စုန်းကဝေအတက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စုန်းမကြီးများပုံ သရုပ်ဖော်

စုန်းကဝေအတတ်[ပြင်​ဆင်​ရန်​]

မြန်မာတို့၏ ရှေးဟောင်းအယူ၌ စုန်းဟူသည် အရောင် အဝါတောက်ပ၍၊ လူကို ဖမ်းစားနိုင်သော တန်ခိုးရှိသည်ဟု ယုံမှတ်ကြသည်။ စုန်းဟူသော ဝေါဟာရမှာ ဇုဏှဟူသော ပါဠိ သဒ္ဒါမှ ပျက်၍၊ ဇုန်း၊ စုန်းဟူ၍ အဆင့်ဆင့်ပြောင်းလဲလာသည် ဟု ယေဘုယျအားဖြင့် ယူဆကြသည်။

လောကီအင်္ဂုတ္တိုရ်ကျမ်းရင်းကြီးအရ စုန်းမျိုးခုနစ်ပါးရှိသည် ဟုဆိုသည်။ ယင်းတို့ကား ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်း၊ အိန့်ကလိန့်စုန်း၊ ကဝေ မြောက်စုန်းဟူ၍ ခုနစ်မျိုးတည်း။

  • (၁)ခြေစုန်းသည် သစ်သီး သစ်ပွင့်ကိုသာစား၍၊ ခြေကိုသော်၎င်း၊ ခြေရာကိုသော်၎င်း ကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။ ယင်းကို ရွာသူဟုလည်းခေါ်ကြသည်။
  • (၂) ခေါင်းစုန်းသည် သစ်သီးမှည့် အချို အချဉ်ကိုစား၍၊ အရပ်ကိုသော်၎င်း၊ ခြေရာကိုသော်၎င်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို နဖားတပ်ဟုလည်း ခေါ်ကြသည်။
  • (၃) ကိုယ်စုန်းသည် မစင်ချေးခြောက်ကိုသာ စား၍၊ ခြေရာကိုတိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို ဆင်ကွပ်ဟုလည်း ခေါ်ကြသည်။
  • (၄) မောက်လုံးစုန်းသည် အသွေး အသား အရေကိုစား၍၊ ကိုယ်တိုင်မြင်ရ ထိရနမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ယင်းကို စုန်းဟုလည်းခေါ်ကြသည်။
  • (၅) မောက်ပြားစုန်းကား အအူအသည်းအမြစ်ကိုစား၍ မောက်လုံးစုန်းကဲ့သို့ပင်၊ ကိုယ်တိုင်မြင်ရ ထိရ နမ်းရှုပ်ရမှသာ ဖမ်းစားနိုင်သည်။ ယင်းကို ရွာသမီးဟုလည်း ခေါ်ကြသည်။
  • (၆) အိန့်တလိန့်စုန်းသည် အကြော်အလှော် အဆိမ့်အအိမ့်တို့ကိုစား၍ အမည်နာမကို သိရမှ၊ မိမိလက်အောက်ရှိ ၃၇ မင်းနတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ယင်းကို ဇော်ဂနီ ဟုလည်းခေါ်ကြသည်။
  • (၇) ကဝေမြောက်စုန်းကား လူသွေး လူသားလူရိုးတို့ကိုစား၍၊ အမည်နာမကိုသိရမှ၊ မိမိလက်အောက် နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစား နိုင်သည်။ ယင်းကို ကဝေဟုလည်းခေါ်ကြသည်။

ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း သုံယောက်တို့သည် လူကိုသေအောင် မဖမ်းစားနိုင်။ ကျန်လေးယောက်သော စုန်းတို့သာလျှင် လူကို သေအောင် ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။

ကဝေသာရကျမ်းအလို၌ ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်းတို့သည် ယင်းတို့၏ ကိုးကွယ်ရာနတ် အထူးမရှိခြင်းကြောင့် မိမိတို့ကိုယ်တိုင် ဖမ်းစားကြရသည်။ အိန့်တလိန့်စုန်းနှင့် ကဝေမြောက်စုန်းတို့၌မူ အထူးကိုးကွယ်သော နတ်များရှိခြင်းကြောင့် ယင်းနတ်တို့ကို စေစား၍ ဖမ်းစားနိုင်သည်ဟုဆိုသည်။

