ဆင်စွယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၁ ရာစု အီတလီမှ ဆင်စွယ်
အီရန်နိုင်ငံမှ ဆင်စွယ်ပန်းပု

ဆင်စွယ်ကို လူတို့သည် အလှပြပန်းပုထည်များ ထုလုပ် ရန် ရှေးအခါကပင် သုံးစွဲလာခဲ့ကြသည်။ အီဂျစ်လူမျိုးများ ကောင်းစားစဉ်ခေတ်က ဆင်စွယ်ဘီး၊ ဆင်စွယ်ဆံထိုးစသော အသုံးအဆောင်များကို အသုံးပြုခဲ့ကြကြောင်း မှတ်တမ်းများတွင် တွေ့ရ၏။ ဆောလမွန်ဘုရင်သည် ဆင်စွယ်အတိပြီးသော ရာဇ ပလ္လင်တစ်ခုကို ထုလုပ်ခဲ့သည်ဟု အဆိုရှိသည်။ ရှေးတရုတ် လူမျိုးများသည် ဆင်စွယ်အသုံးအဆောင်များကို အမြတ်တနိုး အသုံးပြုခဲ့ကြ၍၊ တရုတ်မင်းများ ကိုယ်တိုင်က ဆင်စွယ်လုပ် ငန်းကို အထူးချီးမြှင့်မြေ|ာက်စားခဲ့ကြသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ကျော်က နင်နိဗိမြို့၌ အဆီးရီးယန်းလူမျိုး များ ထုလုပ်အသုံးပြုခဲ့ကြသော ဆင်စွယ်အသုံးအဆောင်များကို ဗြိတိသျှပြတိုက်ကြီးတွင် ယခုတိုင်တွေ့မြင်နိုင်သည်။ ၁၃ ရာစု နှစ်နှင့် ၁၄ ရာစုနှစ်များအတွင်း၌ ထွန်းကားခဲ့သည့် ဂေါ့သ သုခုမပညာတွင် ဆင်စွယ်ဖြင့်ထုလုပ်ခဲ့သော ရုပ်လုံးများမှာ အလွန်လှပ၍ လက်ရာကောင်းမွန်သည့်အတွက် ထင်ရှားခဲ့ လေသည်။

ဥရောပတိုက်သို့ တင်သွင်းကြသော ဆင်စွယ်များကို အများအားဖြင့် အာဖရိကတိုက်မှ ရရှိသည်။ ဆင်စွယ်အချို့ကို အိန္ဒိယပြည်မှလည် တင်ဆောင်ကြ၏။ အာရှတိုက်၊ အမေရိက မြောက်ပိုင်းနှင့် အထူးသဖြင့် ဆိုက်ဗီးရီးယားနယ်မြောက်ပိုင်း တို့တွင် ရေခဲဖုံးနေသော မြေအောက်၌ ရှေးနှစ်ထောင်ပေါင်းများ စွာကနစ်မြုပ်နေသည့် မမ္မတ်နှင့် မတ်စတိုဒွန်ခေါ် ရှေးဆင်ရိုင်း အသေကောင်များမှလည်း ဆင်စွယ်အများအစား တူးဖေါ်ရရှိ သည်။ သို့သော် ယခုခေတ် ဆင်စွယ်တို့လောက် အမျိုးအစား မကောင်းချေ။ ဆိုက်ဗီးရီးယားနယ်ရှိ အဆိုပါ ဆင်စွယ်များကို လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝဝ ခန့်က စတင် တူးဖေါ်ခဲ့ကြသော် လည်း ယခုတိုင်အောင် ကုန်ခန်းသည်ဟူ၍ မရှိသေးပေ။ ထို့ ကြောင့် ကမ္ဘာတွင် လူတို့သတ်ဖြတ်သည့်အတွက် လက်ရှိဆင် များ မျိုးပြုတ်သွားသည့်တစ်နေ့တွင် ထိုဆင်စွယ်များကိုပင် အားထားကြရပေမည်။ ကမ္ဘာပေါ်၌ ဆင်စွယ်ကို အများဆုံး ရောင်းဝယ်သော မြို့ကြီးနှစ်မြို့မှာ လန်ဒန်မြို့နှင့် အန်တွပ်မြို့ များ ဖြစ်ကြ၏။ ထိုမြို့ကြီးနှစ်မြို့တွင် တစ်နှစ် တစ်နှစ်လျှင် ဆင်စွယ်တန်ချိန် ၁ဝဝဝ မျှ အရောင်းအဝယ်ဖြစ်ကြသည်ဟု သိရလေသည်။

