စာမွန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စာမွန်[ပြင်​ဆင်​ရန်​]

သိုးဆောင်းစာပေ၌ 'အက်ဆေး'ဟုခေါ်သော စကားပြော အဖွဲ့မျိုးကို ခရစ် ၁၆ ရာစုနှစ်နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၌ မွန်တိန်းက၎င်း၊ အင်္ဂလန်ပြည်၌ ဖရန်းစစ် ဗေကင်က၎င်း စတင် ရေးသားခဲ့ကြ၏။ ကျယ်ဝန်းသော အဓိပ္ပာယ်ရှိသည့် စကားပြေ အရေးအသားစနစ် တစ်မျိုးဖြစ်သည်။ အက်ဆေး၊ ရသစာတမ်း၊ စာတမ်းငယ်၊ စကားပြေ၊ စာစီစာကုံး စသည်ဖြင့် သင့်သလို ခေါ်ဝေါ် သုံးစွဲကြသည်။


ထိုသူတို့ ရေးစဉ်က အကြောင်းရပ်တစ်ခုခုကို မိမိတို့ ဉာဏ်မီသလောက် ရေးစမ်းကြည့်သော စာအဖွဲ့မျှသာ ဖြစ်သည်ဟူသော အဓိပ္ပါယ်ဖြင့် ထိုဖွဲ့စီရေးသားလိုက်သော စာမျိုးကို 'အက်ဆေး'ဟု အမည်တပ်ခဲ့သည်။ ဤသို့ အမည်တပ်လိုက်ခြင်း၏ ဆိုလိုရင်းမှာ သူတို့ ရေးဖွဲ့လိုက်သောစာသည် ပြည့်စုံကုံမြောက်သော ကျမ်းဂန်တစ်စောင်တစ်ဖွဲ့ မဟုတ်၊ ဝတ္ထုမဟုတ်၊ တရားစာမဟုတ်၊ အကြောင်းခြင်းရာ တစ်ခုခုကို တတ်သလောက်၊ မှတ်ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ ရေးသားရသော ကြိုးပမ်းစမ်းသပ်မှု တစ်ရပ်မျှသာ ဖြစ်သည်။ စာကြီးပေကြီးကဲ့သို့ ဝေဖန်ယူဆရန် မဟုတ်ပါဟူသော သဘောမျိုးကို ဆိုလိုရင်း ဖြစ်၏။ မာန်ကိုနှိမ့်ချ၍ ခပ်ယို့ယို့ အမည်တပ်လိုက်ခြင်းဖြစ်၏။ သို့သော် သူတို့၏ 'အက်ဆေး'များကို အဆီအနှစ်ပါ သော စဉ်းစားဉာဏ်ဖြင့်၎င်း၊ အဓိပ္ပါယ် ကြွယ်ဝစွာပါရှိသော တိုတုတ် ခန့်ညားသည့် စကားလုံး၊ စကားသွားဖြင့်၎င်း၊ တန်ဆာဆင်ထားရကား၊ စာပေလောကတွင် ထင်ရှားကျော်ကြား ၍ လူကြိုက်များလာ လေသည်။ ထိုနောက် 'အက်ဆေး' ဟူသည် အကြောင်းခြင်းရာတစ်ခုနှင့် စပ်လျဉ်း၍ စဉ်းစားစိတ်ကူး ရသမျှကို စကားသွား ခန့်ခန့်လှလှဖြင့် စာဖတ်သူ၏စိတ်ကို ဆွဲဆောင်နိုင်စွမ်းအောင်၊ မရှည်လွန်း မတိုလွန်းလှဘဲ၊ ရေးသားဖွဲ့စီထားသော စာပေမြောက်သည့် စကားပြေ အဖွဲ့မျိုး ဖြစ်သည်ဟု စာပေလိုက်စားသူတို့က နားလည် မှတ်ယူလာကြလေသည်။