အချို့သော ကျမ်းပြုပုဂ္ဂိုလ်တို့၏ အလို၌ ဇော်ဂနီကို စုန်း ဟူ၍မပြချေ။ မိစ္ဆာနတ်စိမ်းဟုသာ ဆိုကြ၏။ ကဝေသာရကျမ်းအလို၊ ဇော်ဂနီဟူရာ၌

  • (၁) ဒေဝဇော်ဂနီ၊ အောက်တန်းနတ်ဆိုး နတ်ယုတ်များ၊
  • (၂) ဗျဂ္ဃဇော်ဂနီ၊ ကျားနှင့်ယှဉ်သော နတ်စိမ်း များ၊
  • (၃) ယက္ခဇော်ဂနီ၊ ဘီလူး၊ သရဲ၊ ဖုတ်၊ ပြိတ္တာများ၊
  • (၄) ဣန္ဒဇော်ဂနီ၊ အထက်ပါဇော်ဂနီတို့ကို အစိုးရသော နတ်စိမ်းများ

ဟူ၍ ဇော်ဂနီလေးမျိုးရှိ၏။

ပတ်ဝန်းကျင်ရှိ သဘာဝဓမ္မတို့ကို လူတို့ကိုကောင်းစွာမ သိရှိကြရသေးသောခေတ်တွင် ကြောက်ရွံ့ခြင်း၊ အယူသည်းခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း စသည်တို့ကြောင့် လူတို့သည် စုန်းကဝေ စသည်တို့၌ ယုံကြည်ခဲ့ကြသည်။ အသိတရား မဖွံဖြိုးသေးသော ခေတ်၌ မြန်မာနိုင်ငံ၌သာမက၊ ယနေ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်သည်ဆိုသော နိုင်ငံကြီးများ၌ပင်လျှင် စုန်းအတတ်ကို ယုံကြည်ခဲ့ကြကြောင်း တွေ့ရှိရသည်။ စုန်းအတတ်နှင့်စပ်လျဉ်းသော အနောက်နိုင်ငံအယူအဆ ဗဟုသုတတို့ကို အောက်တွင် ဆက်လက်၍ ဖော်ပြလိုက်သည်။

ရှေးရောမခေတ်မတိုင်မီ နှစ်ပေါင်းများစွာကစ၍ အီဂျစ်ပြည်တွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်ကို တတ်သူတို့အား ရာဇဝတ်ပြစ်မှု ကျူးလွန်သူဟူ၍ ပညတ်ထားသည်။

စုန်းကဝေတို့သည် လူကိုသာမက၊ လူတို့ပိုင်ဆိုင်သော ကျွဲ၊ နွား၊ လယ်ယာ၊ ချောင်းမြောင်းတို့ကိုလည်း ပြုစားတတ်သည်ဟု ဆိုကြသည်။ ကလေးများကိုလည်း ဖမ်းစားတတ်သည်ဟု ယူဆကြသည်။ စုန်းမတို့သည် ရေကြီးရအောင်သော်လည်းကောင်း၊ မိုးခေါင်၊ စပါးသီးနှံ ပျက်စီးရအောင်သော်လည်းကောင်း၊ လူကိုတိရိစ္ဆာန်ဖြစ်အောင်သော်လည်းကောင်း ဖန်တီးနိုင်သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ရောမဥပဒေတွင် ကောက်ပဲသီးနှံများကို ဖျက်ဆီးခြင်း၊ ဘုရားဝတ်ကျောင်းမှ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လူသေအလောင်းကို တူးဖော်ခြင်း၊ ရုပ်တုများ ပြုလုပ်ခြင်းစသော စုန်းပညာနှင့်မကင်းသည့် လုပ်ငန်းများကို အရေးယူ တားမြစ်ထားပေသည်။ ထို့ပြင် အရပ်သူ အရပ်သားတို့မှာလည်း၊ လူတစ်ဦးတစ်ယောက် ရုတ်တစ်ရက်နာမကျန်းရှိ၍ သေလတ်သော် စုန်း ပြုစားခြင်းကြောင့်ဟု ယူမှတ်ကြသည်။

