ဆယ်လမွန်ငါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Principal Pacific salmon species: sockeye, chum, coastal cutthroat trout, chinook, coho, steelhead and pink

ဆယ်မွန်ငါး[ပြင်​ဆင်​ရန်​]

ငါးသေတ္တာစားဘူးသူတိုင်း ဆယ်မွန်ငါးကိုသိကြပေမည်။ ဆယ်မွန်ငါးသည် စည်သွတ်ရသော ငါးတစ်မျိုးဖြစ်သည်။ ဆယ်မွန်ငါးကို ဥရောပတိုက်အနောက်ဘက်၊ ကနေဒါနိုင်ငံအရှေ့ ဘက်၊ အမေရိကန် နိုင်ငံအရှေ့ဘက်တို့၌ရှိသော မြစ်များ၊ ပင်လယ်များတွင် အများအပြားတွေ့ရသည်။ ဆယ်မွန်ငါးသည် ရေချို အရပ်တွင် တစ်နှစ်ပတ်လုံးနေလေ့မရှိပေ။ စင်စစ်အားဖြင့် ရေချိုအရပ်တွင် မွေးသော်လည်း အသက် ၂ နှစ်ခန့် ရှိသော အခါတွင် ဆန်းကြယ်သော ပင်ကိုယ်သိ၏ လှုံ့ဆော်ချက်ကြောင့် ပင်လယ်ထဲသို့ လှည့်လည်ကျက်စားတတ်သည်။ နွေအချိန်တွင် မြစ်ငယ်ချောင်းငယ်များအတွင်းသို့ ဝင်ရောက်လာ၍ ဆောင်းဥတု တွင် ပင်လယ်၌ပင်နေလေ့ရှိသည်။

နွေဦးပေါက်လျှင် ဆယ်မွန်ငါးသည် အလုံးအရင်းနှင့် သမုဒ္ဒရာထဲမှ မြစ်ဝချောင်းဝများဆီသို့ သွားရောက် စုရုံးတတ် ကြသည်။ ထို့နောက် မြစ်ရေကို ခရီးရှည်လျားစွာ ဆန်တက်ကြ သည်။ လမ်း၌တွေ့ရသောအဆီးအတားများကို ဂရုမပြုတတ်ပေ။ ရေခဲတုံးကြီးများ၊ ရေတံခွန်များကို တွေ့ရသည့်တိုင်အောင် ကွေ့ ရှောင်တိမ်းဖယ်၍ မသွားဘဲ၊ လေထဲသို့ ၆ ပေ၊ ၇ ပေခန့်မျှ ခုန်တက်၍ ထိုအဆီးအတားကို ဖြတ်ကျော်လေသည်။ ရေငြိမ် သောနေရာသို့ရောက်လျှင်၊ ရက်ပေါင်းများစွာ ဆက်လက်၍ ခရီးသွားပြန်ရာ၊ မူလနေရာမှ မိုင်ပေါင်း များစွာဝေးသောအရပ် သို့ ရောက်ခါမှ ရပ်တန့်တော့သည်။ ဆယ်မွန်ငါးများသည် သွားလိုရာအရပ်သို့ အားလုံးချောမောစွာ မရောက်ကြချေ။ ထောင်ပေါင်းများစွာတို့မှာ ပိုက်ကွန်ထဲတွင် မိကုန်ကြသည်။ ဆောင်းဦးပေါက်သောအခါ ဆယ်မွန်ငါးတို့သည် အသွေး အရောင်နှင့် သဏ္ဍာန်ပြောင်းလဲကြပြန်၏။ တပြောင်ပြောင် တောက်ပလျက်ရှိသော ငွေရောင်သည် မွဲခြောက်ခြောက်ဖြစ် သွားသည်။ ထိုမျှသာမက၊ သေးသွယ်ကျော့ရှင်းသော ကိုယ်လုံး ကိုယ်ထည်မှာလည်း အကျည်းတန် အရုပ်ဆိုး၍လာလေသည်။ နံလေးသားမှာ ချောင်ကျသွား၍ နောက်ကျောမှာလည်း ပို့ကြီး သဖွယ် ကြွတက်လာပြီးလျှင်၊ နှာသီးသည် အပြင်ဖက်သို့ ရှည်ထွက်ကာ၊ အောက်မေးရိုးသည် အထက်သို့တက်လာလေ သည်။ ဤအချိန်မျိုးတွင် ဆယ်မွန်ငါးသည် အလျင်းစား၍ မကောင်းတော့ပေ။

