့် နေရာက အစိမ်းရောင်(ဘီတာဆဲလ်) ဂလူကာဂွန်(glucagon) ထုတ်သည့်နေရာက အနီရောင်(အယ်ဖာဆဲ) နူကလိယပ်စ် (nucleus)နေရာက အပြာရောင်)

ဆီးချိုအမျိုးအစား ၁ သည် အင်ဆူလင်ထုတ်လုပ်နိုင်သည့် ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်ပင်ဖြစ်သည်။ ဘီတာဆဲလ်သည် ပန်ကရိယဂလင်း* အတွင်း လင်ဂါဟန် ဆဲလ် အစုအဝေးတွင် မြုပ်လျက်ရှိသည်။ ပုံတွင် အစိမ်းရောင် နှင့်ပြထားသော ဆဲလ်များမှာ ဘီတာဆဲလ်ဖြစ်သည်။

ဤရောဂါအမျိုးအစားကို (၁) အင်မျူးနှင့်ဆက်စပ်သည့် ရောဂါ နှင့် (၂)ဆက်စပ်မှု အကြောင်းရှာမရသည့် ရောဂါဟု ထပ်မံခွဲခြားထားပါသည်။ အများစုက အင်မျူး*² နှင့် ဆက်စပ်ပါသည်။ အမျိုးအစား ၁ ကိုကာကွယ်ရမည့် နည်းလမ်း ယနေ့ထက်တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ မြောက်အမေရိကနှင့် ဥရောပတွင် ဆီးချို -၂ က ၉၀ ရာခိုင်နှုန်း ဆီးချို -၁ က ၁၀ ရာခိုင်နှုန်း ဖြစ်ပွားတတ်ပါသည်။ အာရှနှင့် ပစိဖိတ်ဘက်တွင်လည်း ၁၀ နှစ်မှ ၁၉ နှစ်အရွယ်လူငယ်များကို လေ့လာကြည့်ရာ အမျိုး အစား ၂ သည် အမျိုးအစား၁ ထက် ၂ ဆခန့် ပိုမိုဖြစ်ပွားနေပါသည်။

ဆီးချို-၁ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိသည်။ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု*³ ပုံမှန်အတိုင်းပင်ရှိတတ်သည်။ ဆီးချိုအမျိုးအစား ၁ သည် လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်ကြပါသည်။

ဆီးချိုအမျိုးအစား-၁ ကို ကုသရာ၌ အခြေခံမူဝါဒမှာ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်ပါသည်။

အင်ဆူလင်ကုထုံး မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓါတ်များခြင်း**¹ အရေးပေါ်ရောဂါမျိုး မကြာခဏဖြစ်ပွားတတ်ပြီး ကိုမာ(Coma) မှ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။

ယခုအခါ ကုထုံးပိုင်းအတွက် အာရုံစိုက်နေသည်မှာ နေထိုင်နည်းပြောင်းလဲပေးခြင်း (အစားအသောက် နှင့်လေ့ကျင့်ခန်း) ဖြစ်သော်လည်း ယင်းသို့ပြောင်းလဲပေးခြင်းကြောင့် ရောဂါဆိုးရွားမှုကို တန့်ရပ်သွားမည်ဟု မျှော်လင့်မထားပါ။ဆီးချိုရောဂါရှင်များအတွက်တိုက်တွန်းထားသောအားကစားများနှင့် တားမြစ်ထားသော အားကစားများ ရှိပါသည်။ ဆီးချိုရောဂါသည် ရှောင်ကြဉ်ရမည့် အစားအသောက်များ များကိုလည်း ရှောင်ရှားရမည်ဖြစ်သည်။

အင်ဆူလင် ထိုးရာတွင် ဆေးထိုးအပ်ကို အသုံးပြု၍ အရေပြားအောက်ထိုးခြင်းအပြင် အင်ဆူလင် ညှစ်ထုတ်ပေးမည့် ပမ့်(PUMP)**²နှင့် အင်ဆူလင်ကို အချိန်မှန် ညှစ်ထုတ်စေခြင်း နည်းလမ်းလည်း ရှိသည်။ ပမ့်ကိုသုံးသဖြင့် ၂၄ နာရီလုံးလုံး သွေးအတွင်း အင်ဆူလင် ပမာဏကို ထိန်းသိမ်းပေးထားနိုင်သည်။ အစားစား၍ အင်ဆူလင်လိုအပ်မှု ပမာဏ တိုးလာသည့် အခိုက်တွင် အင်ဆူလင်ကိုတိုး၍ လိုသလောက် ညှစ်ထုတ်ပေးရန် စီမံထားသည်။ အင်ဆူလင် မဟုတ်သော ကုသမှုမျိုး (ဥပမာ- ပဋ္ဋိပစ္စည်း တစ်မျိုးနှင့် ရင်းမြစ်ဆဲလ် (STEM CELL)**³ ကုထုံးများမှာ တိရစ္ဆာန်များကို ကုသအောင်မြင်ပြီး လူသားများ၌ စမ်းသပ်ဆဲ အဆင့်တွင်သာရှိသည်။

အမျိုးအစား -၁ သည် ပုံမှန်လုပ်နေကျအလုပ်များကို အဟန့်အတားမဖြစ်စေပေ။ လူနာက ရောဂါအကြောင်း စိတ်ဝင်စား လေ့လာထားမှု၊ အင်ဆူလင် ထိုးနည်း လေ့ကျင့်ထားမှု၊ သင့်လျော်စွာ ကုသမှု ခံယူမှု၊ စမ်းသပ်စစ်ဆေးမှုများ၌ စည်းစနစ်ကျနရမှု၊ အင်ဆူလင်ထိုးဆေးပမာဏ အသုံးပြုခြင်း စနစ်ကျနမှုများရှိလျှင် ပုံမှန်အတိုင်း နေထိုင်သွားလာ နိုင်ပေသည်။

သို့သော် အင်ဆူလင်ကုထုံးမှာ လူနာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ရသည်။ အင်ဆူလင် ထိုးခံရခြင်းကပင်လျင် အလုပ်ပိုတစ်ခု ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။

သွေးထဲရှိ သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် (blood glucose level)သည် အမျိုးအစား -၁ ၌ ၈၀မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာ {80-120mg/dl (4-6mmol/l)}နှင့် အနီးစပ်ဆုံးရှိနေသင့်ပါသည်။ အချို့ သမားတော်ကြီးများကမူ အင်ဆူလင် ထိုးနေရင်း သကြားဓာတ်ပမာဏ မကြာခဏအလွန်အကျွံ ကျသွားတတ်ခြင်း (ဆီးချိုကျခြင်း-ဟိုက်ပိုဂလိုက်စီးမီးယား (hypoglycemia) ဖြစ်တတ်သော လူနာများ အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် ကို ၁၄၀ မှ ၁၅၀ မီလီဂရမ်ပါ ဒက်ဆီလီတာ {140-150mg/dl (7-7.5 mmol/l)} ထားဖို့ ဆန္ဒပြုထားကြပါသည်။

သွေးအတွင်း သကြားဓါတ်ပမာဏ ၄၀ဝ မီလီဂရမ်ပါဒက်ဆီလီတာ {400mg/dl(20mmol/l)}ထက်ကျော်လွန်လျင် ဆီးသွားခြင်းများပြားပြီး ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်သည်။

၆၀ဝ မီလီဂရမ်ပါ ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းကြောင့် အရေးပေါ်ရောဂါ ဖြစ်ပေါ်တတ်ပေသည်။ ချက်ချင်း အသက်ဆုံးရှူံးစေတတ်သော ရောဂါ မဟုတ်သော်လည်း အသက်အန္တရာယ်အတွက်စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။ တစ်ဖက်တွင်လည်း အင်ဆူလင် ထိုးဆေးပမာဏ များလွန်းပါက သွေးအတွင်း သကြားဓာတ်အလွန်အမင်း ကျသွားတတ်ခြင်း - ဟိုက်ပိုဂလိုက်စီးမီးယား အန္တရာယ်က ရှိနေပြန်သည်။ ယင်းအရေးပေါ် ရောဂါကမူ တက်ခြင်းမှသည် သတိလစ်ခြင်း အထိဖြစ်ပြီး ချက်ချင်း အသက် ဆုံးရှူံးတတ်သည်။ပထမကုထုံးမှာ ဟိုက်ပိုဂလိုက်စီးမီးယား ဖြစ်သည်နှင့် သကြားဓာတ်အများအပြားပါ အရေးပေါ်ဂျဲလ် - ဟိုက်ဂလူးကိုစ့်ဂျဲလ် (high glucose gel)ကို လူနာ၏ ပါးစပ်ထဲထည့်ပြီး ဒက်စ်တို့သကြား (Dextrose)ကို အမြန်ထိုးခြင်းလက်ရှိအကောင်းဆုံးအရေးပေါ်ကုထုံးဖြစ်သည်။ဒုတိယနည်းမှာ အင်ဆူလင်နှင့် အစွမ်းသတ္တိ ပြောင်းပြန်ဖြစ်သောဟိုမုန်းတစ်မျိုးကို တုပ ထုတ်လုပ်ထားသည့် ဂလူကာဂွန်(Glucagon) ကို ထိုးပေးခြင်းဖြင့်လည်းကုသနိုင်ပါသည်။ ဤရောဂါတွင်ဆေးကိုအမြန်ထိုးနိုင်ရန် လိုအပ်သဖြင့် လက်လှမ်းမှီသမျှဆေးများကို အမြန်ဆုံး အသုံးပြုသင့်သည်။

ဆီးချိုအမျိုးအစား-၂[ပြင်​ဆင်​ရန်​]


ဆီးချိုအမျိုးအစား-၂ သည် အင်ဆူလင်ကိုခုခံခြင်း နှင့် အင်ဆူလင်မတိုးခြင်း*² ကြောင့်ဖြစ်သည်။ ယင်းနှင့်အတူ အင်ဆူလင်ထုတ်လုပ်ခြင်း လည်း အနည်းငယ် ကျဆင်းလာတတ်သည်။ အချို့လူနာများတွင်မူ အင်ဆူလင် လုံးဝ မထုတ်လုပ်နိုင်တော့ သည်လည်း ရှိသည်။ မည်သည့် အချက်က ချို့ယွင်းသည်ဟူ၍ အတိအကျ ဆိုနိုင်သေးသည်တော့ မဟုတ်။ သိရှိရသလောက် ချို့ယွင်းချက်များကို တူရာတူရာစု၍ ဆီးချိုအမျိုးအစားများ ခွဲခြားထားရခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ မှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။

