စောင်းကောက်

ဝီကီပီးဒီးယား မှ

စောင်းကောက်သည် ရှေးကတည်းက ရှိခဲ့သော မြန်မာ့ ကြိုးတပ်တူရိယာတစ်ခုဖြစ်သည်။ ၁၉၅၆ တွင် ဂျပန်ဒါရိုက်တာ ကွန်အိချိကာဝါ က ဗမာ့စောင်း (ဘိရုမာနောတာတဲဂိုတို) - The Burmese Harp (Biruma no tategoto) အမည်ရှိသည့် ဒုတိယကမ္ဘာစစ်အခြေခံ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ စာရေးဆရာ ရဲမြလွင်က မြန်မာ့စောင်း အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

စိန်ဗေဒါ နှင့် မြန်မာ့စောင်း

ရှေးအကျဆုံး ကြိုးတပ်တူရိယာ[ပြင်ဆင်ရန်]

စောင်းတူရိယာအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို အင်္ဂလိပ်ဘာသာကျမ်း၊ မြန်မာကျမ်းအစောင်စောင်တို့မှ ကောက် နုတ်၍ ဤစာမူတွင်ဖော်ပြထားသည်။စောင်းကောက်သည် ကမ္ဘာပေါ်ရှိ တူရိယာ များအနက် ရှေးအကျဆုံး တူရိယာတစ်မျိုး ဖြစ်သည်။ ရှေး ပဝေသဏီလူတို့သည် အမဲလိုက်ရာတွင် လေးများတို့ကို အသုံးပြုကြသည့်အချိန်မှစ၍ စောင်း တူရိယာကို စတင်တီထွင်လာကြ သည်ဟု ကမ္ဘာ့ပန်တျာ သုတေသနပုဂ္ဂိုလ်ကြီးများက ယူဆကြ သည်။

အီဂျစ်ဘေဘီလုံ၊ ဆူး မား၊ ပါးရှား၊ အိန္ဒိယဂျားဗားစသော နိုင်ငံအသီးသီးတို့တွင် အလွန်ရှေးကျသော ခေတ်မှစ၍ စောင်းတူရိယာကို တီထွင်ခဲ့ကြ၏။

ယနေ့ ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးအသုံးပြုနေကြသည့် စောင်းပုံအမျိုးမျိုးကို အကြမ်းအားဖြင့် ခွဲခြားလျှင်၊ လေးကိုင်းပုံ စောင်းနှင့် တြိဂံပုံစောင်းဟူ၍ စောင်းအမျိုးအစား နှစ်မျိုးရှိလေ သည်။ စောင်းအမျိုးအစား နှစ်မျိုး ရှိသည့်အနက် လေးကိုင်းပုံ စောင်းအမျိုးအစားသည် တြိဂံပုံ စောင်းအမျိုးအစားထက် ရှေး ကျကြောင်း သိရှိရပေသည်။ ကမ္ဘာပေါ်တွင် လေးကိုင်းပုံသဏ္ဌာန် စောင်းကောက်အမျိုးအစားသည် ရှေးခေတ်အီဂျစ်နိုင်ငံ၊ ရှေး ခေတ် အိန္ဒိယတိုင်းနှင့် ရှေးခေတ် ဂျားဗားကျွန်းတို့တွင် ပေါ် ထွန်းခေတ်စားခဲ့ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံ၌မူယခုတိုင် စောင်းကောက်ကို မြတ်နိုးနှစ်သက်စွာ တီးလျက်ရှိကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စောင်းကောက်များသည် ဘီစီ၃ဝဝဝ ခန့်မှစ၍ ဆူးမားပြည်နှင့် အီဂျစ်ပြည်ရှိ အရပ်ဒေသများမှစတင်၍ ပေါ်ပေါက်ထွန်းကား လာဟန်ရှိသည်။ ရှေးအကျဆုံးအီဂျစ်စောင်းမှာ ကြိုးတစ်ချောင်း သာလျှင် တပ်၍၊ စစ်တိုက်သည့်အချိန်အခါများနှင့် ရန်သူများ နောက်သို့ လိုက်သည့်အခါများတွင် တီးကြကြောင်း သိရှိရ သည်။

အိန္ဒိယတိုင်း၊ ပါဋလိပုတ်ပြည်၌ ခရစ်နှစ် ၃၃ဝ ပြည့် နှစ်တွင် နန်းတက်စိုးစံသော သမုဒြဂုတ္တမင်းလက်ထက်က သွန်းလုပ်ခဲ့သော ဒင်္ဂါးများပေါ်တွင် စောင်းကောက် တီးနေပုံကို တွေ့ရသည်။