စုန်းပြုစားသူတို့သည် မိမိတို့က ပြုစားလိုသူ၏ ရုပ်ပုံ အတုကို ဖယောင်းဖြင့်ထုလုပ်၍ ဆေးဝါးမန္တရားဖြင့် စီရင်ကြသည်ဟုဆိုသည်။ အချို့ကား ပြုစားခြင်းခံရမည့်သူ၏ လက်သည်း၊ ခြေသည်း၊ ဆံပင်၊ အဝတ်အစား စသည်တို့ကိုရလျှင် ပြုစားနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အလွန်ရှေးကျသော လူတို့သည် လူပြုစားခံရမည်ကိုကြောက်ရွံ့၍၊ ခြေသည်း၊ လက်သည်းနှင့် ဖြတ်ပြီးသော ဆံပင်တို့ကို ကောင်းစွာသိမ်း ဆည်းထားတတ်ကြသည်။

အနောက်နိုင်ငံ အယူအဆအရဆိုလျှင်၊ ဆက်တန်ခေါ် နတ်ဆိုးကြီးသည် စုန်းအတတ်ကိုပေးသူဖြစ်လေရာ စုန်းအတတ်ကိုတတ်သူသည် ဆက်တန်အား ဝိညာဉ်ကို ပေးအပ်ထားရသူဟု ဆိုလေသည်။ စုန်းကဝေတို့သည် တိရစ္ဆာန်အသွင်ကိုယူကာ လူနှင့်လည်း ရောနှော နေထိုင်တတ်ကြသည်။ မိစ္ဆာနတ်တို့နှင့်လည်း ရောနှောနေထိုင်တတ်ကြသည်။ စုန်းကဝေတို့၌ မိစ္ဆာနတ်နှင့်ရသော သားသမီးများ ရှိတတ်သည်။ ထို့ကြောင့် လူမိန်းမက ဘီလူးကိုမွေးသည်ဟူ၍လည်းကောင်း၊ ထိုမွေးသော ဘီလူးမှာ မိစ္ဆာနတ်တို့နှင့်ရသော သားသမီး ဖြစ်သည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဥရောပတိုက်တွင် စုန်းမများသည် မိမိတို့၏ကိုယ်ပေါ်တွင် ဖားပြုပ်နှင့် ယုန်ခြေထောက် အရုပ်များကို ဆေးထိုးထားလေ့ရှိသည်။

ဥရောပတိုက်တွင် ၁၅ ရာစုနှင့် ၁၇ ရာစုနှစ်လောက်မှစ၍ ၁၉ ရာစုနှစ်တိုင်အောင် စုန်းကဝေတို့ကို ရာဇဝတ်မှု ကျူးကျော် သူဟူ၍ ကားစင်တွင်သတ်ရန် အပြစ်ဒဏ်ပေးသည့်ထုံးတမ်းနှင့် ဥပဒေများရှိခဲ့သည်။ သမိုင်းဆရာတို့က ခရစ် ၁၄၈၄ ခုမှ ၁၇၈၂ ခုနှစ်အတွင်း စုန်းဟူသော စွပ်စွဲချက်ဖြင့် ခရစ်ယာန် ဝတ်ကျောင်းတော်၌ စီရင်ခဲ့သည်မှာ သုံးသိန်းနီးပါးမျှရှိသည်ဟု ဆိုသည်။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့တွင် စုန်းများကို ဝတ်ကျောင်းများ၌ စီရင်လေ့ရှိ၏။ အမေရိကန်ပြည်ထောင်စု၌ကား စုန်းတို့ကို ဆေးလမ်မြို့၌ ပျူရီတန် ဂိုဏ်းဝင်တို့က စီရင်ကြသည်။

