စပါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဆန် နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
ရင့်မှည့်နေသော စပါးနှံ

စပါး[ပြင်​ဆင်​ရန်​]

မြေကြီးမှ ရွှေသီး ဆန်စပါးသည် မြန်မာ့စီးပွားရေး အသက်သွေးခဲဖြစ်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့ ရောင်းချသော ဆန်တန်ချိန်မှာ သုံးသန်းကျော်ဖြစ်သည်။ ယခု မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ဆဲတွင်၊ စစ်မဖြစ်မီက စံချိန်၏ ထက်ဝက်မျှလောက်သာ ထုတ်လုပ်နိုင်သေးသည်။ သို့ဖြစ်လင့်ကစား ဆန်နှင့်ဆန်ထွက် ပစ္စည်းတို့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှ ဝင်ငွေသည် တစ်နှစ်တစ်နှစ်လျှင် ကုဋေ ခုနစ်ဆယ်ထက် မနည်းချေ။

အမျိုးအစား[ပြင်​ဆင်​ရန်​]

စပါးသည် မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံ ပင်မျိုး ဖြစ်၍ အချို့အပူပိုင်း ဒေသများတွင် နှစ်ကြာခံပင်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ဒိုက်စပါးနှင့် ဒေါင်း စပါးခေါ် စပါးရိုင်းနှစ်မျိုးကို ရေနစ်ကွင်းများနှင့် ကန်များထဲ၌ တွေ့ရသည်။ ရုက္ခဗေဒ အလိုအားဖြင့် ဒေါင်းစပါးကို 'အိုရီဇာ လက်တီဖိုးလီးယား'ဟူ၍၎င်း၊ ဒိုက်စပါးကို 'အိုရီဇာဆာတီးဗား' ဟူ၍၎င်း ခေါ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း ခြောက်သွေ့သော မြေများ၌လည်း 'အိုရီဇာဂရန်နျူလေးတား'ခေါ် စပါးရိုင်းတစ်မျိုး ပေါက်သည်ဟု ဆိုသည်။ ထိုစပါးရိုင်းများမှ စပါးပင်အမျိုးမျိုး ခွဲထွက်လာသည်။ မြန်မာနိုင်ငံ၌ စပါးမျိုးပေါင်း ၁ယဝဝဝ ခန့်ရှိ သည်ဟု ဆိုသည်။

စပါးမျိုး တစ်မျိုးတည်းကိုပင် အရပ်ဒေသလိုက်၍ အမည် အမျိုးမျိုးဖြင့် ခေါ်တတ်ကြသည်။တစ်ဖန် မျိုးမတူသော စပါး များကို အမည်တစ်မျိုးတည်းဖြင့် ခေါ်တတ်ကြပြန်ရာ စပါးပင် တို့၏ အမျိုးအစားကို ခွဲခြားရန် ခဲယဉ်းပေသည်။ စပါးမှ ဆန် ကြိတ်လုပ်ငန်း တိုးတက်နေသော တိုင်းပြည်များတွင် စပါးစေ့ များ၏ အရွယ်အစားကို လိုက်၍ အမျိုးအစား ခွဲခြား တတ်ကြ လေသည်။ သို့သော် မြန်မာလယ်သမားများသည် လွယ်ကူစိမ့် သောငှာ စပါးပင်တို့၏ သက်တမ်းကိုလိုက်၍ (၁) ကောက် လျင်၊ (၂)ကောက်လတ်၊ (၃)ကောက်ကြီး၊ (၄) မုရင်း၊ ဟူ၍ စပါးမျိုး ၄မျိုး ခွဲခြားထားကြသည်။

စိုက်ပျိုးပုံ[ပြင်​ဆင်​ရန်​]