ဂျားဗားကျွန်းသို့ အိန္ဒိယတိုင်းသားတို့ ၅ ရာစု နှစ်လောက်တွင် သွားရောက်နေထိုင်ကြရာ၊ စောင်းကောက် စသော တူရိယာများ ပါရှိသွားဟန်တူ၏။

ဂျားဗားကျွန်းတွင် ၈ ရာစုနှစ်ခန့်လောက်က တည်ထားခဲ့သော ဗိုးရိုဗူဒူး စေတီတော်ကြီး၏ ပစ္စယာအဆင့် ဆင့်၌ရှိသော ပန်းတမော့ ကျောက်ရုပ်များ တွင် စောင်းကောက်ပုံများကို တွေ့ရသည်။ ထိုစောင်းကောက် ပုံများ အချို့တွင် မြန်မာစောင်းကောက်များမှာကဲ့သို့ စောင်းကြိုး များကို ဘွဲ့ကြိုးဖြင့် ချည်နှောင်သည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံ၌ ပုဂံမြို့အာနန္ဒာဘုရားအတွင်းပိုင်း ကျောက်ရုပ်တို့တွင် စောင်းကောက်ပုံကို တွေ့ရှိရခြင်းအားဖြင့် ပုဂံခေတ်ကတည်းက စောင်းကောက်သည် ခေတ်စားလျက်ရှိကြောင်း ထင်ရှားပေ သည်။

မှတ်တမ်း[ပြင်ဆင်ရန်]

ပုဂံခေတ်အခါ၌ စောင်းတူရိယာနှင့်ယှဉ်တွဲ၍၊ ငြင်း၊ ကန့် လန့်ဖြတ်ပြွေများဖြင့် တီးမှုတ်လေ့ရှိကြောင်းလည်းသိရပေသည်။

မှန်နန်း မဟာရာဇဝင်တော်ကြီး၊ မန္တလေးတိုင်း ပထမတွဲစာအုပ်၊ စာမျက်နှာ ၂ဝ၅၊ ရတနသိဒ္ဓိ ပထမတွဲစာအုပ် စာမျက်နှာ ၂၂၄ တွင် သုမုန္ဒရီဖြိုကြွင်းသက္ကရာဇ် ၈၉ ခုနှစ် နန်းတက်တော်မူသော ပျူစောထီးမင်း နန်းတက်ပွဲအခမ်းအနား၌ စောင်းတူရိယာတီး ကြောင်း တွေ့ရှိရခြင်းဖြင့်လည်းကောင်း၊ မှန်နန်းရာဇဝင်တော်ကြီး၊ ပထမ တွဲ စာအုပ်စာမျက်နှာ ၂၉၂၊ ရတနသိဒ္ဓိပထမတွဲ စာအုပ်စာမျက် နှာ ၃၁၆ တွင် သက္ကရာဇ် ၄၅၄ ခုနှစ် နန်းတက်တော်မူသော အလောင်းစည်သူမင်းကြီး၏ မိဖုရားကြီး ၄ ပါးတို့၏ နန်းတော် ဆောင်များ၌ မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်း တို့ဖြင့် မပြတ်ဖျော်ဖြေတီးကြရကြောင်း တွေ့ရှိရသဖြင့်၊ ပုဂံခေတ် နန်းတွင်း နှင့် မင်းခမ်းမင်းနားများတွင် စောင်းတူရိယာများ တီးကြောင်း သိရှိရ၏။

'ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းငယ်ကောင်း ယောင်းမတို့တော်၊ မဲလည်ပင်နှင့် ဒန်းပင်နွဲ့နှောင်း၊ ယှက်ခါငယ်ပေါင်း' အစချီသုံးထောင့် အိုင်ချင်းတစ်ပုဒ်၌ 'စုန်မဲ့ဆို စုံမဲ့ရက်၊ ဆက်ဆက်မစုန်လို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွား၊ ထဲ့သလားတော်'ဟူ၍ ရေးသား ထားခဲ့ခြင်းဖြင့်၊ ရှေးအခါကပင် စောင်းတူရိယာများကို မင်းခမ်းမင်းနားသဘင်များတွင် တီးကြရုံသာမက၊ တောင်သူလယ်သမား ဆင်းရဲသားပိုင်းများ၌လည်း ခေတ်စားလျက်ရှိကြောင်း သိရှိရပေသည်။

သက္ကရာဇ် ၉၇၁ ခုနှစ်တွင် နန်းတက်တော်မူသော တောင်ငူဘုရင် နတ်ရှင်နောင်၊ သက္ကရာဇ် ၁၁၈၁ ခုနှစ် နန်းတက်တော် မူသော ဘကြီးတော်ဘုရား၊ သက္ကရာဇ် ၁၁၉၉ ခုနှစ် နန်းတက်တော်မူသော သာယာဝတီမင်းခေါ် ရွှေဘိုမင်း၊ အနောက်နန်းမတော်မမြလေး၊ မြဝတီမင်းကြီးဦးစ တို့သည် စောင်းအတီးပညာကို ကိုယ်တိုင် လေ့လာလိုက်စား ဆည်းပူးခဲ့သည်များကို အထောက်အထားပြု လျက် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်အခါ၌ ရှင်ဘုရင်မှစ၍ မင်းညီမင်းသားများကိုယ်တိုင် စောင်းတီးခြင်းကို အမြတ်တနိုး လေ့လာလိုက်စားခဲ့ကြောင်း သိသာထင်ရှားပေသည်။

