ဆပ်ကပ်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆပ်ကပ်ပွဲ[ပြင်​ဆင်​ရန်​]

ဆပ်ကပ်ပွဲဆိုသည်မှာ ဆင်လိမ်မာ၊ ခြင်္သေ့လိမ်မာ၊ ကျား လိမ်မာ၊ ခွေးလိမ်မာ စသည်ဖြင့် ယဉ်ပါးလိမ်မာအောင် သင် ထားသော တိရစ္ဆာန်များနှင့် ကစားပြခြင်း၊ မြင်းများကို စီးပြ ခြင်း၊ ဓား သေနတ် စသည်တို့ကို ကျွမ်းကျင်စွာ ပစ်ပြခြင်း၊ မြေစိုက်ဘား၊ ကောင်းကင်ဘားများပေါ်၌ ရှေ့ဂျွမ်း၊ နောက်ဂျွမ်း အမျိုးမျိုးကို ကျင်လျင်စွာ ကစားပြခြင်းတို့ဖြင့် ပရိသတ်ကို ဖြေဖျော်ပြသသည့်ပွဲဖြစ်သည်။ လူတို့သည် အထူးအဆန်းကို ကြည့်လိုမြင်လိုမြဲ ဖြစ်သည့်အတိုင်း ဆပ်ကပ်ပွဲဟုဆိုလျှင် ကလေးလူကြီးမရွေး မနှစ်သက် သူဟူ၍ မရှိပေ။ ဆပ်ကပ်ပြပွဲ၌ရုံအတွင်း ဘေးပတ်လည်တွင်ပရိသတ်ထိုင် နိုင်ရန် စင်မြင့်များဆောက်လုပ်၍ အလယ်တွင် ကွက်လပ်တစ်ခု ထားလေ့ရှိသည်။

ဆပ်ကပ်ပြပွဲကို ရှေးရောမလူမျိုးများကစတင်တီထွင်ခဲ့၍ရောမ တို့၏ အကျော်ကြားဆုံး ဆပ်ကပ်ပြပွဲရုံကြီးမှာ 'ဆပ်ကပ်မက် ဆီးမပ်'ဟု တွင်လေသည်။ ထိုရုံကြီးကို အကြိမ်ကြိမ်ထပ်မံချဲ့ ထွင်ပြင်ဆင်လာခဲ့ကြရာ၊ ၄ ရာစုနှစ်အတွင်းသို့ ရောက်သော အခါ၊ ထိုရုံကြီးမှာ အရှည်တစ်မိုင်ကျော်၊ အကျယ်သုံးဖာလုံ နီးပါး၊ အမြင့်ပေ ၃ဝဝ မျှရှိ၍၊ ပရိသတ် ၄ဝဝဝဝဝ နီးပါး ဆံ့အောင်ပင် ကြီးကျယ်သည်ဟု ဆိုလေသည်။ နောင်သော် နယ်လှည့်ဆပ်ကပ်ပွဲ၊ ကမ္ဘာလှည့်ဆပ်ကပ်ပွဲများ ပေါ်ပေါက်လာ ကြသည်။

ဆပ်ကပ်အဖွဲ့များတွင် တိရစ္ဆာန်လိမ်မာများ၊ ဂျွမ်းဘား သမားများ၊ စက်ဘီးစီးသမားများ၊ ကြိုးတန်းလျှောက်သမား အပြင် တစ်ခါတစ်ရံ လူရှည်၊ လူပု၊ လူဝ၊ ဗလကြီးသူစသော အထူးအဆန်းများလည်း ပါဝင်တတ်သည်။ ဆပ်ကပ်ပွဲ၌ လူ ပျက်ပါစမြဲပင်ဖြစ်သည်။ ဆပ်ကပ်လူပျက်မှာ မျက်နှာကို ဆေး ခြယ်၍၊ ရောင်စုံအဝတ်အစားကို ဝတ်ဆင်ကာ၊ ပရိသတ်များ မငြီးငွေ့စေရန် ရယ်အောင်ပြုလုပ်ပေးရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)