ချင်းပြည်နယ်မှ လယ်တစ်ကွက်

ကောက်လျင် စပါး၏ သက်တမ်းမှာ ရက်ပေါင်း ၁၄ဝ မှ ၁၅ဝ အထိဖြစ်၍ အောက်တိုဘာလလယ်လောက်တွင် ဖြစ်စေ၊ လကုန်လောက်တွင် ဖြစ်စေ မှည့်သည်။ ထိုစပါးမျိုးကို မိုးနည်း သော ဒေသများနှင့် မြေမကောင်းသော လယ်ကွင်းများတွင် စိုက်ပျိုးလေ့ ရှိသည်။ သို့သော် မြန်မာနိုင်ငံ အောက်ပိုင်း၌ ကောက်ကြီးနှင့် ကောက်လတ်စပါး စိုက်ပျိုးသောလယ်များ တွင် သီးဦးစားရန်အတွက် ကောက်လျင်များကို အနည်းငယ် စိုက်ပျိုးလေ့ရှိသည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင် စိုက်ပျိုး သော ကောက်လျင်စပါးမျိုးများမှာ ဆန်လုံးငယ်သော ဧည့်မထ စပါးနှင့် လက်ရွေးဆန်စပါးများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးသော ကောက်လျင်စပါးမျိုးများမှာ ငစိန်နှင့် လက်ရွေးဆန် အငယ်စားမျိုးများ ဖြစ်ကြသည်။ ကောက်လတ်စပါး အမျိုးအစား၏ သက်တမ်းမှာ ရက်ပေါင်း ၁၅ဝ မှ ၁၇ဝ အထိ ဖြစ်၍ နိုဝင်ဘာလလယ် သို့မဟုတ် လကုန်လောက်တွင်မှည့်သည်။ ထိုစပါးမျိုး၌ ဆန်လုံးသေးငယ် သော ငစိန်စပါး၊ လက်ရွေးဆန်စပါးနှင့် ဧည့်မထစပါးများ ပါဝင်သည်။ ထိုစပါးများကို ကောက်ကြီးစပါး စိုက်ပျိုးသော လယ်များမှာထက် ၁ဝ ရက် ၁၅ ရက်စော၍ ရေခန်းသော လယ်ကွက်များတွင် စိုက်ပျိုးကြသည်။ ရခိုင်တိုင်းမှ ဆန်လုံး ငယ်သော 'လက်ရုံး'စပါး၊ 'ငကြိမ်သီး'စပါး၊ တနင်္သာရီတိုင်းမှ 'ရှမ်းကလေး'စပါးနှင့် 'ရဟိုင်း'စပါးတို့သည် ကောက်လတ်စပါး များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဆည်များမှ ရေမရသောလယ်များတွင် ကောက်လတ်စပါးမျိုးကို စိုက်ပျိုးကြ သည်။

ကောက်ကြီးမှာ သက်ရင့်စပါးမျိုး ဖြစ်သည်။ သက်တမ်းမှာ ရက်ပေါင်း ၁၇ဝ မှ ၂ဝဝ အထိဖြစ်၍ ဒီဇင်ဘာလဆန်းတွင် မှည့်သည်။ သက်တမ်းအလိုက် အမျိုးအစားခွဲရလျှင် ပဲခူး တိုင်း၊ ရခိုင်တိုင်းတို့၌ စိုက်ပျိုးသော ဆန်လုံးကြီးမျိုး ငစိန်စပါး သည် ကောက်ကြီးမျိုး ဖြစ်သည်။ တနင်္သာရီတိုင်းတွင် စိုက်ပျိုး သော 'ဗျတ်'စပါးနှင့် မြန်မာနိုင်ငံအောက်ပိုင်း မြေဩဇာကောင်း သော အရပ်များတွင် စိုက်ပျိုးသော မီးတုံးစပါးတို့သည်လည်း ကောက်ကြီးမျိုးပင် ဖြစ်ကြသည်။ မီးတုံးမျိုးတွင် ကမာကြည်၊ စပါးနက်နှင့် ကုလားကြီးတို့ ပါဝင်သည်။ ကောက်ကြီးစပါးကို မြေဩဇာ ကောင်းမွန်၍ မိုးကုန်သည်အထိ ရေရရှိသော လယ် များတွင် စိုက်ပျိုးသည်။ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံစသော မြစ်ဝ ကျွန်းပေါ်ဒေသတို့တွင် စပါးနက်မျိုးကို ငကျွဲဟု ခေါ်လေ့ရှိ သည်။ ဆည်မှရေရသော ရွှေဘိုခရိုင်နှင့် မင်းဘူးခရိုင်ရှိ လယ်များတွင် ကောက်ကြီးစပါးကို စိုက်ပျိုးကြသည်။

