စဝ်သုစန္ဒီ

ဝီကီပီးဒီးယား မှ
မဟာဒေဝီစဝ်သုစန္ဒီ
သီပေါစော်ဘွား၏ မဟာဒေဝီ
နန်းသက်၇ မတ် ၁၉၅၃ – ၂ မတ် ၁၉၆၂
နောက်မင်းဆက်စတင်
မွေးဖွားInge Eberhard
(1932-02-23)၂၃ ဖေဖော်ဝါရီ၊ ၁၉၃၂
Kärnten, ဩစတြီးယားနိုင်ငံ
ကွယ်လွန်၅ ဖေဖော်ဝါရီ၊ ၂၀၂၃(2023-02-05) (အသက် ၉၀)
Boulder, ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
အိမ်ထောင်ဖက်စဝ်ကြာဆိုင် (လက်ထပ် 1953; disappeared 1962)
Howard "Tad" Sargent (လက်ထပ် 1968; died ၂၀၂၂)
သားသမီးများ
  • စဝ်မာယာရီ
  • စဝ်ကိန္နရီ
မင်းဆက်သီပေါနယ်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
အလုပ်အကိုင်
  • စာရေးဆရာ
  • လူ့အခွင့်အရေးလှုပ်ရှားသူ
  • လူမှုရေးလှုပ်ရှားသူ

စဝ်သုစန္ဒီ (အင်္ဂလိပ်: Inge Sargent; ၂၃ ဖေဖော်ဝါရီ ၁၉၃၂ – ၅ ဖေဖော်ဝါရီ ၂၀၂၃) သည် ဩစတြီးယားလူမျိုးတစ်ဦးဖြစ်ပြီး ရှမ်းပြည်၊ သီပေါနယ်၏ နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ကြာဆိုင်၏ ဇနီး မဟာဒေဝီဖြစ်သည်။ အငြိမ်းစား အထက်တန်း ဆရာမတစ်ဦးဖြစ်ပြီး Burma lifeline အမည်ရှိ လူမှုရေးအဖွဲ့အစည်း တည်ထောင်သူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၃၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဩစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ Inge Eberhard ဖြစ်သည်။ ဩစတြီးယားနိုင်ငံသူ ကာသိုလစ်ဘာသာဝင်ဖြစ်ပြီး ယခုအခါ ဗုဒ္ဓသာသာကိုးကွယ်လျက်ရှိသည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ရဖူးသည်။


ပညာတော်သင်ကျောင်းသူ[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အပြီး ဩစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright Scholarship ပညာသင်ဆုရရှိသူ ပထမဆုံးသော ဩစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီး ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။

နိုင်ငံခြားသူမဟာဒေဝီ[ပြင်ဆင်ရန်]

စဝ်ကြာဆိုင်နှင့် စဝ်သုစန္ဒီ

ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတွင်းအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။ ၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။ စဝ်ကြာဆိုင် ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာ ခဲ့ကြရာ ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်စဉ် လာရောက်ကြိုဆိုသူများကို မြင်တွေ့မှသာ ခင်ပွန်းဖြစ်သူက သီပေါစော်ဘွားဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။ ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။ မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ်မတော် အာဏာသိမ်းချိန်တွင် သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေသော စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး၊ ထောင်တွင်းတွင် အခြားသော ရှမ်းခေါင်းဆောင်များနှင့်အတူ ကွပ်မျက်ခံခဲ့ရသည်။ ထို့အပြင် စဝ်သုစန္ဒီအား အမေရိကန် ထောက်လှမ်းရေးအဖြစ် စွပ်စွဲကာ သမီးနှစ်ဦးနှင့်အတူ အကျယ်ချုပ် ၂နှစ်ခန့်ချထားခဲ့သည်။ နောက်ဆုံးတွင် ဩစတြီးယားနိုင်ငံသို့ ပြန်လိုက ပြန်နိုင်ခွင့် ရရှိခဲ့သော်လည်း ဩစတြီးယား နိုင်ငံသား မဟုတ်သော သမီးနှစ်ဦးကြောင့် များစွာအခက်ကြုံခဲ့ရပြန်သည်။ သို့သော် ဩစတြီးယားသံအမတ်ကြီး၏ အကူအညီဖြင့် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ဒုတိယဘဝ[ပြင်ဆင်ရန်]

၁၉၆၄-ခုတွင် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက် ခဲ့ပြီးနောက် မိဘများနှင့်အတူ ဩစတြီးယား နိုင်ငံတွင် ၂-နှစ်ကြာ နေထိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်သို့ ဘဝသစ် စတင်ရန် ပြောင်းရွှေ့လာခဲ့သည်။ ကျောင်းဆရာ အသိအမှတ်ပြု လက်မှတ် ရယူနိုင်ခဲ့ပြီးနောက် Boulder junior အထက်တန်းကျောင်း နှင့် Fairview အထက်တန်း ကျောင်းများတွင် ဂျာမန်ဘာသာသင် ဆရာမအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ၁၉၆၈-ခုနှစ်တွင် Boulder မြို့သား Tad Sargent နှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ပြီး အသက်၆၅-နှစ်အရွယ်၊ ၁၉၉၃-ခုတွင် အငြိမ်းစား ယူခဲ့သည်။

လူမှုရေးလုပ်ငန်းများနှင့်ဆုတံဆိပ်[ပြင်ဆင်ရန်]

၁၉၉၅တွင် မြန်မာပြည်မှ ဒုက္ခသည်များအားကူညီရန် Burma Lifeline အဖွဲ့ကို ဒုတိယခင်ပွန်းဖြစ်သူ Tadနှင့်အတူ ဖွဲ့စည်းထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ရှမ်းပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအား စတင်ကူညီခဲ့သည်။ မြန်မာပြည်မှ တိုင်းရင်းသား ဒုက္ခသည်များနှင့် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကုလသမဂ္ဂမှ ပေးအပ်သည့် United Nations Association International Human Rights ဆုကိုရရှိခဲ့သည်။ ၂၀၀၈ခုနှစ်မှ အစပြု၍ ရှမ်းပြည်နယ် တိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိသော လူငယ်များအတွက် စဝ်သုစန္ဒီဆု၊ ဒေါ်လာ(၃၀၀၀)စတင် ချီးမြှင့်ခဲ့သည်။ သုစန္ဒီဆုအား ၁၉၉၈ မှ စတင်ချီးမြှင့်လာခဲ့ရာ ယခုအခါ ၄ကြိမ် မြောက် ရှိပြီဖြစ်သည်။

ရေးသားခဲ့သောစာအုပ်နှင့်အခြားမီဒီယာများ[ပြင်ဆင်ရန်]

သူမ၏ မဟာဒေဝီဘဝ နေ့ရက်များကို Twilight over Burma: My Life as a Shan Princess (မှုန်ရီဆိုင်း တိုင်းမြန်မာ) အမည်ဖြင့် ၁၉၉၄-ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့ပြီး၊ ရရှိသမျှအမြတ်ငွေများကို မြန်မာပြည် နယ်စပ်ဒုက္ခသည်များထံ လှူဒါန်းခဲ့သည်။ ၂၀၀၀- ပြည့်နှစ်တွင် The Last Mahadevi အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

http://www.burmalifeline.org/ Archived 27 June 2009 at the Wayback Machine.

ကိုးကား[ပြင်ဆင်ရန်]