'အက်ဆေး' ဟူသောစကား၏ တိုက်ရိုက် အဓိပ္ပါယ်မှာ 'စမ်းသပ်မှု'၊ 'ကြိုးပမ်းမှု' ဖြစ်သည်။ ဤပင်ရင်း အဓိပ္ပါယ်နှင့် မွန်တိန်း၊ ဗေကင်တို့၏ မူလရည်ရွယ်ချက်ကို နှလုံးသွင်းပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခဆရာကြီး ဦးဖေမောင်တင် အမှူးပြုသော တက္ကသိုလ်ဆရာများက ဤစာအဖွဲ့မျိုးကို 'အစမ်းစာ'ဟု အမည်ပေးခဲ့သည်။ 'အစမ်းစာ'ဟူသော ဝေါဟာရ မပေါ် ခင်က ဤစာမျိုးကို ဆောင်းပါးဟူ၍ ယေဘုယျ ခေါ်ခဲ့ကြသေးသည်။ သိုးဆောင်းတို့၏ စာပေလောကတွင် 'အက်ဆေး'ဟူသော အမည်ဝေါဟာရမှာ မပြောင်းလဲဘဲ၊ စွဲမြဲကျန်ရှိခဲ့ သော်လည်း ထိုဝေါဟာရဖြင့် ခေါ်ဆိုသော စကားပြေ အဖွဲ့မျိုးမှာ သဘောအားဖြင့်၎င်း၊ အသွင်အားဖြင့်၎င်း၊ အသွားအားဖြင့်၎င်း အတော်ပင် ပြောင်းလဲခဲ့ပြီဖြစ်ရာ မူလမှည့်ခေါ်သော ဝေါဟာရ၏ တိုက်ရိုက် အဓိပ္ပါယ်ကိုယူရန် မသင့်လျော်တော့ချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် အနှစ် ၂ဝဝ လောက်မှစ၍ ယခုထက်တိုင် 'အက်ဆေး'များ ရေးရာ၌ ရေးသူ၏ ဉာဏ်စွမ်းနှင့် စကားသွားနိုင်နင်းမှု စွမ်းရည်တို့ကို အကြောင်းခြင်းရာ တစ်ခုခုပေါ်တွင် မှတ်ကျောက်တင်၍ စမ်းသပ်ခြင်း ဟူသော သဘောသည် မရှိတော့ပြီ ဖြစ်သောကြောင့်တည်း။

ယခုလက်ရှိ သိုးဆောင်းတို့၏ စာပေလောကတွင်၎င်း၊ မြန်မာစာရေးဆရာများ ရေးသားနေကြသည့် စာပေလောကတွင်၎င်း၊ 'အက်ဆေး'ဟု အင်္ဂလိပ်လိုခေါ်နိုင်သော စာအဖွဲ့၏ သဘောသွားနှင့် အင်္ဂါရပ်များမှာ ဤသို့ဖြစ်၏။ 'အက်ဆေး'သည် မည်သည့် အကြောင်းရပ်ကိုမဆို ဖွဲ့စီရေးသားထားသောစာမျိုး ဖြစ်သည်။ စကားပြေနှင့် ဖွဲ့နွဲ့စီကုံးထားခြင်းသာ 'အက် ဆေး' အမျိုးမျိုး၏ တူညီသော အင်္ဂါရပ်ဖြစ်သည်။ ခရစ် ၁၈-ရာစုနှစ်တွင် ထွန်းကားခဲ့သော အင်္ဂလိပ်ကဗျာဆရာ အယ်လက် ဇန္ဒာပုပ် ရေးသားခဲ့သော 'လူ့သဘာဝအက်ဆေး'နှင့် 'ဝေဖန်မှု အက်ဆေး'များမှာ ကဗျာလင်္ကာရှည်များဖြစ်၍ ပုပ်က 'အက်ဆေး' ဟူသော စကားကို မူလအဓိပ္ပါယ်နှင့် သုံးထားခြင်းဖြစ်သည်။