ဆောင်းဦးပေါက်လာသည်နှင့် ငါးမသည် မြစ်၏အောက် မြေပြင်ပေါ်တွင် တိမ်သောမြောင်းကလေးများကို လုပ်စပြုသည်။ မြောင်းကလေးများ ဖောက်လုပ်ပုံမှာ၊ ရေအောက်ရှိ ကျောက် စရစ်ခဲများအပေါ်တွင် လူးလိုက် လှိမ့်လိုက်ဖြင့် သဲခင်းကို ကိုယ်နှင့်တိုက်၍ ဖောက်လုပ်သည်။ ထိုမြောင်းကလေးများ ထဲတွင် ဥများအုပြီးသော် သဲဖြင့်သေချာစွာ ပြန်ဖုံးထားလေ့ ရှိ၏။ ဆယ်မွန်ငါးအုနေသော အချိန်တွင် ဆယ်မွန်ငါးထီးတို့ သည် တစ်ကောင်ကိုတစ်ကောင် ကိုက်ဖြတ်တတ်ကြသည်။ ပစိဖိတ်ကမ်းခြေတလျောက်ရှိ ဆယ်မွန်ငါးထီးများကား ငါးမ များအသိုက်လုပ်နေစဉ် စောင့်ရှောက်ပေးတတ်၏။

ဥများကို သဲထဲတွင် လုံခြုံစွာ မြှုပ်နှံကွယ်ဝှက်ထားပြီး သည့်အခါ၌ ဆယ်မွန်ငါးထီးနှင့် ငါးမတို့သည် အားအင်ချိနဲ့ လာသည်။ ထိုအခါ၌ ငြိမ်သက်တိတ်ဆိတ်သော ရေအိုင် တစ်အိုင်တွင် ခေတ္တခဏမျှ နားနေပြီးနောက် အနည်းငယ်မျှ သော ဆယ်မွန်ငါးတို့သာလျှင် အားအင်တစ်ဖန်ပြန်လည်ပြည့်ဝ လာကြသည်။ သို့သော်လည်း များစွာသော ငါးတို့သည် ပင်လယ်သို့မရောက်မီပင် သေကြေကုန်ကြသည်။

ဆယ်မွန်ငါးဥများသည် အစပထမ၌ အနီရင့်ရောင် ပုတီး စေ့ကလေးများကဲ့သို့ဖြစ်၍၊ ပဲစေ့ကလေးတစေ့လောက်သာရှိ သည်။ ချမ်းအေးသောဆောင်းရာသီ တစ်ရာသီလုံးတွင် ငါးဥ ကလေးများသည် ရေအောက်၌ သဲများဖုံးလွှမ်းလျက်ရှိကြသည်။ နွေဦးအခါတွင် ငါးဥထဲမှ ပေါက်လာသော ဆယ်မွန်ငါးကလေး များသည် ရွနေသောသဲခင်းကို ထိုးဖောက်၍ ထွက်လာကြသည်။ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတစ်လျှောက်ရှိ ဆယ်မွန်ငါး ဥများမှာ အုပြီးနောက် ရက် ၆ဝ ခန့်ကြာသောအခါ သားပေါက်လာ သည်။ နွေဦးပေါက်ချိန်တွင် ထိုငါးများသည် ပင်လယ်တွင်းသို့ ပြန်ရောက်လာကြသည်။

ဆယ်မွန်ငါးကလေးများသည် အလွန်ထူးဆန်းအံ့ဩဖွယ် ကောင်းသည်။ ကိုယ်ပေါ်တွင် အစာအိတ်တအိတ် သီးသန့်ပါရှိ သဖြင့် ငါးကလေးနှင့် မတူဘဲ၊ ဖားလောင်းကလေးနှင့်တူသည်။ ဤထူးဆန်းသော အိတ်ကလေးများမှာ ဥ၏ အနှစ်ပါရှိသော 'အနှစ်အိတ်'များ ဖြစ်သည်။ ဥအထဲတွင်ရှိသော အနှစ်ကို မှီဝဲ ခြင်းဖြင့် မွေးခါစငါးကလေးသည် ရက်သတ္တပတ် အနည်းငယ် ကြာအောင် မည်သည့်အစာကိုမျှ မစားဘဲ အသက်ရှင်နေနိုင် သည်။ ထိုအစာကုန်ခန်းသောအခါမှပင် အပြင်သို့ လှည့်လည် သွားလာလေတော့သည်။

ထိုအခါ ဆယ်မွန်ငါးပေါက်စသည် ဖားလောင်း၏ ပုံသဏ္ဌာန် ဖြစ်လာသည်။ သို့သော်လည်း အရွယ်မှာ တစ်လက်မခန့်သာရှိသေးသည်။ ဆယ်မွန်ငါးပေါက်စသည် အဆင့်ဆင့် ကြီးရင့်လာရာ၌ အတော်ပင် လျင်မြန်ရကား၊ မကြာမြင့်မီ အလျား ၄ လက်မမှ ၅ လက်မအထိရှိသော ငါးကြီးဖြစ်လာလေသည်။

ဆယ်မွန်ငါးကလေးများသည် အရွယ်ရောက်ပြီးသော ဆယ်မွန်ငါးများကဲ့သို့ ဖြူပြာရောင်သန်းမနေပေ။ ညိုဖျော့သော အရောင်ရှိ၍၊ အရေခွံပေါ်တွင် အနီစက်များ ပါရှိသည်။ ထို ငါးကလေးများသည် ကျောက်တုံးများ၏ အကြိုအကြားဝယ် ဝင်ထွက်ကာ၊ ပိုးမွှားကို ဟပ်ယူစားမျိုတတ်သည်။ အမြဲပင် ဆာလောင်မွတ်သိပ်၍ နေတတ်သည်။