ဆင်စွယ်ရရှိရာ အရပ်ဒေသကိုလိုက်၍ ဆင်စွယ်အကောင်း အညံ့ရှိသည်။ အကောင်းဆုံးအမျိုးအစားမှာ အာဖရိကတိုက် အရှေ့ပိုင်းမှရသည့် ဆင်စွယ်မျိုးပင်ဖြစ်၏။ အာဖရိကတိုက်မှ ရရှိသော ဆင်စွယ်အကောင်းစားကို လတ်လတ်ဆတ်ဆတ် ပိုင်းဖြတ်ကြည့်လျှင် အသား အလွန်ညက်၍အလင်းထိုးဖောက် ဝင်ရောက်နိုင်ကြောင်း တွေ့ရမည်။ အာရှတိုက်မှ ဆင်စွယ်များ မှာ ပို၍ဖြူ၏။ သို့သော် အသားအနည်းငယ်ပွ၍၊ မကြာမီ အဝါရောင် သန်းလာတတ်ပြီးလျှင် အရောင်တင်ရန်လည်း အာဖရိကဆင်စွယ်လောက် မလွယ်ကူဟု ဆိုလေသည်။ညီညာ လျက် ပုံပန်းကျ၍၊ မကောက်လွန်း မလိမ်လွန်းသော ဆင်စွယ် များ၊ အပေါ်ယံအလွှာ ချောမွှတ်ပါးလွှာကြည်လင်လျက် အလင်း ပေါက်သော ဆင်စွယ်များသည် သာမန်ဆင်စွယ်တို့ထက် ပို၍ ဈေးကောင်း ရတတ်သည်။

ဆင်စွယ်တွင် အမာနှင့်အပျော့ နှစ်မျိုးရှိ၏။ သို့သော် တိတိကျကျ ခွဲခြားဖေါ်ပြရန်မှာ မလွယ်ကူချေ။ ယေဘုယျအား ဖြင့် ပြောရသော်၊ ဆင်စွယ်အမာမျိုးသည် ဖန်ကဲ့သို့ အသွင် အပြင်ရှိ၍ အလင်းပေါက်သည်။ ခွဲစိတ် ဖြတ်တောက်ရာ၌ ပိုမိုမာကျောသည်။ ဆင်စွယ်အပျော့စားမှာ ရေငွေ့ပိုမိုပါရှိ၍၊ ရာသီဥတုနှင့် အပူ အအေး ပြောင်းလဲမှုဒဏ်ကို ပိုမိုခံနိုင်ရည် ရှိပြီးလျှင်၊ လွယ်ကူစွာနှင့် ကွဲအက်ခြင်းမရှိပေ။ အာဖရိကတိုက် တွင် ဆင်စွယ်အပျော့မျိုးကို အရှေ့ပိုင်းမှ၎င်း၊ အမာမျိုးကို အနောက်ပိုင်းမှ၎င်း ရရှိတတ်သည်။ ဆင်စွယ်များကို ကန့်လန့် ဖြတ်ကြည့်လျှင် အရောင်အမျိုးမျိုးသန်း၍၊ အရက်အရစ်ဖြစ်နေ သော စက်ဝိုင်းပုံအစင်းကြောင်းများကို တွေ့နိုင်၏။ ဤအမှတ် အသားမျိုး ပါမပါကို ကြည့်ခြင်းဖြင့် ဆင်စွယ်အတုနှင့် အစစ် ကို အလွယ်တကူပင် ခွဲခြားသိရှိနိုင်ပေသည်။