ဆီးချို-၂၏ အစောပိုင်း အဆင့်တွင် ရောဂါဖြစ်စေသော အဓိက ချို့ယွင်းချက်မှာ အင်ဆူလင်၏ အစွမ်းသတ္တိမတိုးခြင်း တနည်းအားဖြင့် ခန္ဓာကိုယ်က အင်ဆူလင်ကိုခုခံခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းအဆင့်တွင် သွေးအတွင်းရှိ အင်ဆူလင် ပမာဏသည် များ၍နေသည်။ ဤအဆင့်၌ သွေးအတွင်း သကြားဓာတ်ပမာဏကို လျှော့ချရန်အတွက် အင်ဆူလင်အပေါ်တုန့်ပြန်မှုတိုးစေရန် (တနည်း- အင်ဆူလင်တိုးစေရန်) ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အသည်းမှ ဂလူးကိုစ့် (Glucose) ဓာတ် ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ဆေးဝါးများပေးကြသည်။ ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာသောအခါ အင်ဆူလင် ထုတ်လုပ်မှု ပါ ကျဆင်းလာသည်။ ထိုအခါ အင်ဆူလင်ကုထုံး ပါ လိုအပ်လာရလေ့ရှိသည်။

ဆီးချို-၂ ဖြစ်စေသော ရောဂါ အကြောင်းရင်းနှင့် ရောဂါဖြစ်စဉ်အပေါ် သုံးသပ်ထားသော သီအိုရီ မြောက်မြားစွာ ရှိသည်။ ဝမ်းဗိုက်ပိုင်းအဆီများခြင်း (Abdominal obesity) (ခါး ပတ်ဝန်းကျင်နှင့် ကိုယ်တွင်းကလီစာများ အဆီဖုံးခြင်း ) သည် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) ရှိသည်။ ဝမ်းဗိုက် အဆီပြင်သည် အဒီပိုကိုင်းစ် (Adipokines) ဓာတုပစ္စည်းကို ထုတ်လုပ်နိုင်စွမ်းရှိသည်။ အဒီပိုကိုင်းစ်သည် ဂလူးကိုစ့် ထိန်းသိမ်းရေးစနစ် ကို ကျဆင်းစေသည်။ အဆီများ အဝလွန်ခြင်းကို ဆီးချိုအမျိုးအစား-၂ ဖြစ်သူများ၏ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရသည်။ အခြား ဖြစ်နိုင်စွမ်း အချက်များတွင် အသက်အရွယ် ကြီးလာခြင်းလည်း ပါဝင်သည်။ ( မြောက်အမေရိကရှိ အသက်ကြီးသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဆီးချိုရှိသည်။) ထို့ပြင် မိသားစုရောဂါ ရာဇဝင် လည်းပါဝင်သည်။ (အမျိုးအစား-၂ သည် ဆွေမျိုး အရင်းအခြာအတွင်း ဆီးချိုရောဂါ ရှိမှုနှင့် အတော်လေး ပတ်သက်ဆက်နွှယ်မှုရှိသည်။)

နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် ဆီးချိုအမျိုးအစား-၂ သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်ပါ အဖြစ်များလာသည်ကို တွေ့ရသည်။ ဖြစ်နိုင်ချေရှိသည်မှာ အချို့နေရာများရှိ ကလေးငယ်များ ဤဆယ်စုနှစ် အတွင်း အဝလွန်လာခြင်းကြောင့် ဖြစ်ပေမည်။ သဘာဝ ပတ်ဝန်းကျင် ကလည်း ဆီးချို လတ်တလော အဖြစ်များလာရခြင်းအပေါ် သက်ရောက်မှု ရှိမည်။ ဆီးအတွင်း ဘစ်ဖီနောအေ (Bisphenol A) တွေ့ရှိရခြင်း နှင့် ဆီးချို-၂ ဆက်စပ်မှုကို တွေ့ရသည်။

ဆီးချိုအမျိုးအစား-၂ကို ရှေးဦးစွာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း ကစီဓာတ်- ကာဘိုဟိုက်ဒရိတ် Carbohydrate ဓာတ် စားသုံးမှု လျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း များဖြင့် ကုသသည်။ ၄င်းတို့က အင်ဆူလင်တိုးမှု (တနည်း- အင်ဆူလင်ကိုခုခံခြင်း Insulin Resistanceအားလျော့နည်းစေခြင်း )ကို ပြန်လည်ထိန်းသိမ်းပေးသည်။ တခါတရံ၌ ဤသို့ထိန်းသိမ်းရုံမျှနှင့် ကျေနပ်ဖွယ် သွေးအတွင်းသကြားဓာတ်ပမာဏကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) မှာ လျော့ကျမသွား။ ထို့ကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်လျှော့ခြင်း များကို ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ နောက်တစ်ဆင့်မှာမူ (လိုအပ်ပါက) ဆီးချိုသောက်ဆေးများ (Oral Hypoglycemic Drugs) ပေးခြင်းဖြစ်သည်။

အမျိုးအစား-၂ တွင် အင်ဆူလင်ထုတ်လုပ်မှုသည် အနည်းငယ်သာ ကျဆင်းတတ်သဖြင့် (အင်ဆူလင် ကုထုံးကို မသုံးသေးဘဲ ) ပန်ကရိယဘီတာဆဲလ်မှ အင်ဆူလင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အားပေးသော သောက်ဆေးမျိုး( ဥပမာ ဆာဖွန်နိုင်းယူရီးယား- Sulfonyluria) ပေးနိုင်သည်။ သို့မဟုတ် အသည်းမှ ဂလူးကိုစ့်-သကြားဓာတ် ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အင်ဆူလင်ခုခံမှု ကိုလျှော့ချပေးသော သောက်ဆေး(ဥပမာ မက်ဖော်မင်-Metformin) ပေးနိုင်သည်။ သို့မဟုတ် အင်ဆူလင်ကိုခုခံခြင်းကို အတော်များများ လျှော့ချပေးနိုင်သော သောက်ဆေး (ဥပမာ သိုင်ရာဇိုလီ ဒိုင်နီဒီအုန်း- Thiazolidinediones) ကိုပေးနိုင်သည်။

သောက်ဆေးပေးပြီးကုသခြင်းသည် ရောဂါနှောင်းပိုင်းတွင် အင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်များ ထပ်မံပျက်စီးခြင်းကြောင့် လူနာအပေါ် ဆေး၏ သက်ရောက်မှု ကျဆင်းလာမည်။ ထိုအချိန်တွင် သကြားဓာတ်ပမာဏကို ပုံမှန်သို့မဟုတ် ပုံမှန်နီးပါး ထိန်းသိမ်းနိုင်ရန် အင်ဆူလင်ကုထုံးကို သုံးရမည်ဖြစ်သည်။

အဓိပ္ပါယ်သတ်မှတ်ချက်

ကိုယ်ဝန်ဆောင်ဆီးချိုကို အဓိပ္ပါယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသော မည်သည့် ဆီးချိုတက်မှုမျိုးကို မဆို ကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပါယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းက ဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်နေမှန်း မသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာ ရောဂါဖြစ်နေကြောင်း စတင်သိရှိရခြင်းမျိုး သို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလ တိုက်ဆိုင်သွားခြင်းမျိုး များလည်း ပါဝင်ရပေတော့မည်။

ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများ 

Template:For -ယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်ပမာဏ ပုံစံတကျမရှိခြင်း

-ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း

-သက်ကြီး ကိုယ်ဝန်ဆောင်ခြင်း အများအားဖြင့် ၃၅ နှင့်အထက်)

-လူမျိုး( အဖြစ်များသောလူမျိုးများမှာ အာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်)

-ကိုယ်အလေးချိန်များသူများ အဝလွန်သူများ

-ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း)

- ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း

-ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်း သိရသည်။

၄၀မှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များ တွင်မူ တင်ပြခဲ့သော ဖြစ်နိုင်ချေ များကို ရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း ပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်တတ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ များလေလေ ရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာ ကုသထားလျင်မူ ရောဂါနောက်ဆက်တွဲ အချက်အတော်များများကို လျှော့ချနိုင်သည်။

ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာ ပုံမမှန်ခြင်း ဖြစ်နိုင်သည်။ ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူ ကိရိယာနှင့်မွေးရခြင်း(ဥပမာ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များ လုပ်ရဖို့များသည်။ ရိုးရိုးမွေးပါက ကလေးပုခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။

ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟု လေ့လာချက် တစ်ခုက ဆိုထားသည်လည်း ရှိသည်။ သို့သော် ဤကိန်းဂဏန်းများကို အလုံးစုံ မယုံကြည်အပ်သေး။ ဤဘာသာရပ်မှာ သုတေသန လုပ်ရခြင်းများ လွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။

မွေးကင်းစ ကလေးများတွင် သွေးအတွင်း သကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်း မက်ဂနီဆီယမ်ဓာတ်နည်းခြင်း များဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်း လည်း ဖြစ်နိုင်သည်။

ရောဂါအလားအလာ


ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာ လူမျိုးအလိုက် ၃၀မှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလ တစ်နှစ်အတွင်း ဖြစ်နေပါက ဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာ ဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅၀မှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။

အခြားလေ့လာမှု တစ်ခုအရမူ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီး နောက် ၁၅ နှစ်အကြာ တွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။ယျဝနျ သားဆကျခွားကာလ တဈနှဈအတှငျး ဖွဈနပေါက ဆီးခြိုပွနျဖွဈနိုငျခြေ ပိုမြားသညျ။




ကုသမှု

ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာ မိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်း သကြားဓာတ် ပမာဏကို လျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကို လျှော့ချပေးရန် ရည်၇ွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်း (LSCS)နှင့် မီးဖွားကာနီး အသေအပျောက်များခြင်း ကို လျှော့ချနိုင်သည်ဟု သက်သေမပြနိုင်သေးပါ။

လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကို သုံး၍ကုသရသည်။

စောဒက

ကိုယ်ဝန်ဆောင်ဆီးချို သည် အငြင်းပွားမှုများသော ဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကို ရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်း မေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသော အမျိုးသမီးများမှာလည်း အကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်း စသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသ ထားခြင်းသည် ဗိုက်ခွဲမွေးခြင်း (LSCS)အပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်း သက်သေပြနိုင်ခြင်းကလည်း မရှိပေ။

