ဆစ်ဒနီဆာဖိလစ်

ဝီကီပီးဒီးယား မှ
ဆာ ဖိလစ် ဆစ်ဒနီ

၁၅၅၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အင်္ဂလန်နိုင်ငံ၊ ကင့်နယ်၊ ပင်းဇဟတ်မြို့တွင် ဆာ ဖိလစ် ဆစ်ဒနီအား ဖွား မြင်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ကဗျာစာဆိုတစ်ဦး အနေဖြင့်လည်းကောင်း၊ စစ်မှုထမ်းကောင်းတစ်ဦးအနေဖြင့်လည်းကောင်း၊ ထင်ရှားကျော်ကြားသည်။ အောက်စဖို့ တက္ကသိုလ် နှင့် ကိန်းဘရစ်ချ် တက္ကသိုလ် တို့တွင်ပညာ သင်ကြားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်အရွယ်မှစ၍ခရီးထွက် ခဲ့ရာ၊ ပြင်သစ်၊ ဟန်ဂေရီနှင့် အီတလီနိုင်ငံများသို့ ရောက်ရှိခဲ့သည်။ ၁၅၇၅ ခုနှစ်၌ဂျာမနီနိုင်ငံနှင့်ဖလန်းဒါးခရိုင်တို့မှဖြတ် ၍ အင်္ဂလန်နိုင်ငံသို့အရောက်တွင် အယ်လစ်ဇဗက်ဘုရင်မ၏ ချီးမြှင့်ခြင်းကိုခံရ၍၊ ၁၅၇၆ ခုနှစ်၌ ဂျာမနီသို့ သံတမန်အဖြစ် စေလွှန်ခြင်းခံရလေသည်။ ၁၅၈ဝ ပြည့်နှစ်တွင် နှမဖြစ်သူ ပင်းဗရုတ်မြို့စားကတော်နေထိုင်ရာ ဝီလတန်နေအိမ်၌ အနားယူကာ'အာကေးဒီးယား'အမည်ရှိသော ချစ်တေးကဗျာတစ်ပုဒ်ကို စပ်ဆိုခဲ့လေသည်။

၁၅၈၃ ခုနှစ်တွင် ဆာဖရန်စစ် ဝေါလ ဆင်းဂမ်၏ သမီး နှင့်လက်ထပ်ခဲ့ပြီးနောက်၊ ဆာဘွဲ့ချီးမြှင့် သူကောင်းပြုခြင်းခံရ၏။ ဆစ်ဒနီသည်မာတင် ဖရိုးဗစ်ရှား၊ရတ်ချတ်ဟက်ကလွတ် နှင့် ဆာဝေါ်လတာရော်လီတို့၏ နယ်သစ်ထူထောင်ရေး စီမံ ကိန်းများတွင် များစွာစိတ်ပါဝင်စားခဲ့သူ ဖြစ်လေသည်။ ထိုနောက်ဆစ်ဒနီသည် အယ်လစ်ဇဗက် ဘုရင်မအား စပိန်နိုင်ငံနှင်စစ်ခင်းရန်တိုက်တွန်းခဲ့ပြီးလျှင်၊ကိုယ်တိုင်လည်း ပါဝင် တိုက်ခိုက်ခဲ့လေသည်။ စစ်ပွဲအတွင်းနယ်သာလန်ပြည်နယ်၊ ဖလပ်ရှင်းဘရင်ခံအဖြစ် ဆောင်ရွက်နေရခိုက် တိုက်ပွဲ တစ်ခုတွင် ကျည်သင့်၍ကျဆုံးခဲ့လေသည်။ ယင်းတိုက်ပွဲ၌ပင် သူ၏ ရဲရင့်မြင့်မြတ်သောစိတ်ထားကိုပြင်းထန်သောဒဏ်ရာ နှင့် လဲနေစဉ် ရေငတ်လှသောကြောင့် ရေတောင်းလေသည်။ ထိုအခါ သူ့အတွက် ယူလာသောရေကို သောက်မည်အပြုတွင် အခြားသော သေအံ့ဆဲဆဲစစ်သားတစ်ယောက်သည် သူ့ထံမှ ရေကို မွတ်သိပ်တောင့်တသော မျက်စိများဖြင်ကြည့်နေသည် ကို မြင်ရလျှင် ဆစ်ဒနီလည်းသူသောက်မည့်ရေကို ရေငတ်နေသော စစ်သားအားပေးလိုက်သည်ဟူ၏။

ဆာ ဖိလစ်၏ ရုပ်အလောင်းကို အခမ်းအနားဖြင့် စိန်ပေါ ကသီဒရယ် ဘုရားရှိခိုးကျောင်းဟောင်းကြီးတွင်မြှုပ်နှံသဂြိုဟ် ခြင်း ပြုကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)