အနောက်နိုင်ငံတို့၏ အယူအဆ၌ စုန်းဟုတ်သည်၊ မဟုတ်သည်ကို အပ်ဖြင့်ထိုး၍စမ်းက သိနိုင်သည်ဟု ဆိုသည်။ စုန်းဖြစ်ခဲ့လျှင်၊ စုန်း၏ ကိုယ်၌ အပ်ရာအပေါက်ထင်စေကာမူ နာကျင်ခြင်းမရှိဟုဆိုသည်။ ရှေးကအင်္ဂလန်နိုင်ငံတွင် မကောင်းဆိုးရွား ပူးကပ်ခြင်းရှိသည်ဟု ယုံကြည်ကြသည်။ တစ်ရံရော အခါက ကလေးများတက်၍ ပါးစပ်မှ တွယ်အပ်များကို အန် ထုတ်သည်ဟု သတင်းဖြစ်ပွားခဲ့ရာ လူအများသည် ထိုကလေးတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြ၏။ ထိုကလေးများသည် 'ဆက်တန်'ဟူ၍ မိစ္ဆာနတ်၏ အမည်ကိုကား မဆိုနိုင်သည်ကို တွေ့ရလေသည်။ ထို့ကြောင့်လူတို့က ဆက်တန်နတ် ပူးနေသည်ဟု ယူဆကြသည်။

အနောက်နိုင်ငံများ၌ စုန်းအတတ်သည် ခရစ်ယာန်အယူဝါဒ မထွန်းကားမီ ရှေးဂရိနှင့်ရောမတို့လက်ထက်က ပေါ်ပေါက်လာပြီးလျှင် ခရစ်ယာန်အယူဝါဒ ထွန်းကားလာသောအခါ ပပျောက်သွားသည်။ စုန်းကဝေအတတ်မှာ အသိအလိမ္မာ အလွန်နည်းကြသေးသော ရှေးလူရိုင်းများခေတ်က စတင်ပေါ်ခဲ့ပေသည်။ ထိုစဉ်က လူများမှာ ဗဟုသုတနည်း၍ ဆင်ခြင်ဝေဖန်နိုင်သည့် အရည်အချင်းများ မရှိဘဲ၊ ကြောက်ရွံ့ခြင်း၊ အယူသည်းခြင်းစသော စိတ်ဓာတ်များသာ လွှမ်းမိုးနေကြသည်။ သူတို့၏စိတ်၌ လငပုပ်ဖမ်းခြင်း၊ နေကြတ်ခြင်းစသည် တို့ကိုပင် မကောင်းဆိုးရွားတို့က လုပ်သည်ဟု ယုံကြည်နေကြသည်။ ဂါထာမန္တရားတို့ကို အလွန် ယုံကြည်ကြသည်။ ဆေးဝါးများ မရှိသေးသောခေတ် ဖြစ်၍ တစ်စုံတစ်ယောက် နေထိုင်မကောင်းလျှင် မန်းမှုတ်ခြင်းဖြင့် ကုစားကြ၏။ လူရိုင်းတို့၏စိတ်၌ ကမ္ဘာကြီးသည် နှစ်ခြမ်းကွဲလျက် တစ်ဖက်၌ လူကောင်း သူကောင်းများရှိ၍ အခြားတစ်ယောက် နာဖျားလျှင်လည်းကောင်း၊ ဒုက္ခရောက်လျှင် လည်းကောင်း မကောင်းဆိုးရွားများက လုပ်သည်ဟု ယူဆ၍၊ ထိုမကောင်းဆိုးရွားများထွက်အောင် ကြိုးစား၍ ဂါထာမန္တရားများကို ရွတ်ဖတ်လေ့ရှိကြ၏။

ယခုအခါ စုန်းအတတ်ကို မှန်သောအယူမဟုတ်ဟု ယူဆလာကြသည်။ မှန်သောအယူကို လေးလေးနက်နက် ယုံကြည်ကြသောသူများမှာ စုန်းအတတ်ကို လုံးဝမယုံကြည်ချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)