ရှေးအစဉ်အဆက်မှ ဆင်းသက်၍ ကုန်းဘောင်ခေတ်ဦးပိုင်းတွင် မိမိတို့တီးသော စောင်းတူရိယာများကို 'ကရဝိက်သံ၊ မြခြူသံ၊ ဇီဝစိုး၊ သစ်ကနက်၊ သန်းခေါင်ကျူး၊ သန်းခေါင်မောင်း၊ စံရှား' အစရှိသည့် အမည်နာမမျိုးများ မှည့်၍ စောင်းအိုး၏ အနောက်ဘက်၌ ကမ္ပည်းစာတမ်းထိုးလေ့ရှိကြသည်။ အတွင်းတော်များ၌ စောင်းတူရိယာများကို လက်ဝဲစောင်း၊ လက်ယာ စောင်းဟူ၍ ခွဲခြားတီးကာ ဖျော်ဖြေကြရသည်။

အခေါ်အဝေါ်[ပြင်ဆင်ရန်]

ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်လောက်က အာရပ်လူမျိုးများ သည် စောင်းတူရိယာကို 'စက်က'ဟု ခေါ်ဝေါ်ကြ၏။ ထို ဝေါဟာရသည် ရှေးအကျဆုံးခေါ်ဝေါ်သော ဝေါဟာရဖြစ်ရုံ မျှမက၊ ယင်းဝေါဟာရမှတစ်ဆင့် စောင်းတူရိယာကို ဂရိ ဘာသာအားဖြင့် 'စန် ဘိ ကီ'ဟူ၍လည်းကောင်း၊ လက်တင်ဘာသာ အားဖြင့် 'စန်ဘုက'ဟူ၍လည်းကောင်း၊ ပါးရှင်းဘာသာအားဖြင့် 'ချန်း (ခ)'ဟူ၍လည်းကောင်း ယခုအာရပ်ဘာသာအားဖြင့် 'စဲ(န်)'ဟူ၍ အသီးသီး ဆင်းသက်လာခဲ့လေသည်။ မြန်မာလူမျိုးများ၏ 'စောင်း'ဟူသော ဝေါဟာရမှာလည်း အဆိုပါအာရပ်နှင့် ပါးရှင်း ဝေါဟာရများမှတစ်ဆင့် ဆင်းသက်လာသည်ဟု ယူဆရသဖြင့် ယနေ့မြန်မာ့ စောင်းကောက်များသည် အာရပ်နှင့် ပါးရှင်းလူမျိုး များထံမှ အိန္ဒိယမှတစ်ဆင့် လက်ခံရရှိလိုက်ဟန်ရှိသည်။

မြန်မာ့စောင်း[ပြင်ဆင်ရန်]

ယနေ့ မြန်မာ့စာပေကျမ်းဂန်များတွင် ဖော်ပြပါရှိသော ဗေလုဝစောင်း၊ ဂုတ္တိလစောင်း၊ ဥတိန္နစောင်း၊ မင်းကုသစောင်း များသည် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မြန်မာစောင်း ကောက်မျိုးများ မဟုတ်ဘဲ၊ အိန္ဒိယပြည်တွင် ရှေးပဝေသဏီမှ ပေါ်ပေါက်ခေတ်စားလာခဲ့၍၊ ယနေ့တိုင် သုံးစွဲနေသော ကြိုး ၇-ချောင်းတပ် 'ဝီဏာ'ခေါ် အိန္ဒိယတူရိယာတစ်မျိုးပင် ဖြစ်ဟန် တူသည်။ မြန်မာနိုင်ငံတော်တွင် ကျန်စစ်မင်းတည်ထားခဲ့သော ပုဂံအာနန္ဒာ စေတီတော်အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတော် များတွင် စောင်းကောက်ပုံ တစ်ပုံကို အစောဆုံး တွေ့ရှိရခြင်း အားဖြင့်၊ ပုဂံခေတ်အခါကတည်းကပင် မြန်မာနိုင်ငံ၌ စောင်း ကောက်များ ခေတ်စားခဲ့သည်မှာ ထင်ရှားပေသည်။

