စိတ်ရောဂါပညာ
စိတ်ရောဂါပညာ [ပြင်ဆင်ရန်]
စိတ်နှင့်ဆိုင်သော ရောဂါများအထူးများပြားလာသည့် အလျောက် စိတ်ရောဂါပညာသည် ဆေးပညာ၏ အရးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာလေသည်။
ယင်းစိတ်ရောဂါပညာကို အင်္ဂလိပ်လို 'ဆိုင်ကီအက်ထရီ'ဟု ခေါ်သည်။ စိတ်ရောဂါပညာ၏ အခြေခံပြဿနာမှာ စိတ်ဓာတ်လှုပ်ရှားမှု၊ စိတ်မကျေနပ်မှုနှင့် မကျန်းမာ သဖြင့် ဖြစ်ပွားတတ်သော စိတ် ရောဂါများ၏ အကြောင်းရင်း များကို ရှာဖွေကုသရန် ဖြစ်လေသည်။ ဤကဲ့သို့ကုသရာတွင် ဖေါက်လှဲ ဖေါက်ပြန်ဖြစ်မှုများ၏ အခြေခံအချက်အလက်များကို လူနာများ အတိတ်က အကြောင်းများနှင့် စပ်လျဉ်း၍ စိတ်ရှည် လက်ရှည် မေးမြန်းခြင်း ထုတ်ဖေါ်နိုင်ရန် ရည်သန်လေသည်။ လူကောင်းများဟု ထင်ရသူများ၌ စိတ်မသိမသာဖေါက်ပြန် နေသူ အများအပြားရှိလေသည်။ အကြောင်းမူကား၊ အချို့သော သူတို့သည် မိမိတို့၏ စိတ်တွင် ဖြစ်ပေါ်ခံစားရသော အာရုံများ ကို ချုပ်တည်းဖိနှိပ်ရလွန်းဖြင့် အခဲမကျေချက် အမျိုးမျိုးသည် 'မသိစိတ်'၌ ကိန်းဝပ်နေတတ်၏။ ထိုမကျေနပ်ချက်များ စုပေါင်း၍ အင်အားများလာသောအခါ စိတ်ကို ဒုက္ခပေးသဖြင့် သောကပိုခြင်း၊ မပျော်ပိုက်ခြင်း၊ မကြည်နူးခြင်းစသော ပြင်း ထန်သည့် စိတ်ရောဂါများစွဲကပ်လာတတ်၏။ ဤဝေဒနာများကို နားလည်အောင်ကြိုးစားကုသရန် အထူးလိုအပ်လှပေသည်။
အချို့သောသူများသည် အရက်သေစာကို အလွန်အကျွံ သောက်စားကြသဖြင့် အရက်သေစာတွင်ပါသော အရက်ပျံ ကြောင့် ဦးနှောက်အင်အား ကုန်ခန်းနွမ်းနယ်လာတတ်၏။ ထိုသူမျိုးများသည်လည်း စိတ်နှင့်ဆိုင်သော ဝေဒနာစွဲကပ်တတ် သဖြင့် တင်ကြိုသတိထားကာ ကုသရန်လိုအပ်၏။
မိဘနှင့် သားသမီး ဆက်ဆံပုံ ချွတ်ယွင်းမှုကြောင့် အချို့သူငယ်များသည် စိတ်ပျက်ပြား၍ စာရိတ္တ ပေါ့တန်ကာ ရာဇဝတ်မှုကျူးလွန်တတ်ကြ၏။ တစ်ကြိမ်မှ နှစ်ကြိမ်ရာဇဝတ်မှု ကျူးလွန်မိသောအခါတွင်လည်း လူဆိုးကြီးများ ဖြစ်သွားတတ် ၏။ ဤသူငယ်များအား သူတို့၏ ပတ်ဝန်းကျင် အခြေအနေက မည်ကဲ့သို့ပြုပြင်ခဲ့၍ ဤသို့ဖြစ်ရသည်ကို သေချာစွာ လေ့လာ ကုစားပေးရန်လိုပေသည်။ ထို့ကြောင့်ပင်လျှင် ကလေးသူငယ် များ စိတ်ကြံ့ခိုင်အောင် ပြုပြင်မှု၊ အသက်မွေးဝမ်းကျောင်း အတွက် အလုပ်အကိုင် လမ်းညွှန်မှုစသည်များ ပြုလုပ်ပေးရန် လိုအပ်၏။ ဤပြဿနာမျိုးများတွင် ကလေးတို့၏ စိတ်ကို စိတ်ရောဂါပညာအကူအညီဖြင့် ကုစားဖြေရှင်းပေးရလေသည်။