မူရင်းစပါးသည် ကောက်လျင်စပါးနှင့် သက်တမ်းတူသည်။ ထိုစပါးမျိုးကို မြစ်ကမ်းခြေ အရပ်ဒေသများ၌ နိုဝင်ဘာလတွင် စိုက်ပျိုးကြ၍ မတ်လတွင် ရိတ်သိမ်းကြသည်။ အထက်ပါ စပါး မျိုးများအပြင် တောင်ပေါ်တွင် စိုက်ပျိုးသော တောင်ယာစပါး နှင့် ၆ လက်မ ၈ လက်မအထိ ရေမြုပ်နေသော လယ်များတွင် စိုက်ပျိုးသည့် တစ်တောင်ပိုစပါးမျိုးကဲ့သို့သော ရေပေးစပါးမျိုး ဟူ၍ စပါးနှစ်မျိုး ရှိသေးသည်။ ထိုစပါးမျိုးများ အနက် ကောက်ကြီးနှင့် ကောက်လတ်စပါးတို့မှာ အနုတ်အသိမ်းများ သဖြင့် ယင်းတို့ကို အကြီးအကျယ် စိုက်ပျိုးကြသည်။

ကောက်ည|င်းသည် စပါးမျိုးပင်ဖြစ်သည်။ အကြမ်းအားဖြင့် ဆန်အရောင်ကိုကြည့်၍ ကောက်ည|င်းဖြူ၊ ကောက်ည|င်းငချိပ် ဟူ၍ နှစ်မျိုးခွဲသည်။ ကောက်ည|င်းဖြူမှာ အရောင်ဖြူ၍၊ ကောက်ည|င်းငချိပ်မှာ အရောင်ညိုသည်။ ကောက်ည|င်းစပါး သည် ရိုးရိုးစပါးများလောက် အသုံးမများသဖြင့် ယင်းကို အနည်းငယ်လောက်သာ စိုက်ပျိုးလေ့ရှိသည်။

ပိုးမွှားကာကွယ်ရေး[ပြင်​ဆင်​ရန်​]

စပါးပင်များကို စိုက်ပျိုးရာ၌ ပိုးမွှားများ၏ ဘေးရန်မှ ကာကွယ်ပေးရန်မှာ အရေးကြီးပေသည်။ စပါးပင်ကိုဖျက်ဆီး တတ်သော ပိုးမျိုးမှာ ပိုးတောင့်တဲ၊ ငမြေ|ာင်တော်၊ နှံဖြတ်ပိုး၊ ရွက်ဖြတ်ပိုး ဟူသော ပေါက်ဖတ်မျိုးများ၊ ပိုးလောင်မီး၊ ကျိုင်း ကောင်များ၊ ဆစ်ပိုးခေါ် ပိုးဖလံမျိုးများ ဖြစ်ကြသည်။ ထိုပြင် ဖောင်စီးကနန်းနှင့် လယ်ဗုဇွန်များကလည်း စပါးပင်ကို ဖျက် ဆီးတတ်ကြသည်။ အခြားတောတိရစ္ဆာန်နှင့် ငှက်တို့ကလည်း စပါးကို ဖျက်ဆီးတတ်ကြသဖြင့် ယင်းတို့၏အနှောက်အယှက် များမှလည်း ကာကွယ်ပေးကြရသည်။တောင်စောင်းတွင်စိုက်ပျိုး သော စပါးများကို ကြွက်ကဖျက်ဆီးတတ်သည်။ ထိုပြင် စပါး ပင်များ၌ ခွပိုးရောဂါ၊ ကွင်းနားရောဂါ၊ လောင်မီးရောဂါကဲ့သို့ သော အပင်ရောဂါများလည်း ကျရောက်တတ်သေးရာ ထို ရောဂါများမှလည်း ကာကွယ်ပေးကြရသည်။

အာဟာရ[ပြင်​ဆင်​ရန်​]