အခြားဆီးချိုများ[ပြင်​ဆင်​ရန်​]

အခြားဆီချိုများ ဟူ၍ သီးသန့်သတ်မှတ်ထားရသည်မှာ ရောဂါအကြောင်းရင်း တိကျစွာ ရှာတွေ့ထားသော သို့မဟုတ် တိကျစွာသတ်မှတ်နိုင်သော ဆီးချိုရောဂါများကို စုဝေးထားလို၍ ဖြစ်သည်။ လက်တွေ့တွင်မူ ဆီးချိုရောဂါသည် အများစုကို အကြောင်းရင်း အတိအကျ ရှာဖွေနိုင်ခြင်း မရှိဘဲ ယေဘုယျအားဖြင့် ဆီးချို-၁ နှင့် ဆီးချို-၂ တစ်ခုခုအတွင်း ထည့်သွင်းစဉ်းစား ကုသကြလေ့ရှိသည်။

စင်စစ် ရောဂါတစ်ခုဖြစ်လျှင် တိကျသော ရောဂါအကြောင်းရင်း ရှိမည်သာ ဖြစ်သည်။ ဆီးချိုရောဂါတိုင်းတွင် ရောဂါတစ်ခုကို တွေ့ရတိုင်း တိကျသောအကြောင်းရင်းများ ရှာမတွေ့နိုင်သေးသည်မှာ သုတေသန လိုအပ်ချက် သာလျှင်ဖြစ်သည်။ သုတေသနများ ပိုမိုပြုလုပ်နိုင်လျင် ယခင်က ဆီးချို-၁ သို့မဟုတ် ဆီးချို-၂ ဟု ခြုံငုံသမုတ်ခဲ့သော လူနာအချို့ကို ၄င်းတို့၏ ရောဂါအကြောင်းရင်း အလိုက် သီးသန့်ပြန်လည် ခွဲခြား ထုတ်ပြန်နိုင်မည် ဖြစ်၏။

အောက်ပါအကြောင်းများမှာ ယနေ့ခေတ် တွေ့ရှိရသမျှ တိကျသော ရောဂါအကြောင်းအချို့ ဖြစ်သည်။

မျိုးရိုးဗီဇ

မျိုးရိုးဗီဇ ဗေဒအနေနှင့် ဘီတာဆဲလ်ကို ထိန်းချုပ်သော ဂျင်းန် (Gene) ထွန်းခြင်း၁ ကြောင့်လည်း လူသား၏ ဘီတာဆဲလ် လုပ်ငန်းဆောင်တာ များ ပျက်ယွင်းသည်ကို တွေ့ထားသည်။ သာမန်အားဖြင့် ကုခန်းနယ်ပယ်တွင် ဤအမျိုးအစားကို ဆီးချို-၁ ထဲထည့်၍ ကုသနေကြရသည်။ ဤလည်း မျက်စေ့လည်စရာ တစ်ချက်ပင်။

အင်ဆူလင်


ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။ အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ပါ၏။ ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်ပါသည်။ ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။ ၄င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။

ပန်ကရိယဂလင်းကို တိုက်ရိုက်ဖျက်ဆီးခြင်း


ပန်ကရိယ ဂလင်းပျက်စီးလျင်လည်း မလွဲမသွေ ဆီးချိုဖြစ်ရမည်။ ဤအပိုင်းကိုလည်း ဆီးချို-၂ ထဲတွင်လည်း မကြာခဏ ထည့်ထားရလေ့ရှိသဖြင့် ဆေးပညာနှင့် မရင်းနှီးသူများအဖို့ မျက်စိလည်စရာ ကောင်းနေပေတော့မည်။ အမှန်မှာ နာတာရှည်ပန်ကရိယရောင်ရောဂါ ၂ ကြောင့်ဆီးချိုလက္ခဏာ ပေါ်လာခြင်းမျိုးကို သုတေသီ အဆင့်အားဖြင့် အခြားအမျိုးအစား ထဲထည့်ထားသည်။ ပန်ကရိယဂလင်း ကို ခွဲစိတ်ပြီး ထုတ်ထားလျှင်လည်း ဆီးချိုဖြစ်နိုင်၍ ယင်းကိုလည်း အခြားအမျိုးအစားထဲ ထည့်ရမည်ပင် ဖြစ်သည်။

အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ(Counterinsulin Hormones)


ထို့ပြင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ (Counterinsulin hormones)အလွန်အမင်း များပြားနေခြင်း ကြောင့်လည်း ဆီးချိုဖြစ်တတ်သည်။ ထိုသို့ဖြစ်လျင်မူ များနေသော အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများကို ဖယ်ရှားပစ်ရုံနှင့် ဆီးချိုပျောက်ကင်းနိုင်သည်။ ဤကား ထူးခြားမှုတည်း။ ဥပမာအားဖြင့် -မြန်မာများနှင့် အကျွမ်းမဝင်လှသော ကူးရှင်းရောဂါလက္ခဏာစု (Cushion Syndrome) စသည့်ရောဂါများတွင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ အလွန်များပြားနေသည်။

ဆေးဝါးများ 

အချို့ဆေးဝါးများသည် အင်ဆူလင် ထုတ်လုပ်မှုကို ပိတ်ပင်သည်။ အချို့အဆိပ်သင့် ပစ္စည်းများကလည်း ပန်ကရိယ ဘီတာဆဲလ်ကို ဖျက်ဆီးနိုင်သည်။ ယင်းတို့ကိုလည်း ဤအမျိုးအစားထဲ ထည့်သွင်းရသည်။

ဆေးဝါးများ

အချို့ဆေးဝါးများသည် အင်ဆူလင် ထုတ်လုပ်မှုကို ပိတ်ပင်သည်။ အချို့အဆိပ်သင့် ပစ္စည်းများကလည်း ပန်ကရိယ ဘီတာဆဲလ်ကို ဖျက်ဆီးနိုင်သည်။ ယင်းတို့ကိုလည်း ဤအမျိုးအစားထဲ ထည့်သွင်းရသည်။


ဆီးချိုရောဂါလက္ခဏာများ[ပြင်​ဆင်​ရန်​]

ပုံ-၁။ ဆီးချို၏ ထင်ရှားသော အမှတ်လက္ခဏာ သုံးခုကား ဆီးသွားများခြင်း၊ ရေငတ်ခြင်းနှင့် အစာစားများခြင်း တို့ဖြစ်၏။

၄င်း ရောဂါလက္ခဏာ များသည် ဆီးချိုအမျိုးအစား-၁ တွင် ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းအတွင်း အလွန်လျှင်မြန်စွာ ပေါ်ပေါက်ပြီး ပိုမိုထင်ရှားလေ့ရှိ၏။ အထူးသဖြင့် ကလေးသူငယ် များတွင် ပိုမိုလျှင်မြန်စွာ ပေါ်လာတတ်သည်။

ဆီးချို-၂ တွင်မူ အဆိုပါ ရောဂါလက္ခဏာများသည် ပိုမိုနှေးကွေးစွာ ပေါ်ပေါက်လေ့ရှိပြီး တစ်ခါတစ်ရံ လုံးဝမပေါ်ပေါက်ဘဲလည်း ရှိတတ်သည်။ ထူးခြားသည်မှာ ဆီးချို-၁ တွင် လူနာသည် (အစားကို ပုံမှန်သို့မဟုတ် ပုံမှန်ထက် ပို၍စားလေ့ရှိသော်ငြား) မြန်ဆန်ပြီး ထင်ရှားသော ကိုယ်အလေးချိန်ကျခြင်း (ပိန်ခြင်း)ကြောင့်ရောဂါကို စတင် သတိထားမိတတ်ကြောင်း တွေ့ရသည်။( “စားသလောက်ပိန်သည် “ဟု ဆိုကြသည်။) စိတ်နုံးချိခြင်း(Mental fatigue) လည်း ဖြစ်တတ်သည်။

သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်လာပြီး ကျောက်ကပ်က ထိန်းသိမ်းနိုင်သော ပမာဏထက် ကျော်လွန်သောအခါတွင် ဆီးထဲတွင် သကြားဓာတ် များလာတော့သည်။ သကြားဓာတ်ကြောင့် ဆီး၏ ရေဆွဲငင်အား ( Osmotic pressure) မြင့်တက်လာပြီး ရေကိုစုပ်ယူသဖြင့် ရေဓာတ်အများအပြား ဆီးထဲတွင်ပါသွားသည်။ (ဆီးပမာဏနှင့် ဆီးသွားသည့် အကြိမ်ရေများသည်။) ဆီးသွားခြင်းများ သဖြင့် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ် ဆုံးရှူံး၏။ ထိုအခါ ရေငတ်၏။ ရေငတ်သဖြင့် ရေအများအပြားသောက်သည်။ ရေအများအပြားသောက်သဖြင့် ဆီးပိုသွားပြန်သည်။ ဤသို့ဖြင့် ရေငတ်ခြင်း၊ဆီးသွားများခြင်း သံသရာလည်သည်ကို အမှတ်လက္ခဏာအနေနှင့် တွေ့ရ၏။

အမြင်အာရုံမှုန်ဝါးခြင်း သွေးထဲတွင် သကြားဓာတ် ပမာဏများခြင်း (ဆီးချိုတက်ခြင်း) ကြာမြင့်လာ သောအခါ မျက်လုံးမှန်ဘီလူး(Lens) ပုံသဏ္ဍာန် ပြောင်းလဲလာသည်။ ထိုအခါ အမြင်အာရုံများ ပြောင်းလဲချို့ယွင်း လာလေသည်။ သကြားဓာတ်ပမာဏ ပုံမှန်အတိုင်း ပြန်ဖြစ်သောအခါ မျက်လုံးမှန်ဘီလူး ပုံသဏ္ဍာန်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ ထိုအခါ အမြင်အာရုံလည်း ပြန်လည်ကြည်လင် သွားတတ်ပြန်၏။ မျက်မှန် ခဏခဏလဲရသည် အမြင်အာရုံ မကြာခဏပြောင်းလဲခြင်းများ ဖြစ်သည်ဟု ဆိုတတ်ကြသည်။ အမြင်အာရုံလျှင်မြန်စွာ ကျဆင်းခြင်းသည် ဆီးချို-၁ ၏ ထင်ရှားသော လက္ခဏာတစ်ချက် ဖြစ်သည်။ သို့ဖြစ်၍ အမြင်အာရုံလျှင်မြန်စွာ ကျဆင်း ပြောင်းလဲလာသော လူငယ်များကို ဆီးချို-၁ဖြစ်နိုင်သလားဟူ၍ စဉ်းစားသတိထား ရသည်။ ဆီးချို-၂ တွင်မူ အမြင်အာရုံပြောင်းလဲခြင်း မှာ လူငယ်များလောက် မမြန်ဆန်။ သို့သော် သိသာထင်ရှားတတ်သည်ပင် ဖြစ်၏။

