ဆိုင်လန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချိုက်လွန်

ချိုက်လွန်(蔡倫 Cai Lun)(အေဒီ ၁၀၅ ဝန်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုး တစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၄င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မွေးဖွားသည်၊ ကွယ်လွန်သည်ကို လည်းမသိရပေ။

ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရိစ္ဆာန်တို့၏ အရိုးများ၊ သစ်ခေါက်များ၊ လိပ်ခွံများနှင့် ဝါးခြမ်းပြားများပေါ်တွင် ဗျည်းအက္ခရာများကို ရေးထွင်းမှတ်တမ်းတင် သယ်ဆောင်သွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက် များစွာပင် အဆင်ပြေလာပြီး အသိပညာ၊ စာပေဗဟုသုတတို့ကိုလည်း လွယ်ကူစွာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်လာသည်။ ထို့ကြောင့် စက္ကူကျေးဇူးမှာ မသေးလှဟုဆိုရမည်။ ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus) ကျူပင်မှ တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမြင့်သောကြောင့် သုံးစွဲမှု မတွင်ကျယ်လှပေ။

တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက် မိန်းမစိုးဖြစ်သူ ချိုက်လွန်က စက္ကူကို တီထွင်သည်ဟု သိရှိရသည်။ ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချခံရကာ မထင်မရှား တိမ်မြှုပ်ပျောက်ကွယ် ရရှာသည်။ သို့သော် အချို့သော မှတ်တမ်းများအရ ချိုက်လွန်သည် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ရေချိုး၊ အဝတ်ကောင်းဝတ်ပြီး အဆိပ်သောက်ကာ အဆုံးစီရင်ခဲ့သည် ဟုလည်းဆိုသည်။

သို့ဖြင့် စက္ကူမှာ အရေးကြီး၊ ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ် ကုန်ပစ္စည်းအမယ်တစ်မျိုး အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း စတင်လာတော့သည်။ အစက တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန် လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။ သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့် တရုတ်အချို့ကို အာရပ်တို့ ဖမ်းမိသဖြင့် အာရပ်တို့လည်း စက္ကူလုပ်နည်း ရရှိသွားခဲ့သည်။ မကြာမှီပင် ဘက္ကဒက်မြို့မှ စက္ကူများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့ ရရှိသည်မှာမူ ၁၂ ရာစုရောက်မှဖြစ်သည်။

Commons-logo.svg
Wikimedia Commons has media related to: