စောသင်မောင်

ဝီကီပီးဒီးယား မှ

ခွန်လောအား ယောက်ဖဖြစ်သူ သမိန်မြောင်းမြသတ်ဖြတ်ပြီးနောက် ကိုယ်တိုင်နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က တားမြစ်သဖြင့် သားဖြစ်သူ စောအောအားနန်းတင်လေသည်။ သောက္ကတဲမင်း ဗြရီထံသံစေကာ မင်းပြောင်းမင်းလွဲဖြစ်ကြောင်း လျှောက်တင်ပြီး ဘွဲ့အမည်တောင်းခံလေသည်။ သောက္ကတဲမင်းလည်း အဆွေအမျိုးမကင်းသည်ကိုထောက်၍ စောသင်မောင် (၁၃၁၁-၁၃၂၃) ဟူသောဘွဲ့ပေးသည့်အပြင် သမီးတော် မေနှင်းထပီ ကိုလည်းပေးသနားသည်။ သို့ဖြင့် စောသင်မောင်နန်းတက်သည်အထိ သောက္ကတဲနှင့်မုတ္တမ ဆက်ဆံရေးမှာ မဟာမိတ်ချစ်ကြည်ရေး ခိုင်မြဲနေဆဲပင်ဖြစ်သည်။ သားဖြစ်သူ စောသင်မောင်အုပ်ချုပ်သည်ဆိုသော်လည်း ဖခင်ဖြစ်သူ သမိန်မြောင်းမြဦးဆောင်ကာ ပြည်ရေးရပ်ရာများကိုစီမံသဖြင့် တိုင်းပြည်အရေးမှာတောင့်တင်း၏။ ထားဝယ်နှင့် တနင်္သာရီမြို့များကိုတိုက်ခိုက်အနိုင်ယူသည်။ ထို့ပြင်အနောက်ဘက်ရှိ မြောင်းမြပုသိမ်ဒဂုံဒလ မြို့များကိုလည်းသိမ်းယူသည်။ သားတော် စောအဲကံကောင်း နှင့် သမီးတော် တစ်ပါးကိုမြင်သည်။ မြေးနှစ်ဦးရပြီးလျှင် သမိန်မြောင်းမြနှင့် နှင်းဥရိုင်တို့လည်း အသီးသီးကွယ်လွန်သည်။ နန်းသက်ရှစ်နှစ်အတွင်း အပြင်ရန်စစ်မရှိသဖြင့် ငြိမ်းချမ်းမှုရရှိခဲ့သည့်အပြင် နိုင်ငံကိုလည်း မွန်ဒေသအားလုံးနီးပါး သိမ်းယူချဲ့ထွင်နိုင်ခဲ့သည်။ စောသင်မောင် လွန်လျှင် ညီဖြစ်သူ စောဇိတ် မင်းပြုသည်။