ယနေ့ မြန်မာ့ပန်တျာလောက၌ မြန်မာစောင်းကောက်များ တွင် ရှေးအခါက ကြိုး ၇-ချောင်းဖြင့်သာ တီးခဲ့ကြသည်ဟူ သော ယုံကြည်ချက်နှင့် ကြိုး၇-ချောင်းမှ ကြိုး ၁၃-ကြိုးတီး သော စနစ်ကို မြဝတီမင်းကြီး တီထွင်ခဲ့သည်ဟူသော ယုံကြည် ချက်နှစ်ရပ်မှာ မခိုင်မာသော ယုံကြည်ချက်များသာဖြစ်ပေသည်။ ရှေးအခါက မြန်မာစောင်းများ၌ ကြိုး ၇-ချောင်းတပ်ဆင်၍ တီးမှုတ်ကြသည်ဟူ၍ ယုံကြည်ချက် ဖြစ်ပေါ်လာခဲ့ခြင်း အကြောင်းအရင်းမှာ ပုဂံခေတ်အခါက အိန္ဒိယပန်တျာနှင့် စပ်ဆိုင်သည့် အကြောင်းအရာများပါရှိသော အိန္ဒိယကျမ်းများမှ တစ်ဆင့် မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုကြစဉ်က 'ဝီဏာ'ခေါ် ကြိုး ၇-ချောင်းတပ် အိန္ဒိယတူရိယာ တစ်မျိုးကို 'စောင်း'ဟူ၍ ဘာသာပြန်ဆိုခဲ့သောကြောင့်ဖြစ်သည်။

ကြိုးချည်နည်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၉ဝ၄-ခုနှစ် အရှင်အဂ္ဂသမာဓိ ရေးသားတော်မူ ခဲ့သည့် နေမိဘုံခန်းပျို့၊ ဖလိကဝိမာန ဘုံခန်းအကြောင်း ဖွဲ့နွဲ့ စပ်ဆိုရာ၌ 'မှုတ်တီးညှင်းစောင်း၊ ရွှေနင်းနောင်းနှင့် မိကျောင်း ပြိုင်ဆော်၊ ပြည်တော် ပုလဲ၊ အောက်ပြန်လွှဲလျက်' ဟူ၍လည်းကောင်း ပတ္တမြားဘုံခန်းအကြောင်း ဖွဲ့နွဲ့စပ်ဆိုရာ၌ 'သံလေးချည်ချောင်း၊ သာသည့်စောင်းနှင့်၊ မိကျောင်းညှို့လှုပ်၊ ငြင်းလက်အုပ်လည်း၊ ချုပ်ကနွဲနွဲ၊ ပုလဲအောက်ပြန်၊ ပြည်တော်လှန်လျက်၊ တစ်ဖန် နှိုင်းထောက်၊ မြင်စိုင်းကောက်၍'ဟူ၍ စပ်ဆိုသီကုံးခဲ့ခြင်းကို အထောက်အထားပြု၍၊ အင်းဝခေတ် စောင်းတူရိယာများကို ကြိုး ၁၃-ချောင်းတပ် စနစ်ဖြင့် ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်း အစရှိသည့် သံသစ် ၇-မျိုးပြောင်းလွှဲတီးခဲ့ကြကြောင်း သိသာထင်ရှားလေသည်။ ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း ၃၅ဝဝ လောက်ကတည်းကပင် အီဂျစ်စောင်းကောက်များတွင် ကြိုး ၈-ချောင်းကို ဘွဲ့ကြိုးများဖြင့် ချည်လျက် တီးခဲ့သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အိန္ဒိယပြည်ဘာရဟုတ်မြို့ ဘုရား ရှိခိုးကျောင်း ရုပ်လုံးတုများတွင် တွေ့ရှိရသည့် အိန္ဒိယစောင်း ကောက်များ၌ ကြိုးအများအပြားပါရှိသည်ကို တွေ့ရခြင်းအားဖြင့်၊ အိန္ဒိယစောင်းကောက်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ် ထောင်ကျော်ကတည်းကပင် ကြိုးအများအပြားတပ်လျက် တီးခဲ့ သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အာရပ်လက်အောက်ခံ အယ်လဟီးရော့နယ်၌ တွေ့ရှိသည့် ၆-ရာစုခေတ်အခါလောက် က စောင်းများ၌ ကြိုး ၁၃-ကြိုးမှ ကြိုး ၄ဝ အထိ တပ်ဆင် ထားသည်ကို သိရှိရသည့်တစ်ကြောင်းကြောင့်၊ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါလောက်ကတည်းကပင် စောင်းကောက်များ၌ ကြိုး ၁၃ ကြိုးတပ်လျက် တီးနေကြပြီဟူ၍ ယူဆရသည်။