ဆယ်မွန်ငါးကလေးများသည် ၇ လက်မ၊ ၈ လက်မ အရွယ်ရှိသော ငါးပေါက်စများ ဖြစ်လာသည့် အခါတွင် မြစ်ရေစီးကြောင်းတိုင်းလိုက်၍ ပင်လယ်သို့ ဆင်းကြသည်။ ငါးကလေး၏ ကိုယ်ရောင်မှာ ငယ်စဉ်ကကဲ့သို့ မွဲခြောက် ညစ်ပေခြင်းမရှိတော့ဘဲ၊ ငွေသွေးငွေရောင် တပြောင်ပြောင် တောက်ပလျက်ရှိသည်။

အရွယ်ကြီးမား၍ ဆာလောင်မွတ်သိပ်နေသော ငါးကြီး များသည် ထိုဆယ်မွန်ငါးကလေးများနောက်မှ တကောက် ကောက်လိုက်၍ ဖမ်းယူစားသောက်တတ်သည်။ စွန်ရဲများနှင့် ပင်လယ်ဇင်ယော်များကလည်း ရေကူးမကျင်လျင်သေးသော ငါးကလေးများကို အလစ်တွင်ဝင်၍ သုတ်တတ်ကြသေးသည်။ ထို့ကြောင့် ပင်လယ်သို့ အနည်းငယ်မျှသော ငါးများသာလျှင် ဘေးမသီရန်မခဘဲ၊ ချောမောစွာ ရောက်လာနိုင်သည်။ ဆယ်မွန်ငါး ပေါက်စများသည် အရွယ်ရောက်သောငါးကြီး ဖြစ်ဖို့ရန် လေးနှစ်ခန့်ကြာသည်။ ဆယ်မွန်ငါး အမျိုးပေါင်း မြောက်များစွာရှိ၍၊ ယင်းတို့ကို အမည်အသီးသီးဖြင့် ခွဲခြား၍ ခေါ်ကြသည်။ ဆယ်မွန်မျိုးတွင် အတ္တလန္တိတ်ဆယ်မန်ငါး၊ ပစိဖိတ်ဆယ်မန်ငါး၊ ချင်းနွတ်ဆယ်မွန်ငါး စသည်ဖြင့် အမျိုး မျိုးရှိ၏။ ဆယ်မွန်ငါးတို့သည် ကမ္ဘာ၏ မြောက်ဘက်ပိုင်းရှိ အေးမြသော ပင်လယ်တို့တွင် ကျက်စားလေ့ရှိကြသည်။ ရေချိုဆယ်မွန်ငါးလည်း ရှိသေးသည်။ ထိုငါးမျိုးကို 'ကုန်းဆယ်မွန်ငါး'ဟူ၍လည်း ခေါ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုငါးတို့သည် အများအားဖြင့် မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အိုင်ကြီးများတွင်သာ နေလေ့ရှိသောကြောင့် ဖြစ်သည်။ ထိုငါးတို့သည် အိုင်ထဲသို့စီးဝင်သော ချောင်း၊ မြောင်း၊ မြစ်စသည် တို့တွင်သာ ဝင်ရောက်ကျက်စားလေ့ရှိ သည်။ ထိုနေရာများသို့ လာရောက်ကြခြင်းမှာလည်း ငါးကလေး များမွေးရန်အတွက် သက်သက်ဖြစ်သည်။ ဤဆယ်မွန်ငါးများ သည် ပင်လယ်ဆယ်မွန်ငါးများကဲ့သို့ ကိုယ်လုံး ကိုယ်ထည် ကြီးမားခြင်းမရှိပေ။

ဆယ်မွန်ငါး ဥအုသောအချိန်မှာ အများအားဖြင့် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလထဲတွင် ဖြစ်သည်။ ဆယ်မွန်ငါးစည်သွတ် လုပ်ငန်းသည် ငါးလုပ်ငန်းကြီးတစ်ခုလုံးတွင် အရေးပါအရာ ရောက်ပေသည်။ အထူးသဖြင့် ကနေဒါနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတွင် ဆယ်မွန်ငါးစည်သွတ်လုပ်ငန်းမှာ အရေးကြီး သော လုပ်ငန်း ဖြစ်သည်။ ဤစည်သွတ်လုပ်ငန်းအတွက် အသင့်တော်ဆုံး ဆယ်မွန်ငါးမျိုးမှာ 'ကွင်းနက်'ငါးမျိုးဖြစ်၏။ ထိုငါးမျိုးမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင်သာ ရှိသည်မဟုတ်ပေ။ ယခုအခါ နယူးဇီလန်ကျွန်းတွင် စမ်းသပ် မွေးမြူရာ၌ အောင်မြင်သည်ကို တွေ့ရလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)