စွင်ဂလီ၊ ဦးရစ်

ဝီကီပီးဒီးယား မှ

၁၅ ရာစုနှစ်အတွင်း ဥရောပတိုက်၍ ခရစ်ယန်သာသနာ့ အရေးပုံ ပေါ်ပေါက်နေစဉ်၊ ဂျာမနီမှ မာတင်လူသာနှင့် ပြင်သစ်မှ ဂျွန်ကယ်လဗင်တို့နည်းတူ၊ ဆွစ်ဇာလန်မှ ဦးရစ်စွင်ဂလီသည် ထင်ရှားလာခဲ့သည်။

စွင်ဂလီသည် ခရစ် ၁၄၈၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် ဆွစ်ဇာလန်ပြည် စိန်ဂေါမြို့၌ ဖွားမြင်သည်။ ငယ်စဉ်က ဗန်း၊ ဗီယင်းနား၊ ဗားလမြို့များတွင် ပညာသင်ကြားခဲ့ပြီးလျှင်၊ ဗားလတက္ကသိုလ်မှ ဘွဲ့ရခဲ့၏။ ၁၅ဝ၆ ခုနှစ်တွင် ဂလားရူး နယ်ပ သင်းအုပ်ဘုန်းကြီးဖြစ်လာသည်။ ဂလားရူးနယ်မှ စစ်သားများသည် အီတလီသို့ စစ်ချီရသောအခါ၊ စွင်ဂလီသည် သင်းအုပ်အဖြစ်ဖြင့် လိုက်ပါသွားခဲ့ရသည်။ စစ်ချီရာမှ အပြန် တွင် ဆွစ်ဇာလန်စစ်တပ်များကို ဥရောပစစ်မက်ရေးရာတို့၌ ကြေးတပ်များအနေနှင့် အသုံးပြုခြင်းကို ပြင်းထန်စွာကန့်ကွက်သည်။ သို့ရာတွင် သူ၏ ဟောပြောရေးသားမှုတို့မှာ နိုင်ငံရေး ဆန်သောကြောင့် လူအများ၏ထောက်ခံမှုကိုမရချေ။ ထို့ကြောင့် ဂလားရူးမှ ထွက်ခွာလာ၍၊ အိုင်ဇီဒင်တွင် ၁၅၁၆ ခုနှစ်၌ နေထိုင်ပြီးလျှင်၊ ဇူးရစ်သို့ ၁၅၁၈ ခုနှစ်၌ ပြောင်းရွေ့ခဲ့သည်။

၁၅၁၉ ခုနှစ်တွင် သာသနာပြုပြင် ပြောင်းလဲရေးတရားကို စ၍ ဟောသည်။ သို့သော် စွင်ဂလီသည် မာတင်လူသာနှင့် သဘောထားကွဲလွဲသည်။ ၁၅၂၉ ခုနှစ်တွင် ယင်းသဘောထားကွဲလွဲချက် တို့ကို စေ့စပ်ရန် မားဗုမြို့ကွန်ဖရင့်ကို ကျင်းပခဲ့သော်လည်း၊ စွင်ဂလီသည် မာတင်လူသာနှင့် မပူးပေါင်းဘဲ၊ ကယ်လဗင်နှင့်သာ ပူးပေါင်းဆောင်ရွက်လေသည်။ ၁၅၃၁ ခုနှစ်တွင် သာသနာရေးဆိုင်ရာ သဘောကွဲလွဲမှုများ ပြင်းထန်လာရာ၊ စွင်ဂလီသည် မိမိကိုယ်တိုင်ဦးစီး၍ ရောမကက်သလစ်တို့ကို တိုက်လေသည်။ အောက်တိုဘာလ ၁၁ ရက် နေ့တွင် ကပ္ပယ်တိုက်ပွဲ၌ စွင်ဂလီကျဆုံးလေသည်။ စွင်ဂလီကျဆုံးရာအရပ်၌ ကျောက်တုံး တစ်ခုပေါ်တွင် 'ရန်သူသည် ရုပ်ခန္ဓာကို သတ်နိုင်သော်လည်း၊ နာမ်ခန္ဓာကို မသတ်နိုင်'ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင်တွေ့နိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)