စောင်းကောက်လက်ရုံးတွင် ကြိုးများချည်ရာ၌ ဘွဲ့ကြိုးဖြင့် လည်းကောင်း၊ သို့မဟုတ် လက်ရုံးကိုအပေါက် ဖောက်၍ ဒလက်များ တပ်၍လည်းကောင်း ချည်ကြသည်။

ကြိုးချည်နည်းများအနက် စောင်း လက်ရုံးကြိုး လျော့မကျ စေရန် အထစ်များပြုလုပ်၍ ချည်နည်း မှာ ရှေးအကျဆုံး ချည်နည်းဖြစ်သည်။ ထိုချည်နည်းမှတစ်ဖန် ယခုမြန်မာ့ စောင်းများတွင် ဘွဲ့ကြိုးဖြင့် ဗူးလည်သီးခတ်ချည် နည်းသို့ ကူးပြောင်းလာခဲ့သည်။ မြန်မာနိုင်ငံအနီးအနားတစ်ဝိုက် တိုင်းပြည်များတွင် တွေ့ရှိရသော ရှေးစောင်းကောက်များမှာ အများအားဖြင့် ဘွဲ့ကြိုးများဖြင့်သာလျှင် ချည်ကြလေသည်။

မြန်မာနိုင်ငံတွင် စောင်းလက်ရုံးကို အပေါက်ဖောက်၍ ဒလက် များတပ်လျက် ကြိုးချည်ထားသည့် စောင်းမျိုး တစ်မျိုးတွေ့ရှိရ သည်။ ထိုစောင်းမျိုးကို ပဲခူးရိုးမတစ်ဝိုက်ရှိ စကောကရင် လူမျိုးများနှင့် ရှမ်းပြည်နယ်အချို့အရပ်ဒေသများရှိ ရှမ်းလူမျိုး များတီးကြသည်။

မြန်မာ့စောင်း အမျိုးအစားများ[ပြင်ဆင်ရန်]

မြန်မာစောင်းကောက်မှာ အရွယ်အားဖြင့် နှစ်စားရှိသည်။ ယောက်ျားတီးစောင်းမှာ ကြီး၍၊ မိန်းမတီးစောင်းမှာငယ်သည်။ မြန်မာစောင်းကောက်များတွင် တပ်ဆင်ထားသောကြိုး ၁၃ကြိုးကို အထက်ဆုံးမှ အောက်ဆုံးကြိုးအထိ အသံကြီးစဉ်ငယ်လိုက် (၁)အထက်ဒုန်း (၂)နှစ်ပင်ဒုန်း (၃)သုံးပင်ဒုန်း (၄)လေးပင်ဒုန်း (၅)ငါးပင် (၆)ဒုန်းလက်ညှိုး (၇)နှစင်ဒုန်း (နှစ်ပင် ဒုန်းလက်ညှိုး (၈)သုံးပင်ဒုန်းလက်ညှိုး (၉)တျောကြိုး (၁ဝ)တျေကြိုး (၁၁) တျာကြိုး (၁၂)သံကျပ်ကြိုး (၁၃) သံဖြားကြိုးဟု ညှင်းလုံးသံစဉ်ညှိ၍ တီးသည့်အခါ ခေါ်ဝေါ်ကြသည်။ ယင်းကြိုးအခေါ်အဝေါ် များသည် ညှင်းလုံးသံစဉ်ဖြင့်ညှိထားသော အခါ၌သာ ခေါ်သော အမည်များ ဖြစ်၏။ အခြားသံစဉ်များဖြင့် ညှိသောအခါတွင် ကြိုးအခေါ်အဝေါ်များ ပြောင်းလွှဲသွားတတ်သည်။ ယခုအခါ များသောအားဖြင့် အပေါ်ဆုံးတွင် တစ်ကြိုး မှ သုံးကြိုးအထိတင်ကာ ၁၄ ကြိုးမှ ၁၆ ကြိုးအထိ တပ်၍တီးကြသည်။

ရှေးအခါက စောင်းအတီးပညာကိုသင်ကြား ရာ၌ ရှေးဦးစွာ ကြိုးရှိအသံအနေအထားနှင့် ကြိုးအတွဲအဖက် များကို လေ့လာသင်ကြားနိုင်ရန် သီချင်းအားဖြင့် ဖွဲ့နွဲ့စီကုံးသော အလေ့အထမှစတင်၍၊ ကြိုးသီချင်းဟူသော သီချင်း အမျိုးအစားများ မြန်မာ့ပန်တျာလောကတွင် ပေါ်ထွန်းခဲ့ရလေသည်။ စောင်းကို သင်ရာတွင် အသံတူကြိုး တွဲတို့အပြင် အသံမတူဘဲတွဲဖက်ရသော ၃ ကြိုးတွဲဌာန်၊ ၄ ကြိုးတွဲဌာန်၊ ၅ ကြိုး တွဲဌာန်၊ ၇ ကြိုးတွဲဌာန်၊ ၉ ကြိုးတွဲ ဌာန်ဟူ၍ အမျိုးမျိုးရှိသည့်အပြင်၊ ဒျန့်ခေါ် ကြိုးတွဲနည်းလည်း ရှိလေသည်။