'အက်ဆေး' တို့၏ အခြားတူညီသော အင်္ဂါရပ်တစ်ခုမှာ ကျမ်းတစောင်တစ်ဖွဲ့၊ ဝတ္ထုရှည်တစ်ပုဒ်လောက် မရှည်လျားခြင်း ဖြစ်သည်။ အတိုအရှည် ကွာခြားခြင်း ရှိကြသော်လည်း အများအားဖြင့် 'အက်ဆေး'ကို တစ်ထိုင်ဖတ်နှင့် ပြီးနိုင်သည်။ ၁၈ ရာစုနှစ်တွင် နာမည်ကျော်ကြားခဲ့သော အင်္ဂလိပ် 'အက်ဆေး' ဆရာများဖြစ်သူ အက်ဒီဆင်နှင့် ဂျွန်ဆင်တို့က 'အက်ဆေး'ဟူသည်မှာ စည်းကမ်းစံနစ် တိကျစွာမရှိသော၊ စည်းလွတ်ဝါးလွတ် စိတ်သွားတိုင်း ကလောင်ပါနိုင်သော စိတ်ကူးဉာဏ်ကွန့်ချင်တိုင်း ကွန့်နိုင်သော စကားပြေအဖွဲ့ဟု သရုပ်ဖော်ခဲ့လေသည်။


ယခုခေတ်အခါ၌ 'အက်ဆေး'များတွင် အကြောင်းခြင်းရာအမျိုးမျိုးကို ရည်မှန်းချက် အမျိုးမျိုးဖြင့် ရေးကြသည်။ ရေးဟန် (ဝါ) လေယူလေသိမ်း၌လည်း အမျိုးမျိုး ကွဲပြားကြ၏။ အချို့ 'အက်ဆေး'များမှာ အကြောင်းရပ်တစ်ခုခု၏ သဘောသွားကို ခွဲစိတ်ဝေဖန်ပြ၏။ အချို့'အက်ဆေး'များမှာ အကြောင်းရပ် တစ်ခုခု၏သဘောသွားကို ရှင်းလင်းသရုပ်ဖော်၍ ပြဆို၏။ အချို့မှာ စာဖတ်သူ၏ ဗဟုသုတ တိုးစေရန်၊ အသိဉာဏ် တိုးစေရန် ရည်ရွယ်၏။ အချို့မှာ ဗဟုသုတ တိုးရန် မဟုတ်ဘဲ ရသေ့စိတ်ဖြေ အဖြစ်နှင့် စိတ်ပျော်မွေ့စေရန် သက်သက်သာ ရည်ရွယ်၏။ 'အက်ဆေး' အမျိုးမျိုးအဖုံဖုံ ကွဲပြား ခြားနားသော်လည်း 'အက်ဆေး'တိုင်းတွင် စာဖတ်သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် အဓိကထားပေသည်။ 'အက်ဆေး' မှန် သမျှသည် စာပေအင်္ဂါမြောက်ရပေမည်။ စာကောင်းစာမွန် ဖြစ်ရပေမည်။ ဤကား 'အက်ဆေး'၏ အရေးကြီးသော အင်္ဂါရပ် ဖြစ်ပေသည်။ 'အက်ဆေး'တွင် အများအားဖြင့် နက်နဲ သိမ်မွေ့သော တွေးခေါ်ချက်၊ ကဝိလက္ခဏာဖြစ်သော စကားခက် စကားကြီးတို့ မပါရှိတတ်ပေ။ အကြောင်းခြင်းရာတစ်ခုခု ရေးရာတွင် နှိုက်နှိုက်ကျွတ်ကျွတ်ရှိရန် သော်၎င်း မရည်ရွယ်ဘဲ၊ အကျဉ်းချုံး၍ ကြည့်နည်းဖြင့် ကြည့်၍ဖြစ်စေ၊ မိမိကိုယ်တွေ့ မိမိစဉ်းစား စိတ်ကူးပေါ်၌သာ တည်၍ဖြစ်စေ၊ 'အက်ဆေး'ကို ရေးကြလေသည်။ ဤအင်္ဂါရပ်များကို ခြုံ၍ စဉ်းစားသော် 'အက်ဆေး'ဟူသော မြန်မာစကားပြေအဖွဲ့ အကြောင်းခြင်းရာ အဖွဲ့မျိုးကို မြန်မာလို'စာမွန်စာပေ'ဟု ခေါ်ဆိုရပေမည်။ ဝိဂြိုဟ်ပြုရသော်၊ စာမွန်သည် အကြောင်းခြင်းရာ တစ်ခုခုကို စိတ်ကူး ဉာဏ်ကွန့်၍ စကားပြေဖြင့် စာပေမြောက်အောင် ရေးဖွဲ့သည့်စာ ဖြစ်သည်ဟူ၏။