ဒီကေအေ (DKA) ဆီးချို-၁လူနာများသည် ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း အရေးပေါ်အခြေအနေနှင့် ရောဂါလက္ခဏာ စတင်ပြသလေ့ ရှိတတ်သည်။ ယခင်က ရောဂါမဖြစ်ဖူးဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်း ဤအခြေအနေနှင့် ရောက်လာလေ့ရှိတတ်သည်။ ဤအခြေအနေ တွင် လူနာ၏ ရှူထုတ်လိုက်သော လေတွင် လက်သည်းဆိုးဆေးကဲ့သို့ (Acetone နံ့) ရသည်။ လူနာသည် အသက်ရှူမြန်သည့်အပြင် အသက်ကို ရှိူက်ပြီးရှူသည်။ (Kaussmaul’s breathing ) ဆီးသွားများသည်။ ပျို့သည်။ အန်သည်။ ဗိုက်အောင့်တတ်သည်။ သတိချို့ယွင်းခြင်း သတိလစ်ခြင်းများ ဖြစ်တတ်သည်။ စစ်ဆေးကြည့်လျှင် သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်နေသည်ကို တွေ့ရမည်။

ဆိုးရွားသော ဒီကေအေတွင် ကိုမာ (Coma )ရပြီးသေသည်အထိ ဖြစ်နိုင်သည်။ ဒီကေအေ ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း သည် အရေးပေါ် အခြေအနေဖြစ်ပြီး ဆေးရုံချက်ချင်းတင်ရန် လိုသည်။

ကီတုန်းဓာတ်မများဘဲရေဆွဲအားလွန်သတိလစ်ခြင်း(Non-ketotic hyperosmolar coma)

ရှားပါးသော်ငြား အခြားဆိုးရွားသော ပြဿနာတစ်ခုမှာ ဆီးချိုအလွန်တက်ပြီး ရေဆွဲအားလွန်သတိလစ်ခြင်း (Non-ketotic hyperosmolar coma) [2] ဖြစ်သည်။ ဤပြဿနာကို ဆီးချို-၂ လူနာများ တွင် ပိုမိုတွေ့ရပြီး ပြဿနာ ဖြစ်ရသည်မှာ ဆီးချိုအတက်လွန်ခြင်းနှင့် ရေဓာတ်ဆုံးရှူံးခြင်း ကြောင့် ဖြစ်သည်။ အသက်ကြီးသော လူနာများသည် သတိလစ်ခြင်း ပုံစံမျိုးစုံနှင့် ရောက်လာပါက ဤပြဿနာကို စဉ်းစားရသည်။

ပုံ-၂

ဆီးချို-၁နှင့်၂တို့၏ ယေဘုယျကွာခြားသောရောဂါလက္ခဏာများ

ယေဘုယျအားဖြင့် ဆီးချို-၁သည် အသက်(၄၀) အောက်တွင် ဖြစ်လေ့ရှိပြီး ဆီးချို-၂ သည် အသက်(၄၀) အထက်တွင် ဖြစ်လေ့ရှိသည်ဟု မှတ်ယူကြသည်။ ဆီးချို-၁ လူနာ များသည် အဝလွန်ခြင်း နှင့်တွဲလေ့မရှိဘဲ (တစ်ခါတစ်ရံ ရောဂါ စတင်တွေ့ရှိချိန်၌ ကိုယ်အလေးချိန်ကျခြင်း၊ ပိန်လာခြင်းများပင် ဖြစ်တတ်သေးသည်။) ဆီးချို-၂ လူနာများမှာ အဝလွန်ခြင်းနှင့် တွဲလေ့ရှိသည်။ ဆီးချို-၂ လူနာတို့သည် နှလုံးရောဂါ နှင့်လေဖြတ်ရောဂါတို့ နှင့် ပိုမိုတွဲလေ့ရှိပြီး ရောဂါ စတင်တွေ့ရှိချိန်တွင်ပင်လျှင် သွေးတိုးခြင်း၊ နှလုံးသွေးငတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပြီးနေသည်ကိုလည်း တွေ့ရတတ်သည်။

ရောဂါအမည်တပ်ခြင်း[ပြင်​ဆင်​ရန်​]

ဆီးချိုအမျိုးအစား-၁နှင့် ဆီးချိုအမျိုးအစား-၂ (၏အချို့သောပြဿနာများ) တွင် ကာလတိုအတွင်း ဆီးသွားများခြင်း၊ ရေငတ်လွန်ခြင်းနှင့် တစ်ခါတရံ ကိုယ်အလေးချိန်ကျလာခြင်း တို့ကို တွေ့ရခြင်းအားဖြင့် ရောဂါအမည်ကို မြန်ဆန်စွာ တပ်နိုင်လိုက်ကြသည်။ အဆိုပါ ရောဂါလက္ခဏာများမှာ ရက်ပိုင်းအတွင်း သို့မဟုတ် ရက်သတ္တပတ်ပိုင်း အတွင်း၌ပင် တစ်နေ့တခြား ဆိုးသည်ထက် ဆိုးလာတတ်သည် ကိုတွေ့ရသည်။

ဆီးချိုအမျိုးအစား-၁ ရောဂါသည်များ ၏ လေးပုံတစ်ပုံခန့်သည် ရောဂါအမည်တပ်သည့်ကာလ၌ ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း ဖြစ်နေသည်ကို တွေ့ရလေသည်။ ဆီးချိုအမျိုးအစား-၁ မှအပ အခြားဆီးချိုအမျိုးအစားများတွင်မူ အခြားသော အကြောင်းများဖြင့် ရောဂါကို ရှာတွေ့တတ်သည်။

ရောဂါရှာတွေ့စေသောအကြောင်းများ ရောဂါကို ရှာတွေ့စေသော အခြားအကြောင်းများကို ဖော်ပြရလျှင်..

  • ပုံမှန်ဆေးစစ်စဉ်တွေ့ခြင်း၊
  • အခြားရောဂါကို ရှာဖွေစဉ်ရှောင်တခင်တွေ့ခြင်း၊
  • မျက်စိမှုန်သဖြင့် စစ်ဆေးစဉ်တွေ့ရှိခြင်းနှင့်
  • အကြောင်းမဲ့ နုံးချိခြင်းကြောင့် စစ်ဆေးစဉ်တွေ့ခြင်းစသည်တို့ ပါဝင်သည်။

ယင်းတို့မှ အပြင်အပအားဖြင့် ဆီးချိုကို ရှာတွေ့သည်မှာ ဆီးချို၏ နောက်ဆက်တွဲရောဂါများ ဖြစ်သော..

  • နှလုံးရောဂါ၊
  • လေဖြတ်ရောဂါ၊
  • အာရုံကြောရောဂါနှင့်
  • အနာမကျက်ခြင်း၊
  • မျက်စိမှုန်ခြင်းကြောင့်ဖြစ်သောရောဂါအချို့နှင့်
  • ကိုယ်ဝန်သည်များ ကလေးထွားထွားမွေးခြင်း
  • သွေးအတွင်းသကြားဓာတ်ကျသွားခြင်း စသောအကြောင်းများနှင့် ဆက်စပ်၍လည်း ဆီးချိုကို စစ်ဆေးတွေ့ရှိလာတတ်သည်။


ဆီးချိုရောဂါဟုသတ်မှတ်ပုံ

ဆီးချိုရောဂါ၏ အမှတ်အသားကား သွေးအတွင်းသကြားဓာတ်ပမာဏ (အမြဲ သို့မဟုတ် မကြာခဏ) မြင့်နေခြင်း ဖြစ်သည်။ အောက်ပါအချက်များမှ တစ်ချက်ကိုတွေ့လျှင် ဆီးချိုရောဂါဟူ၍ သတ်မှတ်နိုင်သည်။

(၁)မနက်စာမစားမီ ဂလူကိုမီတာဖြင့် တိုင်းတာသော အခါ သွေးရိုးရိုးအတွင်း (Whole blood-သွေးရည်ကြည် အပြင် သွေးကိုဖွဲ့စည်းထားသော အခြားအရာအားလုံးပါဝင်သည် ) သကြားဓာတ်ပမာဏ 6.1mmol/l ထက်များခြင်း(fasting blood glucose ≥ 6.1 mmol/l)

(၂)အိုဂျီတီတီ (Oral glucose tolerent test) စစ်ဆေးမှုအရ ဂလူးကိုစ့် ၇၅ ဂရမ် သောက်ပြီး ၂ နာရီအကြာတွင် ဂလူကိုမီတာဖြင့် သွေးရိုးရိုးအတွင်း (Whole blood-သွေးရည်ကြည် အပြင် အခြားအရာ အားလုံးပါဝင်သည် ) သကြားဓာတ်ပမာဏ 11.1mmol/l ထက်များခြင်း

(၃)သကြားဓာတ်များသော လက္ခဏာနှင့်တကွ (ဂလူကိုမီတာနှင့် )ရှောင်တခင် သွေးရိုးရိုးအတွင်းသကြားဓာတ်ပမာဏကိုစစ်ဆေးရာ 11.1mmol/l ထက်များခြင်း



ကိုးကား။ ။ Elizavetinskaya Hospital (Russian Federation; St Petersburg;) ဓာတ်ခွဲခန်း—ဇယား-[1] ဇယား[1]


အကယ်၍ သကြားဓာတ်ပမာဏ တက်နေပါက နောက်နေ့တွင် ထပ်မံစစ်ဆေးရမည်။ သမားတော်အများစုမှာ မနက်စာမစားမီ ဂလူကိုမီတာနှင့် စစ်ဆေးသော သွေးရိုးရိုးအတွင်း သကြားဓာတ် (သွေးရည်ကြည်နှင့်အနှောများပါဝင်သည်) 6.1mmol/l ထက်များခြင်းနှစ်ကြိမ်ဖြစ်ပါက ဆီးချိုဟု ရောဂါအမည်တပ်ရန် စဉ်းစားပါသည်။
(အစာမရှိမီသကြားဓာတ်ပမာဏ-fasting blood glucose ≥ 6.1 mmol/l နှစ်ကြိမ်နှင့်အထက် )

အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်းသတ်မှတ်ချက်(impaired fasting glucose)

မနက်စာမစားမီ သွေးရိုးရိုးအတွင်း(Whole blood) သကြားဓာတ်ပမာဏ 6.1 mmol/l ထက်နည်းနေသည် မှန်သော်လည်း 5.5 mmol/l ထက်များနေပါက အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်း (impaired fasting glucose) ဖြစ်နေသည် ဟု ခေါ်ဝေါ်သည်။

အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်းသတ်မှတ်ချက်(impaired glucose tolerent test)

တစ်ဖန် အိုဂျီတီတီ စမ်းသပ်မှု၌ သကြားဓာတ်ပမာဏ 11.1mmol/l အောက် ရရှိသော်လည်း 7.8 mmol/l အထက် တွေ့ရှိရလျှင်လည်း အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်း (impaired glucose tolerent test) ဟုခေါ်ဝေါ်သည်။

အကြိုဆီးချိုများ

၄င်း အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်း နှင့် အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်း ဖြစ်ရပ်နှစ်ရပ်စလုံးကို အကြိုဆီးချိုအဆင့် ဟူ၍ သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းပြဿနာနှစ်ခုမှာ နောင်တစ်ချိန် ဆီးချိုစင်စစ် (သို့တည်းမဟုတ် နှလုံးရောဂါများ) ဖြစ်ရန် လွန်စွာ အားပေးသော ပြဿနာများ ဖြစ်သောကြောင့် ဖြစ်သည်။

ဂလိုင်ကိတ်တက်ဟေမိုဂလိုဘင်(Glycated haemoglobin/HbA1C)ဆက်စပ်မှု


ဂလိုင်ကိတ်တက်ဟေမိုဂလိုဘင် (HbA1C) 6.0% နှင့်အထက် ကို ပုံမမှန်အခြေအနေ ဟု ဓာတ်ခွဲခန်းအများစုက လက်ခံထားသည်။ HbA1C ကို အခြေခံအားဖြင့် ( HbA1C သည် ရက် ၉၀ အတွင်း လူနာ၏သွေးအတွင်း သကြားဓာတ်ပမာဏ မည်သို့ဖြစ်ခဲ့သည်ကို ဖော်ပြသဖြင့် ) ကုသမှုခြေရာခံ အဖြစ် အသုံးပြုသည်။ အချို့ သမားတော်များကလည်း ယင်းကို ကုသမှုခြေရာခံ အနေနှင့်သာမက ရောဂါရှာဖွေစဉ် ကာလမှာကတည်းက ရောဂါအခြေအနေ အဆင့်အတန်းကို သိရှိရေးအတွက် အသုံးပြုတတ်သည်။ ရောဂါကုသစဉ်တွင် HbA1C ကို 7.0% အောက်ရောက်သည်အထိ ရည်မှန်းပြီး ကုသကြသည်။ အချို့ကမူ 6.5% အောက်အထိ ရည်မှန်းကုသကြရန် ညွှန်ကြားကြသည်။

အဘယ်ကြောင့် HbA1C ကို ဤသို့ တိကျစွာ ချခိုင်းထားရသနည်း ဟူမူကား HbA1C ကို ဆိုခဲ့သော (7.0%) ပမာဏထက် နည်းအောင် ချ၍ ကုသထားပါက ကာလရှည်နောက်ဆက်တွဲရောဂါများ (မျက်စိရောဂါ၊ ကျောက်ကပ်ရောဂါ စသည်တို့) ဖြစ်ပွားနှုန်းကို သိသာစွာ လျှော့ချပေးနိုင်စွမ်း သောကြောင့် ဖြစ်ပေသည်။

ဆီးချိုရောဂါကိုကာကွယ်ခြင်း[ပြင်​ဆင်​ရန်​]

ဆီးချိုအမျိုးအစား-၁သည် ခန္ဓာကိုယ်၏ ကာဘိုဟိုက်ဒရိုက် မက်တာဘိုးလစ်ဖြစ်စဉ် ( ဖြိုခွဲခြင်း ၊ပေါင်းစပ်ခြင်း၊ ဓာတုပစ္စည်း အမျိုးမျိုး အသွင်ပြောင်းခြင်း၊ စွမ်းအင်အဖြစ် ပြောင်းခြင်း၊ စွန့်ထုတ်ခြင်း စသည့် ဖြစ်စဉ်) အတွက် အဓိကဖြစ်သော အင်ဆူလင်ဟိုမုန်း လုံးလုံးလျားလျား မရှိတော့သဖြင့် သွေးအတွင်း သကြားဓာတ်ပမာဏ တက်လာသော ဆီးချိုအမျိုးအစား ဖြစ်ကြောင်း သိရှိကြပြီးဖြစ်သည်။ ထိုနည်းတူ အင်ဆူလင်ဟိုမုန်းကို အစာအိမ်၏အောက်ဘက်တွင် ကပ်လျက်တည်ရှိသော ပန်ကရိယ (pancreas) အတွင်းရှိ ဘီတာဆဲလ်များက ထုတ်လုပ်ကြောင်း သိရှိကြပြီးဖြစ်သည်။ဆက်လက်၍ ဆီးချိုအမျိုးအစား-၁ ကို ကာကွယ်၍ ရမရ တင်ပြရမည်။

ကလေးသူငယ်များတွင် ဆီးချိုအမျိုးအစား-၁ ဖြစ်နိုင်မဖြစ်နိုင်ကို မျိုးရိုးဗီဇများကို Screening လုပ်၍ စစ်ဆေးခြင်းအားဖြင့် ကြိုတင်ခန့်မှန်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော ယင်းဆီးချို-၁ သည် HLA မျိုးရိုးဗီဇ DR3 နဲ့ DR4 ပိုင်ဆိုင်သည့် ပုဂ္ဂိုလ်များတွင် တွေ့ရလေ့ရှိသောကြောင့်ဖြစ်သည်။ ဆီးချို-၁ ဖြစ်ရခြင်း၏ အခြားအကြောင်းရင်း တစ်ရပ်အနေနှင့် ပိုးဝင်ဖျားနာခြင်း (infection)ကို သံသယ ဖြစ်သော်လည်း လုံလောက်သော သက်သေပြနိုင်မှု မရှိသဖြင့် တုပ်ကွေးနှင့်တကွ အခြားဖျားနာရောဂါအမျိုးမျိုးတို့ကို ရောဂါ၏အကြောင်းရင်းဟု မာမာထန်ထန် စွပ်စွဲနိုင်ခြင်းမရှိသေးချေ။ အခြားသော ဆီးချို-၁ ကိုဖြစ်စေသည့်အကြောင်းရင်းမှာ အင်မြူးစနစ်က မိမိ၏ ကိုယ်ပိုင်ဆဲလ်များကို ပြန်လည်တိုက်ခိုက်သည့် အော်တိုအင်မြူး (autoimmune) ပြဿနာ ဖြစ်သည်။ အင်မြူးစနစ်သည် အော်တိုအင်မြူး အနေနှင့် ပန်ကရိယ (pancreas) မှ ဘီတာဆဲလ်များကို တိုက်ခိုက်တတ်သဖြင့် ယင်းသို့တိုက်ခိုက်ခြင်းခံရလျှင် မူလက အင်ဆူလင်ကို ထုတ်နေကျဖြစ်သော ဘီတာဆဲလ်များသည် အင်ဆူလင်ကို မထုတ်နိုင်ဘဲ ဆီးချို အမျိုးအစား-၁ ကို ဖြစ်စေတတ်သည်။

ဤအင်မြူး သီဝရီ သဘောတရားကို အခြေခံ၍ ဆီးချို-၁ကို ကာကွယ်ရန်ကြိုးစားကြပုံမှာ ရှေးဦးစွာ ဘီတာဆဲလ် ကို တိုက်ခိုက်မည့် Antibody ပိုင်ဆိုင်ထားသော ကလေးများကို ရှာဖွေဖော်ထုတ်ကြပြီး ယင်းကလေးများကို ဆီးချိုမဖြစ်မီ ဗိုက်တာမင် B3 ပေး၍ ကာကွယ်ရန် ကြိုးစားကြသည်။ ထိုက်သင့်သလောက် အလုပ်ဖြစ်သည်ကို တွေ့ရသော်လည်း ကျေနပ်ဖွယ် မရှိသေးပါ။

ဆီးချိုအမျိုးအစား-၂ မှာမူ ဝသောသူများတွင် ဖြစ်လေ့ရှိပြီး အင်ဆူလင် ဟိုမုန်းကို ခန္ဓာကိုယ်က Resistance ဖြစ်ခြင်း မတိုးတော့ခြင်း ကြောင့် သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်ရခြင်းဖြစ်သည်။ ဆီးချို-၂ ၏ ဖြစ်နိုင်ချေ ကိုမူ အစားအသောက် အနေအထိုင်များအား ကျန်းမာရေးနှင့် ညီညွတ်အောင် ပြောင်းလဲခြင်းဖြင့် လျှော့ချနိုင်သည်။ အမေရိကန်ဆီးချိုအသင်း (American Diabetes Association) ကမူ ဆီးချိုရောဂါ ကာကွယ်လိုသူများအား (၁)ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်တွင် ထားရှိရန် (၂)တစ်ပတ်လျှင် လေ့ကျင့်ခန်း ၂နာရီခွဲခန့် လုပ်ရန်၊(၃) အဆီလျှော့စားပြီး (၄)အမျှင်ဓာတ်ပါသော အစားအသောက် များများစားရန် ညွှန်ကြားသည်။ ဤနေရာ၌ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ဆိုသည်မှာ BMI 25 ထက်မကျော်အောင် ထားရန် ဆိုလိုသည်။ BMI ၏ အရှည်စာလုံးမှာ Body Mass Index ဟူ၍ ဖြစ်ပြီး တွက်ပုံတွက်နည်းမှာ လွယ်ကူသည်။ BMI=Weight in kg/ (Height in meter)² ( ခန္ဓာကိုယ်အလေးချိန်ကို ကီလိုဂရမ်ပြောင်း၍ ရလာဒ်ကို မီတာနှင့်ဖော်ပြသော အရပ်အမြင့်၏ နှစ်ထပ်ကိန်း ဖြင့် စားခြင်း ဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်နှင့် အရပ်အမြင့် ၁.၆၅ မီတာ မြင့်သော မောင်ဖြူ၏ BMI သည် 18 kg/m² ဖြစ်ပြီး ဤကိုယ်အလေးချိန် (၅၀ ကီလိုဂရမ်) ကို ၁.၆၅ မီတာ မြင့်သောလူတစ်ယောက်အတွက် သင့်လျော်သည့် အလေးချိန်ဟု ဆိုနိုင်သည်။ အကယ်၍ မောင်ဖြူသာ ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ် ရှိပါက BMI 27.5 kg/m² ဖြစ်ပြီး (break point ဖြစ်သော BMI 25 kg/m² ထက် ကျော်လွန်၍ သွားသဖြင့်) ကျန်းမာရေးအတွက် သင့်လျော်သည့် ကိုယ်အလေးချိန်ဟု မဆိုနိုင်တော့ချေ။