စောင်း အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

စောင်းကောက်၏ သက်ဆိုင်ရာ အစိတ်အပိုင်း ဝေါဟာရ များကို ပုံအမှတ် ၁ တွင် ဖော်ပြထားသည်။

ပြုလုပ်ပုံ[ပြင်ဆင်ရန်]

စောင်းအိုး[ပြင်ဆင်ရန်]

စောင်းအိုးကို အများအားဖြင့် ပိတောက်အနှစ်သားဖြင့် ပြုလုပ်ကြသည်။ စောင်းအိုးကို ပြုလုပ်ရာ၌ အထူ ၃ ချက်၊ အပါး ၃ ချက် ရှိရသည်။ အထူ ၃ ချက်မှာ(၁)စောင်းအိုး၏ကျော (၂)လက်ရုံး နှင့် စောင်းအိုး ဆက်ထားသည့် စောင်းဦးပိုင်း (၃)ဖလားခေါ် စောင်း၏ ပဲ့ပိုင်းတို့ဖြစ်၍၊ အပါး ၃ ချက်မှာ စောင်းဘေး နှစ် ဖက်နှင့် သမင်ရေတို့ပင်ဖြစ်လေသည်။၊ စောင်းလက်ရုံးနှင့် စောင်းအိုးဆက်ထားသော အပိုင်းမှာ (လှေ) စံကားရွက်သဏ္ဌာန် ပြုလုပ်၍၊ စောင်း၏ ပဲ့ပိုင်းမှာ ဖလားသဏ္ဌာန် ပြုလုပ်ရသည်။ ဤသည်ကိုရည်၍ ရှေးပညာရှင်တို့က 'ရှေ့စကား၊ နောက် ဖလား'ဟူ၍ ဆိုကြ၏။

လက်ရုံး[ပြင်ဆင်ရန်]

လက်ရုံးထိပ်စွန်းတွင် ညောင်ရွက် ရှိရ သည်။ စောင်းလက်ရုံးကို ရှားသားဖြင့် ပြုလုပ်ကြသည်။ စောင်းလက်ရုံးပြုလုပ်ရာ၌ သစ်အကြောကိုလိုက်၍ ပြုလုပ်ကြရ ခြင်းကြောင့် (၁)သဇင်ခွေ (၂)မျောက်ထိုင် (၃)ငါးမျှားချိတ်ဟု ခေါ်သော စောင်းလက်ရုံးပုံ အမျိုးအစား ၃ မျိုးရှိသည်။ အချို့ ပညာရှင်များက ၄ မျိုးရှိသည်ဟု ဆိုကြသည်။ ယင်းတို့မှာ မျောက်ထိုင်၊ သဇင်ခွေ၊ လေးကြိုး၊ သံလျက်စွန်းဟူ၍ ဖြစ် သည်။ အချို့ပညာရှင်တို့က ငါးမျှားချိတ်ခေါ် စောင်းလက်ရုံးပုံ အစားမှန်ပြ လက်ရုံးပုံဟု ခေါ်ဆိုကြသည်။

စောင်းသားရေ[ပြင်ဆင်ရန်]

စောင်းခွက်ကို ထွင်းပြီးလျှင်၊ စောင်းအိုးထိပ်ကို သမင်ရေ ဖြင့် အုပ်ရသည်။ စောင်းသားရေကို ပြန်လည် လျော့ကျမသွား စေရန် အများအားဖြင့် မိုးတွင်း ဝါဆို ဝါခေါင်အချိန်အခါ၌ ကျက်ကြသည်။

စောင်းကြိုး[ပြင်ဆင်ရန်]

ဘွဲ့ကြိုးကို ပြုလုပ်ရာ၌ ရှာချည်ကို သုံးလွန်း တင်ကျစ်၍ အဖျားတွင်ပန်းပွားတပ်ကြသည်။ စောင်းကြိုးကို ခင်ဝါပိုးရိုင်း သို့မဟုတ် ခင်ကြီးပိုးဖြင့် စောင်းအသံ အနေ အထားအလိုက် ကြိုးလုံးအကြီးအသေးကျစ်လျက် တပ်ဆင်တီး ကြသည်။

ခင်တံ ခေါ် မှင်ရိုး[ပြင်ဆင်ရန်]