ထို့ပြင်စက်မှုလက်မှုထွန်းကားသောနိုင်ငံများရှိ စက်ရုံ အလုပ်သမားများသည် လုပ်သက်ရှည်လာသည်နှင့်အမျှ အဆက် မပြတ်ကြားနာရသော စိတ်တုန်လှုပ်ဖွယ် စက်သံကြီးများကြောင့် စိတ်နှင့်ဆိုင်သည့် ရောဂါ ဝေဒနာစွဲကပ်ခံစားရတတ်၏။ ထို အခါတွင် အလုပ်ရှင်သည် အလုပ်သမားအားသင့်လျော်သော လျော်ကြေးများ ပေးရန်လိုပေသည်။ ထို့ပြင် အလုပ်ရှင်နှင့် လုပ်သားဆက်ဆံမှု တိုးတက်လာစေနိုင်သည့် နည်းစနစ်များ ကိုလည်း ရှာဖွေရန်လို၏။ အခြားအခြားသော အလုပ်သမား ပြဿနာများစွာတို့ကိုလည်း ဖြေရှင်းရန်လို၏။ ဖော်ပြပါ ပြဿနာကြီးငယ်များသည် စိတ်ရောဂါပညာ အကူအညီကိုယူ၍ ဖြေရှင်းရန်လိုအပ်သော ပြဿနာများဖြစ်၏။ အချို့ခေတ်မီ နိုင်ငံကြီးများတွင် ဤပြဿနာမျိုးကို စိတ်ရောဂါပညာ အကူ အညီဖြင့် လေ့လာ ဖြေရှင်းနေကြပေပြီ။
စိတ်ရောဂါကုနည်း အမျိုးမျိုးရှိ၏။ ခေတ်သစ် ဆရာဝန် များသည် ဝေဒနာရှင်၏ အတိတ်ကာလ အတွေ့အကြုံ အဖြစ် အပျက်များကို မေးမြန်းလေ့လာခြင်းဖြင့် ရောဂါ၏ အကြောင်း ရင်းကို ဖော်ထုတ် ကုသရန်ကြိုးစားကြ၏။ ( စိတ်ခွဲခြား စိစစ်ရေးပညာ။)
အချို့ဆရာဝန်များကား လူနာကို ရုတ်တစ်ရက် တုန်လှုပ် နာကျင်အောင်လုပ်သောနည်းဖြင့် ရောဂါအကြောင်း ရင်းကို ရှာဖွေကုသကြ၏။ အင်ဆူလင်ကဲ့သို့သော ဆေးမျိုးထိုး ၍ ဝေဒနာရှင်၏ ကိုယ်ခန္ဓာ၌ ရုတ်တစ်ရက်နာကျင် တုန်လှုပ်မှု ခံစားရအောင် ဖန်တီးကြ၏။ ယခုအခါ၌မူ ထိုးဆေးအစား လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကုသကြ၏။ အချို့ကလည်း ဆိုဒီယမ် ကဲ့သို့သော အိပ်မွေ့ဆေးများကိုသုံး၏။ ဆေးထိုးလိုက် လျှင် လူနာသည် အတိတ်ကာလက မိမိတွေ့ကြုံခဲ့ရသောအဖြစ် အပျက်များကို လွတ်လပ်စွာ ပြန်လည်ပြောဆိုလေတော့သည်။
အချို့စိတ်ရောဂါဆိုင်ရာ ဆရာဝန်များသည် စိတ်ညိ|ု့နည်း ဖြင့် ကုသကြ၏။ နောက်ဆုံးပေါ် နည်းတစ်နည်းမှာ ပြဇာတ် တဇာတ်ဖန်တီး၍ လူနာကိုပါဝင်ကပြစေလျက် ကိုယ်နှုတ်အမူ အရာများကို အကဲခတ်လေ့လာခြင်းဖြင့် အတွင်းသဘော ရောဂါ ၏အကြောင်းအရင်းကို သိရှိအောင် ကြိုးစားထုတ်ဖော်၍ ကုသ သော နည်းဖြစ်လေသည်။
