စဲအိကန် လိုဏ်ခေါင်း
စဲအိကန် လိုဏ်ခေါင်း (青函トンネル Seikan Tonneru or 青函隧道 Seikan Zuidō) သည် ဂျပန်နိုင်ငံရှိ ရထားသွား လိုဏ်ခေါင်းတစ်ခုဖြစ်သည်။ ၅၃.၈၅ ကီလိုမီတာ (၃၃.၄၆ မိုင်) ရှည်လျားပြီး ပင်လယ်ကြမ်းပျင်အောက်ရှိ အပိုင်းမှာ ၂၃.၃ ကီလိုမီတာ (၁၄.၅ မိုင်) ရှည်လျားသည်။ သံလမ်းမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄၀ မီတာ (၇၉၀ ပေ)၊ ပင်လယ်ကြမ်းပြင်အောက် ၁၄၀ မီတာ (၄၆၀ ပေ) အနက်တွင် တည်ရှိသည်။ [၁] စဲအိကန် လိုဏ်ခေါင်းသည် ဆူဂါ့ရု ရေလက်ကြားကို ဖြတ်သန်းသွားကာ ဟွန်ရှူးနှင့် ဟိုကိုင်ဒို ကျွန်းနှစ်ခုကို ဆက်သွယ်ပေးထားပြီး ဟိုကိုင်ဒို ရထားပို့ဆောင်ရေး ကုမ္ပဏီ၏ ကိုင်ကျိုရထားလမ်း၏ တစ်စိပ်တစ်ဒေသ ဖြစ်သည်။
စဲအိကန် လိုဏ်ခေါင်း၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကာ ၁၉၈၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အဆုံးသတ်သည်။ ကိုင်ကျိုရထားလမ်းကို ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ် ပြေးဆွဲသည်။
ယူကေနှင့် ပြင်သစ်ကို ဆက်သွယ်ပေးသည့် ရေလက်ကြား လိုဏ်ခေါင်းသည် ပင်လယ်အောက်အပိုင်း ပိုမိုရှည်လျား သော်လည်း စုစုပေါင်းအလျားအရ စဲအိကန် လိုဏ်ခေါင်းသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးနှင့် အနက်ဆုံး ပင်လယ်အောက် ရထားလမ်း လိုဏ်ခေါင်းဖြစ်သည်။ [၂]