Glycemic Index နည်းသော အစားအသောက်များ စားရန် အကြံပြုကြ ညွှန်းဆိုကြသော်လည်း ဆီးချိုရောဂါကို တိတိပပ ကာကွယ်နိုင်ကြောင်း ခိုင်လုံသော သက်သေ မရရှိသေးပေ။ အချို့သော လေ့လာချက်များအရ အရှေ့တောင်အာရှက နိုင်ငံများသည် Glycemic Index များသော အစားအသောက်များ ( ဥပမာ ဆန်၊ အာလူး) ကို အားပြုပြီးစားသော်လည်း အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းများနှင့် ဆက်စပ်မှုကို ပြောပလောက်အောင် မတွေ့ရဟု ဆိုသည်။ ငယ်စဉ်က မိခင်နို့တိုက်ကျွေးခြင်း ခံလာရသူများ သည် ဆီးချို-၂ကို ထိုက်သင့်သလောက် ကာကွယ်ပြီးဖြစ်အကြောင်း အထောက်အထားများ တွေ့ရသည်။

အချုပ်ဆိုရလျှင် ဆီးချိုအမျိုးအစား-၁ ကို ကာကွယ်ရန်မလွယ်ကူ။ ဆီးချိုအမျိုးအစား-၂ ကို ကာကွယ်ရန်မူ အမေရိကန်ဆီးချိုအသင်း၏ အကြံပြုချက်အတိုင်း (လူအများအပြား သိရှိပြီးဖြစ်သော) ကိုယ်အလေးချိန်ကို ထိန်းရန်၊ လေ့ကျင့်ခန်း လုပ်ရန်၊ (တစ်နေ့ နာရီဝက်ခန့် လမ်းမြန်မြန်လျှောက်ခြင်းဖြင့် လုံလောက်ပါသည်)၊ အဆီလျှော့စား၍ အမျှင်ဓာတ်များများစားကြရန် အကြံပြုလိုသည်။

ဆီးချိုကုထုံးဆိုင်ရာစီမံခန့်ခွဲမှုများ[ပြင်​ဆင်​ရန်​]

ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး ကုသရန် ခက်ခဲသည်။ ဆေးပညာဘက်မှ အာရုံစိုက်ရန် လိုအပ်သည်မှာ ဆီးချိုရောဂါထက် ဆီးချိုရောဂါမှပေးမည့် ရေတိုပြဿနာများနှင့် ရေရှည်ပြဿနာများ သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာများကို မူတည်၍သာ စဉ်းစားလျှင် ဆေးပညာရှင်များသည် လူနာကို ရောဂါနှင့်ပတ်သက်သော လုံလောက်သည့် ဗဟုသုတနှင့် ပညာပေးခြင်း( ဥပမာ ဆီးချိုရောဂါရှိသည့် ကလေးသူငယ်များအတွက် ဆီးချိုဆိုင်ရာ မူလတန်းကျောင်းများ ဖွင့်လှစ်ပေးခြင်း) အစားအသောက်ပံ့ပိုးမှုပေးခြင်း၊ ထိရောက်သော လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ လူနာက မိမိ၏ သွေးအတွင်းသကြားဓာတ်ပမာဏကို မိမိဘာသာ စစ်ဆေးနိုင်အောင် အကူအညီပေးခြင်း (ဥပမာ ဂလူကိုမီတာများ ထောက်ပံ့ပေးခြင်း) တို့ကို မလွဲမသေ ဖြစ်မြောက်အောင် ကူညီရမည် ဖြစ်သည်။ရေရှည်တွင် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်မလာအောင် ထိန်းသိမ်းဖို့ရာမှာ ဂရုတစိုက် ကြပ်မတ်ကုသနေမှသာ ဖြစ်နိုင်သည်။ ဆီးချိုရောဂါကို ကြပ်မတ်ကုသမှုမရှိပါက သိပ်မရှည်ကြာသော ကာလအတွင်း မျက်လုံး၊ အသည်း၊ ကျောက်ကပ်၊ အာရုံကြောအဖွဲ့အစည်း၊ နှလုံးနှင့် သွေးကြောအဖွဲ့အစည်း စသည့် အဖွဲ့အစည်းများကို ဆိုးရွားစွာ ထိခိုက်စေခြင်းများ ဖြစ်လာသည်။ရောဂါကို ကြပ်မတ်ကုသနိုင်ရန်မှာ သီဝရီအရမူ လုံးဝ ဖြစ်နိုင်ပါသည်။ မှန်ကန်သော အစားအသောက်၊ လျော်ကန်သော လေ့ကျင့်ခန်းများနှင့် ကိုယ်အလေးချိန် လျှော့ခြင်းက အစိတ်အပိုင်း တစ်ရပ်၊ ဆီးချိုကျဆေးများပေးခြင်း နှင့် အင်ဆူလင်ပေးခြင်းက အခြားအစိတ်အပိုင်း တစ်ရပ်အားဖြင့် ကျေနပ်လောက်အောင် အောင်မြင်မှုများ ရနိုင်သည်ဟု တွက်ချက်ပြောဆိုနိုင်သည်။

ထို့ထက်မက လိုအင်ပြနေသေးသည်မှာကား သွေးပေါင်ချိန်နှင့် သွေးအတွင်း ကိုလက်စထရောပမာဏ (Cholesterol Levels) များကိုလည်း ကြပ်မတ်ထိန်းသိမ်းခြင်း ဖြစ်လေ၏။ ဆီးချိုရောဂါသည်ကို ဆေးလိပ်လျှော့သောက်စေခြင်း (လုံးဝဖြတ်တာကကောင်းသည်)၊ ဆီးချိုခြေအိတ်များကို ဝတ်ဆင်စေခြင်း၊ ဆီးချိုရှူးဖိနပ်များကို ဝတ်ဆင်စေခြင်း၊ လိုအပ်ပါက သွေးပေါင်ချိန်ကို ထိန်းသိမ်းသော ဆေးဝါးများ သောက်သုံးစေခြင်း စသည်တို့ကလည်း လူတစ်ချင်းပေါ်မူတည်၍ လိုအပ်ကောင်း လိုအပ်နိုင်ပေသည်။

ဆီးချို-၁ ကို ကုသရာတွင် PCR နည်းပညာအရ ထုတ်လုပ်သော အင်ဆူလင် Analog များ ဖြစ်ကြသည့်၊ အာနိသင်တိုသော အင်ဆူလင်များ ( Humalog,Novolog or Apidra) နှင့် အာနိသင်ရှည်သော အင်ဆူလင်များ (Lantus or Levemir) တို့ကို ပေါင်းစပ်ပြီး အသုံးပြုလေ့ရှိသည်။ ဆီးချို-၁ ဖြစ်သော ကလေးများတွင် အင်ဆူလင် အန်နာလော့ဂ် Analog များကို အသုံးပြုသည်မှာ များပါသည်။

ဆီးချို-၁ ကို ကုသသော အခြားနည်းလမ်းတစ်ခုမှာ အင်ဆူလင်ကို အချိန်မှန် ထုတ်လုပ်ပေးနိုင်သော Insulin Pump ကိရိယာကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းကိရိယာအကူအညီဖြင့် သွေးအတွင်းသကြား ဓာတ်ပမာဏကို မိမိဖာသာမိမိ တိုင်းတာပြီး (၁) ယင်းသကြားဓာတ်ကို ထေမိကာမိအောင် လျှော့ချပေးရမည့် အင်ဆူင် ပမာဏနှင့် ၊ (၂) မိမိစားသောက်မည့် အစားအစာကို ခြေဖျက်ဖို့ လိုအပ်မည့် အင်ဆူလင်ပမာဏ နှစ်ရပ်ပေါင်းကို တွက်ချက်ကာ မိမိကိုယ်ကိုယ် အင်ဆူလင် အတိုးအလျှော့လုပ်၍ အလွယ်တကူ ထိုးနိုင်သည်။ (Insulin pump ထုတ်လုပ်နေသော ကုမ္ပဏီနာမည်အချို့ မှာ- Deltec Cozmo, Animas, Medtromic, Minimed, Insulet Omnipod, or ACCU-CHEK စသည်တို့ ဖြစ်သည်။)

ဆီးချို အမျိုးအစား -၁ ကို ကုသရာတွင် အင်ဆူလင် ပေးခြင်းသည်သာ အဓိက ဖြစ်သဖြင့် အင်ဆူလင် နှင့် သက်ဆိုင်သော ဆောင်းပါးကို သီးသန့်ရေးရန် သင့်ပေသည်။ အကြမ်းဖျင်းမျှ ဖော်ပြရလျှင်မူ ဆီးချို -၁ သည် ကလေးသူငယ်များတွင် အဓိက ဖြစ်လေ့ရှိသဖြင့် ကလေးများအား အင်ဆူလင်ကို မိမိဘာသာ ထိုးတတ်အောင်၊ အင်ဆူလင်ပမာဏ အတိုးအလျှော့ကို မိမိဖာသာ တွက်ချက်တတ်အောင် အစိုးရကျောင်းများနှင့် ဆေးရုံများက ဆီးချိုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။