စိတ်ရောဂါပညာသည် ယခုအခါ စစ်တပ်များအတွက် အလွန်အရေးပါသော ပညာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်များနှင့် ရင် ဆိုင်ခဲ့ရသော စစ်သားတို့တွင် စိတ်နှင့်ဆိုင်သော ဝေဒနာအမျိုး မျိုး စွဲကပ်နေတတ်၏။ ထို့ကြောင့်ပင် စစ်တွင်းကာလ၌၎င်း၊ စစ်ပြီးကာလ၌၎င်း၊ စစ်သားတို့၏ စိတ်ရောဂါများကို ဂရုစိုက် ကုစားရန် အလွန်လိုအပ်ပေသည်။
ရှေးခေတ်က စိတ်မကောင်းသူများကို မကောင်းဆိုးရွားဝင် ရောက်ပူးကပ်နေသည်ဟူ၍ ရက်ရက်စက်စက် ပြုမူတတ်ကြ၏ သို့ရာတွင် မည်သို့မျှဆေးကုသပေးခြင်း မရှိခဲ့ချေ။ စိတ်နှင့်ဆိုင်သော ရောဂါများရှိသည်ဟု စတင်ရိပ်စားမိသူ မှာ ယိုဟန်းဗိုင်ယာ ဆိုသူဖြစ်၏။ ၁၆ဝဝ ပြည့်နှစ်တွင် ဗိုင် ယာက စုန်းမများသည် စိတ်မနှံ့သူများသာဖြစ်သည်ဟု ပြောဆို ခဲ့၏။ ထို့ကြောင့်ပင် သူ့အားခေတ်သစ် စိတ်ရောဂါပညာကို ပထမဆုံး စတင်လိုက်စားသူဟု ခေါ်ကြ၏။ အမေရိကန်တော် လှန်ရေးစစ်ပွဲများတွင် ဂျော့ဝါရှင်တန်၏တပ်၌ အမှုထမ်းခဲ့ဘူး သော ဗင်ဂျမင် ရတ်ဆိုသူသည်လည်း စိတ်ရောဂါပညာကို ပထမဆုံးစတင်လိုက်စားသူများတွင် တစ်ဦးအပါအဝင်ဖြစ်၏။ ထို့နောက် ပြင်သစ်လူမျိုး ဖိလစ် ပီနယ်သည် စိတ်ရောဂါကုထုံး များကို ပိုမိုတိုးတက်အောင် ပြုပြင်ကြိုးပမ်းခဲ့၏။ ၁၈ဝဝ ပြည့် နှစ်တွင် ဂျီအင်း မာတင် ရှားကိုး ဆိုသူသည် အာရုံကြောနှင့် ဆိုင်သော ရောဂါများ၊ စိတ်ချောက်ချား ရောဂါများအတွက် အခြေခံသုတေသနများ ပြုခဲ့လေသည်။ ထိုနှင့်တစ်ချိန်တည်း လောက်တွင် အမေရိကန်ပြည်နယ်များ စစ်ပွဲ၌ပါဝင်ဆင်နွဲခဲ့ဘူး သူ ဝီယာ မစ်ချယ်သည် စိတ်ရောဂါပညာ၏ အခြေခံသဘော တရားများကို ရှာဖွေတွေ့ရှိ ခဲ့၏။ စိတ်ရောဂါပညာလောကတွင် အရေးပါအရာရောက်ဆုံးသောသူကား၊ 0x100သစတြီးယန်းလူမျိုး ဇိဂမွန့် ဖရွိုက် (၁၈၅၆-၁၉၃၉) ဖြစ်၍၊ စိတ်ရောဂါသုတေသန များပြုခြင်း၊ စိတ်ခွဲခြားစိစစ်ခြင်း၊ စိတ်ရောဂါ လက္ခဏာ အကြောင်းရင်းများကို ရှာဖွေခြင်း စသည်တို့ဖြင့် ပညာကြီး တစ်ရပ်ဖြစ်လာအောင် ဖန်တီးခဲ့ လေသည်။ ( ဖရွိုက် အက်(စ)။) ( စိတ်ပညာ။)
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)