စာမွန်ကို ၁၅၇၁ ခုနှစ်တွင် ပြင်သစ်စာရေးဆရာ မွန်တိုင်းက ပထမ စတင်ရေးသားသည်မှစ၍ ယခုထက်တိုင် အသွင်အပြင် ပြောင်းလဲလာသည်နှင့်အမျှ စာပေဝါသနာပါသူတိုင်း နှစ်ခြိုက်ခဲ့ပေသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်း၊ စာပေတိုင်းလိုလိုတွင် စာမွန်ကို စာရေးဆရာများ ရေးသားကြ၏။ စာမွန်ရေးရာတွင် ကျော်ကြားခဲ့သူများမှာ အတော်ပင် များပြား ကြသည်။ ယင်းတို့အနက် စာမွန်ပေါ်ပေါက်ခဲ့သည့် မူရင်းဘာသာစကားဖြစ်သော ပြင်သစ်စာပေတွင် နာမည်ကြီး စာမွန်စာပေဆရာများမှာ စန်ဗဗ်၊ တိန်း၊ မက်တာလင့်၊ ဘယ်လရီ၊ ဂိုးမွန့်၊ ရေနွန်း၊ လမိုက်တား စသည်တို့ ဖြစ်သည်။ အင်္ဂလန်ပြည်၌ ၁၈ ရာစုနှစ်တွင် ကောင်လီ၊ အက်ဒီဆင်၊ စတီး၊ ဂျွန်ဆင်၊ ဂိုးစမစ်တို့သည် စာမွန်စာပေ၏ အသွင်အပြင်ကို ပြောင်းလဲစေခဲ့သည့်ပြင် အဆင့်အတန်းကိုလည်း မြှင့်တင်ခဲ့ပေသည်။ သူတို့နောက် ၁၉ ရာစုနှစ်တွင် လမ့်၊ ဟက်ဇလစ်၊ လေးဟန့်၊ ဒီကွင်ဆီ၊ မက်ကောလေး၊ ပေတာ စသော စာရေး ဆရာများသည် စာမွန်အရေးအသား ကောင်းမွန်လှသောကြောင့်ပင် နာမည်ကျော်ကြားခဲ့ပေသည်။ အမေရိကန် စာရေးဆရာများအနက် အီမာဆင်သည် ပြောင်မြောက် ခန့်ညားသော စာမွန်များကို ရေးခဲ့၏။


ယခု ပစ္စက္ခခေတ် ၂ဝ ရာစုနှစ်တွင် စာမွန် အရေးအသားသည် မှေးမှိန် သွားခြင်း မရှိဘဲ၊ အကျော်အမော် စာရေးဆရာ အမြောက်အမြား လိုက်စားလျက်ရှိ၏။

ကျွန်ုပ်တို့ မြန်မာစာပေတွင် မျက်မှောက်ခေတ်မှပင် စာမွန် စာပေသန့်သန့် ပေါ်လာပေသည်။သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဆရာပီမိုးနင်းနှင့် မဟာဆွေတို့ ရေးခဲ့ သော စကားပြေ အဖွဲ့အချို့တို့သည် စာမွန်များ ဖြစ်ကြသည်။ ခေတ်စမ်းစာပေခေတ်တွင် ပထမဦးစွာ စာမွန်များကို အများအပြား ရေးခဲ့သူမှာ သိပ္ပံမောင်ဝင် ဖြစ်၏။


ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင်၊ မောင်ထင်၊ မြကေတု ဟူသော စာရေးဆရာတို့မှာ သက်ရှိ ထင်ရှား နာမည်ကြီး စာမွန်စာပေဆရာများ ဖြစ်သည်။ ထိုသူတို့အပြင် အခြား ထင်ရှားသော စာရေးဆရာများလည်း စာမွန်များကို အရေးထား၍ ရေးသားလျက်ရှိကြပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)