စပါးတား

ဝီကီပီးဒီးယား မှ

စပါးတား[ပြင်ဆင်ရန်]

စပါးတာမြို့လယ် ကျောက်စာတိုင်

စပါးတားသည် ဂရိနိုင်ငံရှိ ရှေးဟောင်းမြို့ ကြီးတစ်မြို့ ဖြစ် သည်။ လာကိုနီးယားပြည်၏ မြို့တော်ဖြစ်ခဲ့ဘူး၍ ပယ်လိုပွန် နီးဆပ် ကျွန်းဆွယ်တွင် အင်အား တောင့်တင်းဆုံးသော နယ် တစ်ခုလည်း ဖြစ်ခဲ့ဘူးသည်။ ထိုနယ်ကို ဇုနတ်၏ သားတော် လက်စီဒီးမွန်က စတင်တည်ထောင်ခဲ့သည်ဟု ဆိုရိုးရှိသည်။ ထိုကြောင့် အချို့က စပါးတားနယ်ကို လက်စီဒီးမွန်းဟု ခေါ်ကြ လေသည်။ စပါးတန်း လူမျိုးမှာ ဂရိ အမျိုးအနွယ် ဖြစ်၍ ဒိုရီယန်မျိုးစုဖြစ်လေ၏။ ထိုလူမျိုးတို့သည် ကော်ရင်သီယန ပင်လယ်ကွေ့ကို ဖြတ်၍ ပယ်လိုပွန်နီးဆပ် ကျွန်းဆွယ်ကို အနောက်မြောက်ဘက်မှ ဝင်ရောက် လာသူများဖြစ်သည်။

ယင်းတို့သည် စပါးတားနယ်တွင် ရှိရင်းစွဲ လူမျိုးများကိုကျွန်များ အဖြစ် ထား၍ နယ်ကို အုပ်ချုပ် နေထိုင်ကြ၏။ အသက်မွေး ဝမ်းကျောင်းအတွက် ဘာမျှလုပ်ကိုင်ခြင်း မရှိကြချေ။ ယင်းတို့၏ ကျွန်များက လယ်ယာများ လုပ်ကိုင်ပေးကြရလေသည်။ စပါးတား နယ်မှာ လူတန်းစား သုံးမျိုးရှိရာ စပါးတန်း လူမျိုးများဖြစ်သော အုပ်ချုပ်ရေးလူတန်းစား၊ ကုန်သည် ပွဲစားများဖြစ်သော ပါရီအိုစီ များနှင့် ကျွန်လူတန်းစားဖြစ်သော ဟဲလော့များဖြစ်ကြ၏။

စပါးတန်း များသည် စပါးတား နယ်ကို ဘုရင် နှစ်ဦးထား၍ လိုင်ကားဂပ် အမည်ရှိ ပညာရှိကြီး ပြုစုခဲ့သော အခြေခံဥပဒေ များအတိုင်း အုပ်ချုပ်ကြသည်။ ထိုအုပ်ချုပ်ရေးအရ စပါးတန်း တို့သည် အသီနီယန်တို့ကဲ့သို့ စာပေနှင့်အနုပညာကို လိုက်စား ခြင်း မရှိဘဲ ကိုယ်ကာယတောင့်တင်းပြီး စစ်ရေး၌လည်း ကျွမ်း ကျင်ရန်သာ အဓိကထား ကြလေ၏။ သားယောကျာ်း ကလေး များကို ခုနစ်နှစ်က ကျော်လွန်လျှင် အစိုးရထံ အပ်၍ စစ်ပညာ သင်စေရ၏။ ကျန်းမာရေးချို့တဲ့သောကလေး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသော ကလေး များကို မွေးစကပင် တောင်ပေါ်တွင် ပစ်ထားရ၏။ ဤသို့ဖြင့် စပါးတန်း တို့မှာ ကျန်းမာရေးနှင့် ပြည့်စုံ၍ ခွန်အားဗလ တောင့်တင်းသူများသာ ဖြစ်ရ၏။ ရှေး စပါးတန်းတို့မှာ သား ယောကျာ်းကလေး မွေးလျှင် ခုနစ်နှစ် အရွယ်မှ စ၍ မိဘက မပိုင်ရတော့ချေ။ စစ်ပွဲတွင် အမှုထမ်းနိုင် သည့်အရွယ် ဟူသမျှတို့ကို အစိုးရစစ်တပ်၌သာ အမှုထမ်း စေရန် မိဖတို့က အစိုးရအား အပ်ရလေသည်။

စစ်ရေး လေ့ကျင့်မှုတွင်သာ အချိန်ရှိသရွေ့ လုံးပန်းနိုင်စေ၍ စားရေးသောက်ရေး အတွက် တာဝန်နည်းစေရန် အစိုးရက ဘုံအစားအသောက်ရုံကြီးများ ဖွင့်လှစ်ထား၏။ ထိုကဲ့သို့ စားသောက်ခွင့်ရရန်အစိုးရအား ဆက်ကြေးပေးထား ရလေသည်။ ထိုဆက်ကြေးများပေးနိုင်ရန် ကျွန်များက လယ်ယာများကိုလုပ်ပေး ကြရလေ၏။ ထိုကြောင့် စပါးတန်းများမှာ စစ်ရေးလေ့ကျင့်ရန်သာ တာဝန်ရှိလေသည်။

တိုက်ခိုက်မှု၊ ကိုယ်ကာယသန်စွမ်းမှု၊ သတ္တိနှင့်ပြည့်စုံမှုများကိုသာ လေ့ကျင့် နေကြရသဖြင့် အစားအသောက် အနေအထိုင် တို့တွင် စည်းကမ်း ကျပ်တည်းလှ၏။ အပြောသမားများ မဟုတ်ဘဲ အလုပ်သမားများဖြစ်၍ အပြောအဆို တိုတောင်း ဝသီရှိသည်။ အလှအပကို ဂရုမပြုသူများဖြစ်၍ ငွေကြေးသုံးစွဲ ရာတွင်ပင် သံချောင်းကြီးများကို တန်ဖိုးခွဲခြားကာ သုံးစွဲကြလေသည်။

စစ်သားများဖြစ်၍ သူတို့ကိုယ်တိုင် အကြမ်းခံနိုင် ဒုက္ခခံနိုင်ရည် ရှိသလောက် သူတပါးအပေါ်၌လည်း ကြမ်းကြုတ်ရက်စက်လေ၏။ စပါးတန်းတို့မှာ စစ်သားကောင်းများ ဖြစ်ခဲ့ကြလေရာ တိုက်ပွဲ များတွင် သူတို့၏ဒဏ်ကိုခံနိုင်ရန် ခဲယဉ်းလှပေသည်။ သူတို့ကား သေလျှင် မြေကြီး၊ ရှင်လျှင်ရွှေထီး စိတ်ဓာတ်ထားကာ တိုက်မိလျှင် မဆုတ်တမ်း ရှေ့သို့သာ တိုးမည့် လူမျိုး ပေတည်း။ ထိုကြောင့် သတ္တိ အလွန် ကောင်းသူများကို စပါးတန်း သတ္တိဟု သုံးနှုန်း ပြောဆိုကြသည်။

ဘီစီ ၅ ရာစု နှစ်လောက်တွင် စပါးတန်းတို့ တန်ခိုး တက်နေ လေသည်။ ပါးရှင်းစစ်ပွဲများနှင့် ပယ်လိုပွန်နီးရှင်းစစ်ပွဲများနှင့် ပယ်လိုပွန်နီးရှင်းစစ်ပွဲ များတွင် စပါးတန်းတို့ ထင်ရှား ကျော် ကြားလာလေ၏။ ပယ်လိုပွန်နီးရှင်းစစ်ပွဲအပြီးတွင် အက်သင်တို့ တန်ခိုးမှေးမှိန်သွား၍ စပါးတား တန်ခိုးကြီးလာလျက် ဂရိပြည် နယ်များမှာ စပါးတား၏ ဖိနှိပ်ကြမ်းကြုတ်လှသော အုပ်ချုပ်မှုမှာ အနှစ် ၃ဝခန့်သာဠကာရှည်၍ သီးဗီးပြည်နယ် ခေါင်းဆောင်သော ဂရိပြည်နယ် အချို့၏ ပုန်ကန်မှုကြောင့် စပါးတန်းတို့ တန်ခိုး ကျဆင်း လာလေသည်။ မကြာမီ မက်ဆီဒိုးနီးယားပြည် လက်အောက်သို့ အခြား ဂရိပြည်နယ်များ နည်းတူ ကျရောက် သွားလေ၏။ ဤသို့ဖြင့် ဘီစီ ၂ရာစလောက်မှစ၍ စပါးတား နိုင်ငံငယ်မှာ မထင်ရှားသော အဖြစ်သို့ ရောက်ရှိသွားလေတော့၏။


ယခုခေတ်သစ် စပါးတားမြို့မှာ ရှေးမြို့ဟောင်းနေရာတွင်ပင် ၁၈၃၄ ခုနှစ်တွင် ပြန်လည်ဆောက်လုပ်ထား၍ လက်စီဒေးမန်း စီရင်စု၏မြို့တော် ဖြစ်လေ၏။ လူဦးရေမှာ ၁၁,ဝ၄ဝ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)