ခင်တံဟုခေါ်သော မှင်ရိုးတွင် စောင်းကြိုးများတပ်ရန် အပေါက်များရှိ၏။ ထိုအပေါက်များ အကွာအဝေးအချိုးမကျ သော် စောင်းသံကိုထိခိုက်တတ်သည်။ ထို့ကြောင့် မှင်ရိုးမှာ စောင်းတွင်အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ခင်တံ ညံ့လျှင် စောင်းသံမကောင်း၊ ပုံလည်းမလှဖြစ်တတ်သည်။ စောင်းအိုးကောင်းပါလျှက် ခင်တံ အလှီးမကောင်း၍ အသံ အသည်ကို အခင်ဖျက်သည်ဟု ရှေးကဆိုရိုးပြုကြ၏။

အင်း နှင့် နတ်သမီးပေါက်[ပြင်ဆင်ရန်]

ရှေးလူ ကြီးများက စောင်းအိုးအတွင်း၌ စောင်းနှင့်ဆိုင်ရာ အထက်အင်း များချထားတတ်သည်။ သမင်ရေကျက်ပြီးသောအခါ နတ်သမီး ပေါက်ခေါ်သော အပေါက်လေးပေါက်ကို သင်္ချာနည်းဖြင့် အချိုး ကျနေရာများတွင် နတ်ပွဲပသပြီးမှ ဖောက်လေ့ ရှိကြသည်။

ခြေခုံ[ပြင်ဆင်ရန်]

စောင်းကိုသုံးချောင်းထောက်ခြေခုံတွင်တင်၍ အမြင့်မှာသာ ထားလေ့ရှိကြ၏။

စောင်းအကြောင်းကို ရှေးပညာရှင်တစ်ဦးက 'ပိတောက် ကိုတဲ့မတယ်(တည်)။ ရှားကောက်ခွေခွေနှင့်၊ သမင်ရေ အပေါ် ဖုံးပါလို့၊ ဆဲ့သုံးပင်ခင်ဝါပိုးကို၊ မှင်ရိုးမှာတွယ်။ မြီးဖျားက ပန်းပွားသွယ်၊ ခြယ်လယ် လို့စုပေါင်း။ ဒူတေးတံတျာနှင့်၊ မြည် ရှာ လပြည်စုံမက်တယ်၊ နန်းတော်ထက်စောင်း'ဟူ၍ ရေးစပ်ခဲ့ သည်။

စောင်း စကားပုံ၊ စကားထာ[ပြင်ဆင်ရန်]

ရှေးအခါက 'မြေမသက်ငှက်လည်းမဟုတ်၊ ရင်ဝယ်ထားသားလည်းမဟုတ်၊ မုတ်ဆိတ်ဖွားကုလားမဟုတ်' ဟု စောင်းကို စကားထာဝှက်ကြသည်။

ပိုးသာကုန် မောင်ပုံစောင်းမတတ်၊ ကျွဲပါးစောင်းတီး၊ မလျှော့ မတင်း ‌ောင်းကြိုးညှင်း စသည့် စကားပုံများ မှာ လူသိများသည်။

စောင်းသံစဉ်[ပြင်ဆင်ရန်]

စောင်းတီးရာ၌ 'ညှင်းလုံးသံစဉ်၊ အောက်ပြန်သံစဉ်၊ ပုလဲ သံစဉ်၊ မြင်စိုင်းသံစဉ်၊ ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့်သံစဉ်၊ ပြည်တော်ပြန်သံစဉ်'ဟူ၍ သံစဉ် ၇ မျိုးခွဲခြားလျက် ကြိုးများ ကို ပြုပြင်ပြောင်းလွှဲတီးကြ၏။ ဤကဲ့သို့စောင်းများတွင် သံစဉ် ၇ မျိုးဖြင့် ခွဲခြားတီးသော အစဉ်အလာတစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းလေးရာကျော်က ပေါ်ထွန်းခဲ့ကြောင်း ခိုင်မာစွာသိရှိရ သည်။ ထိုသံစဉ် ၇ မျိုးအနက် ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့် သံစဉ်၊ ပြည်တော်ပြန် သံစဉ် ၃ မျိုးတီးသည့် အလေ့အထမှာ ကွယ်ပျောက် တိမ်ကောခဲ့လေပြီ။ သံစဉ် ၃ မျိုးတီးသည့် အလေ့ အထ ကွယ်ပျောက်သွားခဲ့သော်လည်း၊အဆိုပါ သံစဉ် ၃ မျိုး တီးနည်းမှာ ကျန်ရှိနေသော ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်းသံစဉ်များ၌ တီးသည့်နည်းအတိုင်းပင် ဖြစ်လေသည်။

အပေါ်ဆုံးကြိုး ကို အမှတ်စဉ် ၁ ၊ ‌အောက်ဆုံးကြိုးကို အမှတ်စဉ် ၁၆ ဟု အမှတ်အသား‌ပြုလျင် -