ဆေးရုံသို့မဟုတ် ပြင်ပလူနာဋ္ဌာနမှ ဆရာဝန်က ပေးလိုက်သော အင်ဆူလင် အမျိုးအစား နှစ်မျိုး ( Humalog ကဲ့သို့ အာနိသင်အတို နှင့် Levemir ကဲ့သို့အာနိသင် အရှည် ) တို့ကို အင်ဆူလင် ထိုးရသည့် ကိရိယာ အမျိုးမျိုး (ဆေးထိုးအပ်နှင့် syringe မှသည် Insulin pump) တို့ကို အသုံးပြု၍ မိမိ၏ ဗိုက်သို့မဟုတ် ပခုံးများတွင် တစ်နေ့တာ သတ်မှတ်ထားသည့် အချိန်ပိုင်းများအလိုက် ထိုးရသည်။ တစ်နေ့ကို တစ်ကြိမ်နှင့်၊ နှစ်ကြိမ်မှသည် ငါးကြိမ်ခြောက်ကြိမ်အထိ လိုအပ်ချက်များနှင့် အညီ ထိုးရသည်။

ဗြိတိန်နိုင်ငံကဲ့သို့ General Practitioner စနစ်ကို အသုံးပြု၍ နိုင်ငံတော်က ကျန်းမာရေးကိစ္စ အဝ၀ကို စောင့်ရှောက်နေသော နိုင်ငံများတွင် ကုထုံးအများစုကို ဆေးရုံအပြင်ဘက်တွင် ( ကလင်းနစ်များနှင့် ပြင်ပလူနာဋ္ဌာန) များတွင် ပြုလေ့ရှိသည်။ ဆီးချိုအထူးကုဆရာဝန်နှင့် ဆေးရုံတွင် ကြပ်မတ်ကုသမှုမှာ ဆီးချိုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်မှသာ ဖြစ်သည်။

ဥပမာ သကြားဓာတ်ပမာဏကို ထိန်းသိမ်း၍ မရခြင်း စသည်မျိုး ဖြစ်သည်။ ပုံမှန်တွင်မူ မိသားစုဆရာဝန်များ (GP ၊ Family doctors၊ Medical Officers) များကို အဓိကထား၍ ဆီးချိုနှင့် အခြားသက်ဆိုင်ရာ အထူးကုဆရာဝန်များ သည် လူနာကို ပူးပေါင်းတိုင်ပင်၍ အသင်းအဖွဲ့လိုက် ကုသကြရသည်။ မျက်လုံးအထူးကုများ(optometrists) ၊ ဦးနှောက်နှင့်အာရုံကြော အထူးကုများ (Neurologists) အစားအသောက်ပညာရှင်များ (dietitians) ၊ ကိုယ်ကာယလေ့ကျင့်ခန်းဆိုင်ရာ ဆရာဝန်များ(physiotherapists)၊ ဆီးချိုဆိုင်ရာ အထူးသူနာပြုများ၊ နှလုံးရောဂါဆိုင်ရာ အထူးကုဆရာဝန်များ (Cardiologists)၊ ဆီးချိုဆိုင်ရာပညာပေးသူများ၊ နှင့် အခြားသော ကျွမ်းကျင်သူများ အားလုံး စုဝေးတိုင်ပင်၍ အချိတ်အဆက်မိမိ ကုသပေးရသည်။


မဖွံ့ဖြိုးသေးသောနိုင်ငံများနှင့် အမေရိကန်နိုင်ငံကဲ့သို့ မိမိ၏ ကျန်းမာရေးတာဝန် မိမိဖာသာ ယူရသော နိုင်ငံများတွင်မူ ဆီးချိုရောဂါသည် ငွေထွက်နှုန်းအလွန်မြင့်သည့် ရောဂါဖြစ်လေသည်။ ဆေးဝါးများနှင့် လိုအပ်သော ပစ္စည်းများရပြီးသည့် တိုင်အောင် လူနာများသည် အတိုင်ပင်ခံ သမားတော်အဆင့် ဆရာဝန်ကြီးများနှင့် မကြာခဏ တွေ့ဆုံတိုင်ပင်ရန် အကြံပြုခြင်း ခံရသည်။ (အနည်းဆုံး သုံးလမှ ခြောက်လတစ်ခါ တွေ့ဆုံရန် ဖြစ်သည်။) ဤကဲ့သို့ မကြာခဏတွေ့ဆုံရခြင်းကို လျှော့ချနိုင်ရန်နှင့် အခြားစနစ်များ အစားထိုးအသုံးပြုရန် သုတေသနများ ပြုလုပ်လျက် ရှိသည်။

သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ အသင်းလိုက်ကုသသော စနစ်ကို အသုံးပြုမှသာ ဆီးချိုရောဂါကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပေမည်။ သွေးအတွင်းသကြားဓာတ်ပမာဏ တစ်ခုတည်းကို စောင့်ကြည့်ထိန်းသိမ်းနေရုံမျှဖြင့် ကုထုံးကြီးတစ်ခုလုံး အောင်မြင် ပြည့်စုံသည်ဟု မည်သည့်နည်းနှင့်မျှ မဆိုသင့်ပေ။

ဆီးချိုရောဂါသည် တစ်ဦးသည် ဆီးချိုရောဂါ ဖြစ်နေသည်နှင့် တစ်ပြိုင်နက်တည်းတွင် သွေးတိုးရောဂါသည်လည်းကောင်း၊ ကျောက်ကပ်ရောဂါသည်လည်းကောင်း၊ အာရုံကြောရောဂါသည်လည်းကောင်း၊ မျက်လုံးဆိုင်ရာ ရောဂါသည်လည်းကောင်း တွဲဖက်ရှိနေနိုင်သဖြင့် အဆိုပါ ပညာရပ်များတွင် ကျွမ်းကျင်သော နှလုံးအထူးကု ဆရာဝန်၊ ကျောက်ကပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်၊ မျက်လုံးအထူးကု ဆရာဝန်တို့၏ အကြံပြုချက်များကို မိသားစုဆရာဝန် သို့မဟုတ် ဆီးချိုရောဂါအထူးကု ဆရာဝန်က တောင်းခံရန် လိုအပ်လာလေပြီ။

ထို့ပြင် မြန်မာ့ရေမြေနှင့် ကိုက်ညီပြီး ဆီးချိုရောဂါ အဆင့်အတန်းအလိုက် လျော်ကန်စွာ စားသောက်ရမည့် အစားအသောက် စာရင်း (ဥပမာ အချို့ဥရောပ နိုင်ငံများတွင် အသုံးပြုနေသော ကယ်လိုရီဇယားနှင့် Diet 8 Diet 9၊ Diet 15 စသည့် နံပါတ်တပ်ပြီးသား အစားအသောက်ဇယားများ) ကို ပြုစုပေးရန် အစားအသောက်ပညာရှင် သုတေသီများနှင့် ဇီဝကမ္မနှင့် ဇီဝဓာတုပညာရှင်များ၏ ကြိုးပမ်းမှုများ လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အဓိက လိုအပ်နေသော ဆီးချို ကုထုံးဆိုင်ရာ စီမံခန့်ခွဲမှုများမှာ (၁) ဂလူကိုမီတာများ ဈေးပေါ သက်သာစွာရရှိရေး၊ (၂) ဓာတ်ခွဲခန်း စရိတ်စကများ သက်သာရေး၊ (၃) အမျိုးမျိုးသော အထူးကုဆရာဝန်များ၏ အကြံဉာဏ်များကို လွယ်ကူစွာ ရရှိရေးနှင့် အထူးကုဆရာဝန်များ ပေါများလာရေး၊ (၄)ဆေးဝါးကုမ္ပဏီများနှင့် ပူးပေါင်း၍ သတ်မှတ်ထားသော အာနိသင် ပြည့်မီ အရည်အသွေး ကောင်းမွန်သည့် တရားဝင်ဆေးဝါးများကို ဈေးပေါစွာ ရရှိရေး နှင့် (၅)အထူးကုဆရာဝန်များ အချင်းချင်း ချိတ်ဆက်ကုသရေး၊ (၆)မိသားစုဆရာဝန်များနှင့် အလုပ်သင်ဆရာဝန်များအတွက် ဆီးချိုဆိုင်ရာ အကောင်းဆုံး ကုထုံးလမ်းညွှန်များ (Best Treatment Guideline နှင့် Protocols များ) ပြင်ဆင် ချမှတ်ရေး စသည့်အချက်များ ဖြစ်ပါသည်။

ဆီးချိုဆိုင်ရာကုထုံးယူခြင်းနှင့်မယူခြင်း[ပြင်​ဆင်​ရန်​]

ဆီးချိုရောဂါ ကုထုံးဟု ဆိုရသော်လည်း ဆရာဝန် သူနာပြုများ၏ အားထုတ်ရမှုထက် ဝေဒနာရှင် လူနာ၏ အားထုတ်ရမှုက သာ၍ များပေ၏။ ဆီးချိုဆိုင်ရာကုထုံး ခံယူနေသူဟူသည်ကား အဘယ်သို့သော လူမျိုးနည်း။ ဆီးချိုကုထုံးခံယူနေသူ ဟူသည်မှာ ဆီးချိုဆိုင်ရာ ဆရာဝန်၊ သို့တည်းမဟုတ် မိသားစုဆရာဝန်၊ သို့မဟုတ် အခြားဆရာဝန်တစ်ဦးဦး၏ ဆီးချိုနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ အကြံပေးမှုကို ခံယူနေသော ပုဂ္ဂိုလ်ကို ခေါ်ဆိုရမည် ဖြစ်သည်။လူနာ၏ ပညာအရည်အချင်းနှင့် မိမိရောဂါအပေါ် သိနားလည် ဗဟုသုတ ပြည့်ဝမှု၊ ပူးပေါင်းပါဝင်မှု တို့သည် ရောဂါကို ထိန်းသိမ်းရန်အတွက် အသက်တမျှ အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော လူနာ၏ ပူးပေါင်းပါဝင်မှုနှင့် သိနားလည်မှုသည်သာ သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းချုပ်နိုင်ရန် အထိရောက်ဆုံးသော ကုထုံးလက်နက် ဖြစ်သောကြောင့်တည်း။

