ဆိပ်ဖလူး

ဝီကီပီးဒီးယား မှ
Parijat, Hengra bubar, night-flowering jasmine, Shiuli
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Oleaceae
မျိုးဇာတ်: Myxopyreae
မျိုးစု: Nyctanthes
မျိုးစိတ်:
N. arbor-tristis
ဒွိနာမ
Nyctanthes arbor-tristis
Synonyms
  • Bruschia macrocarpa Bertol.
  • Nyctanthes dentata Blume
  • Nyctanthes tristis Salisb.
  • Parilium arbor-tristis (L.) Gaertn.
  • Scabrita scabra L.
  • Scabrita triflora L.

ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟု ခေါ်သည်။ [၁] Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။ အပင်သည် အပင်ပုမျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။

ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။ အပွင့်များသည် ၂ ပွင့်မှ ၇ ပွင့်ထိ အဆုပ်လိုက် ပွင့်သည်။ ညနေစောင်းမှ စတင်ကာနံနက်အရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်း အပွင့်များပွင့်သည်။ အသီးသည် ၂စင်တီမီတာရှိသော အသည်းပုံသဏ္ဌာန်ရှိပြီး ပြားချပ်သည့်သဏ္ဌာန်ရှိသလို လုံးဝန်းသည့်သဏ္ဌာန်လည်းရှိသည်။ အသီးသည် ၂ ခုတွဲဖြစ်ပြီး တစ်ခုစီတွင် အစေ့တစ်စေ့စီပါရှိသည်။

Coral Jasmine (ဆိပ်ဖလူး)[ပြင်ဆင်ရန်]

  • Botany Term : Nyctanthes arbor-tristis Linn
  • Species/Family : Oleaceae
ဆိပ်ဖလူးပင်

ပုံသဏ္ဌာန် : အပင် ပင်ငယ်မျိုးဖြစ်၍ ၁၀-၂၀ ပေထိမြင့်၏။ ပင်စည်ခေါင်းပွဖြစ်သည်။ အနံ့မွှေး၏။ အခေါက်ကြမ်း၍ အညိုနုရောင်ရှိသည်။ ကိုင်းဖြာသည်။ အကိုင်းရိုးနုစဉ်လေးထောင့် ပုံဖြစ်၍ ရင့်လျှင် လုံးဝိုင်းသွားသည်။ ရိုးတံနှင့် အရွက်ပေါ်တွင် အမွှေးကြမ်းများ ရှိ၏။ အရွက် ရွက်ဆိုင်ထွက်သည်။ ရွက်ရင်းပိုင်းကျယ်၍ ဝိုင်းပြီး ရွက်ထိပ်သို့ ချွန်သွယ်သွားသည်။ ရွက်နားခွေးသွားစိပ်ကျဲကျဲရှိ၏။ ရွက်ကြောထင်ရှား၍ ရွက်ပြားကြမ်းသည်။ အပွင့် အဖြူရောင်ရှိသည်။ ပွင့်ချပ်အနားပတ်လည်နှင့် ပွင့်ချပ် ပြွန် လိမ္မော်ရောင်ရှိသည်။ အနံ့ အလွန်မွှေးကြိုင်သည်။ ပြာသိုလတွင် ပွင့်သည်။ အပွင့်သည် အပင်တွင် တစ်ညသာပွင့်ပြီး ကြွေကျသွားသည်။ အသီး သီးတောင့် ဖြစ်သည်။ ၃/၄ လက်မရှည်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အပွင့် ၊ အခေါက်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ ပန်းမန်အဖြစ် အလှစိုက်ပျိုးကြသည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ အပင် ပဉ္စငါးပါးသည် အေးသောသတ္တိရှိ၏။ ၀ဖြိုးစေ၏။ ကိုယ်ဝန်ကို ကြီးထွားစေ၏။ အပူ ၊ မြင်းသရိုက် ၊ မီးယပ်နာ ၊ ဆံပင်ကျွတ်ရောဂါတို့ကို နိုင်၏။ အရွက်သည် ခါးစပ်၏။ သလိပ်ကို ကြေစေ၏။ အဖျားကို ပျောက်ကင်းစေနိုင်သည်။ အခေါက်သည် ခါး၏။ ချဉ်၏။ မျက်စိရောဂါ ၊ အဆုတ်ပြွန်ရောင်ခြင်းနှင့် အရေပြားရောဂါတို့ကို ပျောက်ကင်းစေသည်။ အသုံးပြုပုံ- အရွက် ၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။ ၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။ ၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏။ ၄ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏။ ၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏။ ၆ ။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏။ ၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏။ ၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။ ၉ ။ အရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏။ ၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏။ အပွင့် ၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။ အခေါက် ၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏။ ၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏။ ပဉ္စငါးပါး ၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးရောဂါပျောက်၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
  2. http://arogyamonline.com/commodity/materials/?raw=69[လင့်ခ်သေ]