ယခုအခါတွင် စပါးကို ဆန်ဖြစ်အောင် ဆန်စက်များ၌ ကြိတ်ကြသည်။ ဆန်စက်များ မပေါ်မီ ရှေးအခါက စပါးကို လက်လှည့် ကြိတ်ဆုံတွင် ထည့်၍ကြိတ်ကာ အခွံ့ကို ချွတ် ကြသည်။ ကြိတ်ဆုံမှ ထွက်လာသော အခွံကျွတ်ပြီးဆန်ကို ဆန်လုံးတီး သို့မဟုတ် လုံးစိမ်းဟု ခေါ်သည်။ တစ်ဖန် လုံးတီးဆန်ကို မောင်းတွင်ထည့်၍ ဖွပ်ရပြန်သည်။ မောင်း ထောင်းဆန်သည် လျင်မြန်စွာ အောက်လွယ်၊ ပိုးတွယ် လွယ် ၏။ဆန်နှင့် ကပ်နေသော အလွှာများကို စင်အောင် ဖွပ်ထား သော ဆန်ဖြူသည် ကြာရှည်အထားခံသည့်ပြင် မျက်နှာပန်း လည်း လှသည်။သို့သော် မောင်းထောင်းဆန်ကဲ့သို့ အာဟာရ ဓာတ်နှင့် မပြည့် စုံချေ။ မောင်းထောင်းဆန်၌ ဗီတာမင်ဘီ ပါရှိသည်။ ဆန်ဖြူတွင် ဗီတာမင် မရှိသလောက် ဖြစ်နေသဖြင့် ထိုဆန်မျိုးကို အမြဲစားသူများသည် ဗယ်ရီဗယ်ရီခေါ် ထုံနှာစို ကိုယ်ဖောနာ ဖြစ်တတ်ကြသည်။ ထိုကြောင့် ယခုအခါမြန်မာ နိုင်ငံတော် အစိုးရသည် အများပြည်သူတို့ ဆန်လုံးတီးကို စားရန် လှုံ့ဆော်ပေးလျက် ရှိသည်။ ဆန်လုံးတီးကို ဆန်လုံး ညိုဟု အမည်ပေးထားပြီးလျှင် ဆန်လုံးညိုကို သက်သာသော အဖိုးနှုန်းဖြင့် ရောင်းချသောဌာနများ ဖွင့်လှစ်ထား ရှိသည်။

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

စပါးမှ ဆန်ခွဲရာတွင် စပါးခွံ၊ ဖွဲနုနှင့် ဆန်ကွဲတို့ကို ဘေး ထွက်ပစ္စည်းများအဖြစ် ရရှိသည်။ ဖွဲနုကို ကျွဲနွားများအား အစာ ကျွေးရာတွင် အသုံးပြုနိုင်သည်။ ဆန်ကွဲကို အရက်ချက်လုပ်ရာ ၌၎င်း၊ ကစီပြုလုပ်ရာ၌၎င်း၊ ဆန်မှုန့်ပြုလုပ်ရာ၌၎င်း အသုံးပြု နိုင်သည်။ စပါးခွံ(ဖွဲကြမ်း)များကို လောင်စာအတွက်ဖြစ်စေ၊ အထုပ်များထုပ်ရာတွင်ဖြစ်စေ၊ ရေခဲများ အရည် မပျော်လွယ် စေရန် ဖုံးအုပ်ပေးရာ၌ဖြစ်စေ အသုံးပြုနိုင်သည်။ စပါးကို ရိတ် သိမ်းသောအခါ လယ်ထဲတွင် ကောက်ရိုးသား ကျန်ခဲ့သည်။ ထိုကျန်သော ကောက်ရိုးကို ကျွဲနွားများအတွက် အခင်းအဖြစ် ၎င်း၊ အိမ်မိုးရန်အတွက်၎င်း၊ ပစ္စည်းများ ထုပ်ပိုးရန်အတွက် ၎င်း အသုံးပြုနိုင်သေးသည်။

အရှေ့တိုင်း နိုင်ငံများတွင် ဆန်ကို အဓိက အစာအဖြစ် စားသုံးကြသဖြင့် ထိုတိုင်းနိုင်ငံများ၌သာ ဆန်လုံလောက်စွာ မရလျှင် ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ရင်ဆိုင်ကြရပေမည်။ ထိုကြောင့် ထိုနိုင်ငံများတွင် စပါးကို အကြီးအကျယ် စိုက်ပျိုး ကြလေသည်။ မြန်မာနိုင်ငံ ကဲ့သို့သော အချို့နိုင်ငံများတွင် စပါးကို တနှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးသည်။ အစာရေစာ ရှားပါးသော တရုတ်နိုင်ငံတောင်ပိုင်းနှင့် အချို့ ပူအိုက်သော ရာသီဥတုရှိသည့် တိုင်းပြည်များ၌မူ တစ်နှစ်လျှင် လေးကြိမ်မျှ စိုက်ပျိုးလုပ်ကိုင်ကြသည်။

ဈေးကွက်[ပြင်​ဆင်​ရန်​]