စောင်း သံစဉ်များ
ကြိုးအမှတ် ပုလဲသံစဉ် ဒူကရသံစဉ် ခြောက်သွယ်ညွန့်သံစဉ် ပြည်တော်ပြန်သံစဉ် ညှှှင်းလုံးသံစဉ် အောက်ပြန်သံစဉ် မြင်စိုင်းသံစဉ် မှှှှှှှတ်ချက်
G2
A2
C3
D3
E3
G3
A3
C4
D4
၁၀ E4
၁၁ G4
၁၂ A4
၁၃ C5
၁၄ D5
၁၅ E5
၁၆ G5
မြန်မာဂီတ သံစဉ်ခုနစ်ပါး အသံလည်ပုံ


စောင်းသံစဉ်အမျိုးအစား အလိုက်သီချင်းအမျိုးအစားများ ကို ခွဲခြားသီဆိုတီးမှုတ်သော အစဉ်အလာတစ်ရပ် ရှိသည်။ ညှင်းလုံးသံစဉ်တွင် ကြိုး၊ ဘွဲ့၊ သီချင်းခံများကိုလည်းကောင်း၊ အောက် ပြန်သံစဉ်တွင် ပတ်ပျိုး၊ လေးထွေ သံကပ်၊ မြင်းခင်း၊ လောက နတ်သံ၊ နတ်ချင်းများကိုလည်းကောင်း၊ ပုလဲသံစဉ်တွင် ယိုးဒယား၊ မွန်၊ ဘောလယ်၊ ရှေးသံဆန်းများကိုလည်းကောင်း၊ မြင်စိုင်းသံစဉ်တွင် တေး ထပ်၊ ရှစ်ဆယ်ပေါ်၊ ဒိန်းသံသီချင်း များကိုလည်းကောင်း သီဆို တီးမှုတ် လေ့ရှိကြသည်။ ရှေးမြန်မာတူရိယာ များဖြစ်သော စောင်း၊ ဆိုင်း၊ ပတ္တလား၊ မိကျောင်းအစရှိသည့် တူရိယာများအနက်၊ စောင်းဖြင့်တီးသော စောင်းတီးကွက်သည် အထင်ရှားဆုံးနှင့် အခန့်ညားဆုံးတီးကွက် ဟူ၍ ရှေးမြန်မာ့ပန်တျာ လောကမှစတင်၍ အသိအမှတ်ပြုခြင်းခံခဲ့ရပေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာကျမ်းများ။ ။(၁)မာဃဋီကာ၊ (၂)မာဂဓအဘိဓာန်၊ (၃)ကုသပျို့၊ (၄)မဟာဇနကပျို့၊ (၅)နေမိဘုံခန်းပျို့၊ (၆)မှန်နန်း ရာဇဝင်တော်ကြီး၊ မန္တလေးတိုင်း၊ ပထမတွဲ၊ (၇)ရတနသိဒ္ဓိ ပထမတွဲ၊ (၈)ကဗျာဗန္ဓသာရကျမ်း၊ (၉)ကျောင်းသုံး သီချင်း ပဒေသာဒုတိယတွဲ၊ (၁ဝ)ဂီတဥယျာဉ်။

အင်္ဂလိပ်ဘာသာဖြင့်ကျမ်းများ။ ။(၁)ကတ်၊ဆတ်ကစရေး တူရိယာများသမိုင်း၊ (၂)ဒဗျူ၊ လင်းဒရေး ရှေးခေတ်တူရိယာ များနှင့် ပြောင်းလဲလာပုံအကြောင်း၊ (၃)စတန်းဖို့နှင့်ဖော်ဆိုက် ရေးပန်တျာသမိုင်း၊ (၄) မားဂရက်မာတင်ရေး အီးဂျစ်ခန်းနား ခဲ့ပုံ၊ (၅)ကပ္ပတိန်ဆိုင်း၏ အင်းဝရောက်သံမှတ်တမ်း၊ (၆) မာရှယ်ရေး ကရင်များအကြောင်း၊ (၇)အလိန်ဒန်နီယေလူရေး အိန္ဒိယပန်တျာနှင့် တူရိယာများ၊ (၈)ဒေဝ၊ အန်ဂါဒီ ရေး အိန္ဒိယပန်တျာ၊ (၉)ဦးခင်ဇော်ရေး မြန်မာပန်တျာနိဒါန်း၊ (၁ဝ) ေ၈ျ၊ ကွန့်စ ရေး အင်ဒိုနီးရှား၏ ယဉ်ကျေးမှုနောက်ကြောခံ၊ (၁၁)ေ၈ျ၊ ကွန့်စရေး ဂျားဗားကျွန်း၏ ပန်တျာ၊ (၁၂)ရော်လင် ဆင်ရေး အိန္ဒိယတိုင်းသား တို့၏ သမိုင်းအကျဉ်းချုပ်။(ဦးမြ)

မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)။