ဆင်စွယ်ပင်မဟုတ်သော်လည်း ဆင်စွယ်ကဲ့သို့ အသုံးပြု နိုင်သော ဆင်စွယ်အတုများကို ရေမြင်း၊ တောဝက်၊ ဝါးလရပ် ဖျံ၊ နာဝှာလင်းပိုင်၊ စပမ်းဝေလငါးတို့၏ အစွယ်များမှရရှိသည်။ သို့သော် ယင်းတို့အားလုံးပင် ဆင်စွယ်အစစ်ကို မမီကြပေ။ တိရစ္ဆာန်များမှရရှိသည့် ဆင်စွယ်တုများအပြင် အပင်မှရရှိသော ဆင်စွယ်တုနှင့် ဓာတ်ပစ္စည်းများဖြင့်ချက်လုပ်ယူသော ဆင်စွယ် တုများလည်း ရှိသေးသည်။ ဆင်စွယ်တုရရှိ သောအပင်များမှာ တောင်အမေရိကတိုက် အပူပိုင်းဒေသတွင် ပေါက်ရောက်တတ် သော ဖိုက်တီလီဖတ်ခေါ် အပင်နှင့် အမေရိကတိုက်အလယ်ပိုင်း မှ အက်တေးလီယာခေါ် အပင်တို့ဖြစ်ကြ၏။ ထိုအပင်များမှာ ထန်းမျိုး တွင်ပါဝင်၍ လူဦးခေါင်းအရွယ်ခန့်ရှိသော အသီးများ သီးလေ့ရှိသည်။ အသီးတစ်လုံးတစ်လုံးတွင် အစေ့ သို့မဟုတ် အဆန်များစွာပါရှိ၍ ရင့်မှည့်သောအခါ ဆင်စွယ်တမျှ မာကျော လာသည်။ ယင်းတို့ကို ကြယ်သီး၊ ထီးလက်ကိုင်စသော အသုံး အဆောင်များ ပြုလုပ်နိုင်လေသည်။ ဓာတ်ပစ္စည်းများမှ ချက်ယူ ရရှိသော ဆင်စွယ်တုများတွင် ဆဲလျူလွိုက်မှ ရရှိသော ဗွန်ဇို လင်နှင့် နို့မှရရှိသော ဂလာလစ်တို့မှာ အထင်ရှားဆုံးဖြစ်ကြ၏။

ဆင်စွယ်သည် အဖိုးတန်သည်နှင့်အမျှ မည်သည့်အစိတ် အပိုင်းကိုမျှ စွန့်ပစ်ရသည်မရှိအောင် အသုံးဝင်သည်။ဆင်စွယ် ကို အထူးသဖြင့် ဗိလယက်ဘောလုံး၊၊ စန္ဒရားခလုတ်၊စာအုပ် တန်းထိန်း၊ ထီးရိုး၊ ဓားရိုး၊ စာအိတ်ဖွင့်ဓား၊ စီးကရက်သောက် တံစသည့် လူသုံးပစ္စည်းများအပြင် ရုပ်လုံးစသည့် အလှအပ အသုံးအဆောင်များ ပြုလုပ်ကြသည်။ ဗိလိယက်ဘောလုံး လုပ် သောဆင်စွယ်မှာ အကောင်းဆုံးအစားဖြစ်၍၊ အာဖရိကဆင်စွယ် အပျော့စားမျိုးဖြစ်၏။ သာမန်ဆင်စွယ်တစ်ချောင်းမှ ဗိလိယက် ဘောလုံး သုံးလုံးသာ ပြုလုပ်နိုင်သည်ဟုဆိုသည်။ ဆင်စွယ်ကို တိုက်ဖြတ်ရာ၌ရရှိသော အမှုန်းများကို အရောင်တင်ဆေးမှုန့် အဖြစ် အသုံးချ၍၊ မင်တစ်မျိုးကိုလည်း ပြုလုပ်နိုင်သည်။ အစ အနများကိုမူ အခြားပစ္စည်းများတွင် မြှုပ်နှံ၍ အကွက်ဖေါ်ရန် နှင့် အခြားအလှသုံးပစ္စည်းအသေးစားများ ပြုလုပ်ရာ၌ အသုံး ချရလေသည်။

မြန်မာနိုင်ငံ၌ ဆင်စွယ်ကို အဖျားမှ အရင်းအထိ ပန်းခက် ပန်းနွယ်များ၊ ရုပ်လုံးများကို စွယ်စုံပန်းပုထု၍ ဘုရားကျောင်း ဆောင်များ၌ လှူဒါန်းခြင်း၊ အိမ်များ၌ အလှအပထားခြင်းဓလေ့ ရှိခဲ့ပေသည်။ ဆင်စွယ်ရုပ်လုံးများ၊ လှေ၊ လှည်းသဏ္ဌာန်များကို အလှအပ ပစ္စည်းငယ်များအဖြစ်ဖြင့်လည်း ပန်းပုထုကြသည်။ လူသုံး ပစ္စည်းအဖြစ်ဖြင့် ဆင်စွယ်ဘီး၊ ဆင်စွယ်ကြယ်သီး၊ ဆင်စွယ်ဆံထိုး၊ ဆင်စွယ်ပုတီးများ ပြုလုပ်၍လည်း သုံးစွဲကြ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)