ကမ္ဘာ့လူဦးရေ ၂၅ ရာခိုင်နှုန်းသည် ဆန်ကို အမှီပြု၍ နေရ လေသည်။ ကမ္ဘာ့ဆန်ထွက်နိုင်ငံ အားလုံးကို ခြုံ၍ ကြည့်လျှင် ၉၅ ရာခိုင်နှုန်းမျှသောဆန်ကို အာရှတိုက်မှ ရရှိသည်။ ကမ္ဘာ့ အာဟာရဖြည့်စွမ်းရေးတွင် မြန်မာနိုင်ငံသည် ရှေ့တန်းမှ ပါဝင် ဖြည့်စွက်လျက်ရှိသည်။ စစ်မဖြစ်မီ ၁၉၄၁ ခုနှစ်၊ နှစ်ချုပ် စာရင်းအရ မြန်မာနိုင်ငံ၌ စပါးစိုက်ပျိုးသေ ဧကပေါင်း ၁၂ယ၅၁၈ယ၅ဝဝ ဖြစ်သည်။ ထွက်သောဆန်တန်ချိန်ပေါင်းမှာ ၇ယ၂၆၅ယ၂ဝဝ ကျော်သည်။ ဆန်တန်ချိန်ပေါင်း ၃,၅ဝဝ,ဝဝဝ ကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချခဲ့ရလေသည်။ စစ်မဖြစ်မီကနှင့် စစ်ပြီးခေတ် နိုင်ငံခြားသို့တင်ပို့သော ဆန် ထွက်ပစ္စည်း တန်ချိန်မှာ အောက်ပါစာရင်းအတိုင်း ဖြစ်သည်။ ၁၉၃၈-၃၉ ခုနှစ် ၃,၃၂၉,ဝဝဝ တန် ၁၉၄၆-၄၇ ၉၂၁,ဝဝဝ ၁၉၄၇-၄၈ ၁,၂၅၄,ဝဝဝ ၁၉၄၇-၄၈ ၁,၂၅၄,ဝဝဝ ၁၉၄၈-၄၉ ၁,၁၉၃,ဝဝဝ ၁၉၄၉-၅ဝ ၁,၁၂၉,ဝဝဝ ၁၉၅ဝ-၅၁ ၁,၃၆၈,ဝဝဝ မြန်မာနိုင်ငံက နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ဆန်နှင့် ဆန်ထွက်ပစ္စည်းတန်ဖိုးမှာ တစ်နှစ်တစ်နှစ်လျှင် ငွေကုဋေ ၇ဝ မှ ၈ဝ အထိ ရှိလေ သည်။ယခုအခါ စပါးပင်မှ ဆန်ကို လုံလောက်စွာ မရရှိ နိုင်သော တိုင်းပြည်များတွင် ဆန်တုကို လုပ်ယူစားသုံးနေ ကြသည်။ ထို တိုင်းပြည်များ၌ ရိက္ခာပြဿနာ မကြာခဏ ပေးပေါက်တတ်သဖြင့် ဆန်အတုများ ပြုလုပ်၍ ရနိုင်ရန် ကြိုးစားရ၏။ ဂျပန်နိုင်ငံ၌ ၁၉၄ဝ ပြည့်နှစ်လောက်ကပင် စတင်၍ ဆန်တုကို စမ်းသပ်လုပ်ကိုင်ကြည့်ရာ ၁၉၅၂ ခုနှစ် တွင် ဈေး၌ ရောင်းချနိုင်သော အဆင့်အတန်းကိုရောက်သည် အထိအောင်မြင်လေသည်။ အိန္ဒိယနိုင်ငံ၌လည်း အာဒါလွတ်၊ ပလောပီနံ၊ ပိန်းဥ၊ မျောက်ဥကဲ့သို့သော သစ်ဥသစ်ဖုများမှ ဆန်တုထုတ်လုပ်နိုင်ရန် ကြိုးစာလျက်ရှိသည်။ ဆန်တုတွင် အစာအာဟာရဓာတ် လုံလောက်စွာ ပါရှိနိုင်ရန် လိုအပ်သော ဓာတ်ပစ္စည်းများ ထည့်သွင်း၍ ရနိုင်သည်ဟု ဆိုပေသည်။ သို့သော် ယနေ့အထိ ဆန်အစစ်ကို ဆန်အတုနှင့် အစားထိုး ခြင်းမှာ ကမ္ဘာပေါ်ရှိ ဆန်စားသုံးသူတို့ လက်ခံနိုင်လောက် အောင် မအောင်မြင်သေးချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)