သွေးအတွင်း သကြားဓာတ်ပမာဏကို သက်မှတ်ထားသော အကန့်အသတ်အတွင်း ထိန်းသိမ်းနိုင်ခြင်းသည် မည်သို့သော အကျိုးသက်ရောက်မှု ရှိသနည်းဟု မေးဖွယ်ရှိသည်။ မှန်ပါသည်။ သွေးအတွင်း သကြားဓာတ်ပမာဏကိုသာ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါက ဆီးချို၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ မျက်စိကန်းခြင်းဝေဒနာ၊ အာရုံကြောရောဂါများကို သိသိသာသာ ဟန့်တားနိုင်ပြီး ဖြစ်လာလျှင်လည်း သိသာထင်ရှားစွာ သက်သာစေသောကြောင့် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဆီးချိုရောဂါ၏ နောက်လိုက်များဖြစ်သော လူသတ်ကျောက်ကပ်၊ လူသတ်နှလုံး၊ လူသတ်အာရုံကြော ရောဂါဝေဒနာများကို တိတ်တခိုးပံ့ပိုးပေးနေသည့် လူသတ်ထောက်ပံ့ရေး လက်နက်များရှိ၏။ ယင်းတို့ကား ဆေးလိပ်သောက်ခြင်း၊ သွေးအတွင်း ကိုလက်စထရောပမာဏ (Cholesterol level) များခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း (Hypertension) (၁၄၀/၉၀ ထက်များသည်) နှင့် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်လေ့မရှိခြင်း တို့တည်း။

သွေးတိုးနှင့် ပတ်သက်၍ ဟားဗတ်ဆေးကျောင်း(Harvard Medical School) နှင့် ဟားဗတ်ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (Harvard School of Public Health) မှ သုတေသီအချို့က ဆိုထားသည့် (ယုံကြည်ဖွယ်ရှိသည့်) လေ့လာချက်တစ်ခုအရ သွေးတိုးရောဂါရှိသော အမျိုးသမီးများသည် သက်တူရွယ်တူ လူမျိုးတူ ဆေးလိပ်သောက် မသောက်တူ၊ ကိုယ်အလေးချိန်တူ၊ မျိုးဗီဇတူ စသည်အကုန်တူသော သွေးတိုးရောဂါမရှိသော အမျိုးသမီးများထက် ဆီးချိုရောဂါဖြစ်ရန် သုံးဆမျှ ပိုမိုများပြားသည်ကို တွေ့ရသည် ဟုဆိုသည်။

အခြားသော သက်သေသာဓကတစ်ရပ်အရမူ လေ့လာချက်တစ်ခုတွင် ဆီးချို-၂ ရှိသော်လည်း လေ့ကျင့်ခန်း မှန်မှန်လုပ်၊ ကိုယ်အလေးချိန်ချ၊ သင့်လျော်သော အစားအသောက်များ မှီဝဲသုံးဆောင်သော လူနာများသည် ဆီးချိုရောဂါကို (သို့မဟုတ် ဆီးချိုရောဂါကြောင့်ဖြစ်ပေါ်နေသော နောက်ဆက်တွဲ ကျောက်ကပ်စသည့် ရောဂါတို့ကို) လုံးဝပျောက်ကင်းစေတတ်သည်ဟု တွေ့ရသည်။

သေချာသည့် အချက်မှာ ဆိုခဲ့သော လေ့ကျင့်ခန်း၊ အစားအသောက် စသည့် ကျန်းမာလိုသူတစ်ဦး ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ဆောင်ရန်ရှောင်ရန်များသည် ဆီးချို-၂ ဖြစ်နိုင်သော အလားအလာရှိ ပုဂ္ဂိုလ်များနှင့် အကြိုဆီးချိုအဆင့် ရောဂါ ဖြစ်နေသော လူနာများကို ခန္ဓာကိုယ်၏ အင်ဆူလင်အာနိသင်အပေါ် တုံ့ပြန်မှု ပြန်လည်ကောင်းမွန်လာအောင် လွန်စွာအကူအညီပေးသည်ဟု ဆိုနိုင်ခြင်း ဖြစ်သည်။

ဤနေရာတွင် ဆီးချိုရောဂါသည် ကုသ၍ ပျောက်ကင်းနိုင်ခြင်းမရှိဟူသော အချက်ကိုသာ မြဲမြံစွာ ဆုပ်ကိုင်ထားစေလိုပါသည်။ အနည်းငယ်သော လူနာများ ဆီးချို-၂ မှလုံးဝပျောက်ကင်းသွားသည်ကမူ အမှန်ဖြစ်သည်။ ဆီးချို-၁ တွင်မူ ရောဂါစဖြစ်ခါစ ၅ နှစ်အတွင်းတွင် Honey-moon phase ဟု ခေါ်ရသော ကာလတစ်ရပ်ရှိသည်။ ထိုကာလတွင် အင်ဆူလင် ထိုးဆေးများ လျှော့ချပြီး ပေးရသည်အထိ အခြေအနေတိုးတက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် အချို့သော ဆီးချို-၁ ရောဂါရှင်အချို့က လုံးဝပျောက်ကင်းသွားပြီဟု အထင်ရှိတတ်သည်။ သို့သော ဤကာလသည် ၁ နှစ်၂နှစ်မျှထက် ပို၍ မကြာမြင့်ချေ။ မကြာမီပင် အင်ဆူလင်ထိုးဆေးများ ပြန်လည် အသုံးပြုလာရမည်ပင် ဖြစ်သည်။

အချို့ကမူ လေ့ကျင့်ခန်းပြုခြင်း၊ အစားအသောက် ဆင်ခြင်ခြင်းအားဖြင့် အင်ဆူလင် ထိုးဆေးအများအပြားကို သုံးစွဲနေရာမှ အင်ဆူလင်ထိုးဆေး အနည်းငယ်သာ အသုံးပြုရန် လိုလာသည်ကို တွေ့ရသည်။ အကြောင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အင်ဆူလင်အာနိသင် အပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်ခြင်း ကောင်းမွန် တိုးတက်စေသောကြောင့် ဖြစ်သည်။ ထို့ထက်သေချာသော စကားကို ဆိုရလျှင် မိမိပြုလုပ်သော လေ့ကျင့်ခန်းသည် အဆိုပါ အကျိုးကျေးဇူးများကို မိမိအားမပေးသည့် တိုင်အောင် ကျန်းမာသော ဘဝကို ရဖို့ အခြားအကျိုးကျေးဇူးအမြောက်အမြား ပေးနိုင်သည်ကိုမူ ငြင်းပယ်၍ မဖြစ်နိုင်ပေ။

ဆီးချိုကို ကုသရသည်ကမူ အသက်အရွယ်ပြောင်းလဲလာသည်နှင့် အညီပြောင်းလဲ၍လာရသည်။ အဘယ်ကြောင့်ဆိုသော အသက်ကြီးလာသည်နှင့်အမျှ အင်ဆူလင်ကို ထုတ်လုပ်နေသည့် ဘီတာဆဲလ်များ ပျက်ဆီးလာပြီး အင်ဆူလင် ထုတ်လုပ်သည့် ပမာဏကလည်း လျော့နည်းလာတတ်သော ကြောင့် ဖြစ်သည်။ ထို့ပြင် အင်ဆူလင်၏အာနိသင်ကို ခန္ဓာကိုယ်၏ တုံ့ပြန်မှုကလည်း ကျဆင်းလာပြန်သည်။ အလားတူပင် အသက်ကြီးသူများတွင် ကြွက်သားများက လျော့နည်းလာပြီး အဆီများကစုပုံလာပြန်သည်။

ထိုထိုသော အချက်များကြောင့် အသက်ကြီးသူများသည် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် ငယ်ရွယ်သူများထက် အခွင့်အရေးပိုမိုရရှိကြခြင်း ဖြစ်သည်။ အသက်အရွယ်ကြီးသူများကို ကုသရသည့် ကုထုံး ပန်းတိုင်သည် လူတစ်ဦးချင်းပေါ်မူတည်၍ မလွဲမသွေ ကွဲပြားရသည်။ သွေးအတွင်း သကြားဓာတ်ပမာဏကို ငယ်ရွယ်သူများကို ထိန်းထားသလို အလွန်အမင်း တင်းကြပ်စွာ ထိန်းရန်မဖြစ်နိုင်တော့ဘဲ အခြားအခြားသော ကျန်းမာရေးအခြေအနေများ၊ အသက်ကာလ ဥတုအာဟာရ အပိုင်းအခြား၊ ကုထုံးကို မည်မျှနားလည် လက်ခံနိုင်မလဲဟူသော စိတ္တုပ္ပါဒ်နှင့် ဗဟုသုတအပိုင်းအခြား စသည်ဖြင့် များစွာ ကွဲပြားသွားလေသည်။

ဆီးချိုကုထုံးနှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာ ကုထုံးများကို ခံယူနေသူအား ဆီးချိုဆိုင်ရာကုထုံးများ ခံယူနေသူဟု ပြောဆိုနိုင်ပါသလား။ သီအိုရီအရမူ အစားအသောက်၊ လေ့ကျင့်ခန်း၊ တရားဝင်သတ်မှတ်ထားသော သာဓကရှိ ဆေးဝါးများနှင့် သက်သေအရင်းခံ ဆေးကုထုံးများ (Evidence-based Medicine) ကို အပရိကထားသော မည်သည့်ကုထုံးကိုမှ ဆီးချိုကုထုံး အဖြစ် ယုံကြည်သတ်မှတ်ရန် ယုတ္တိမရှိပါ။ အကယ်၍ ကမ္ဘာအရပ်ရပ်က စံအဖြစ်သတ်မှတ်ထားသော အကောင်းဆုံး ကုထုံးများနှင့် မြန်မာ့တိုင်းရင်းဆေးတို့ တွဲဖက်ကုသသည် ဆိုလျှင်မူ စမ်းသပ်ဆဲကာလအနေဖြင့် လက်ခံနိုင်ဖွယ်ရှိသေးသည်။

သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာ့တိုင်းရင်းဆေးနှင့် ပိစပ်ရွက်များသည် ဆီးချိုအတွက် တစ်စုံတစ်ရာ အသုံးဝင်ကြောင်း ထိရောက်သော ရိုက်ချက်တစ်ချက်တစ်လေမျှ ရိုက်မပြနိုင်သေးပါ။ တရုတ်တိုင်းရင်းဆေးပညာရှင်များကမူ ကမ္ဘာကို ဆီးချိုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရိုက်ပြနိုင်ရန် ကြိုးစားသော်လည်း လတ်တလော ကာလတွင်မူ ဆီးချိုရောဂါကို ကလိထိုးရုံမျှ တတ်နိုင်ပါသေးသည်။ နောင်တော့ မပြောတတ်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Diabetes Blue Circle Symbol. International Diabetes Federation (17 March 2006).
  2. http://mmendocrinology.wordpress.com