စပယ်ပန်း
| စပယ်ပန်း | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
စပယ် [ပြင်ဆင်ရန်]
စပယ်ပင်မှာ ချုံပင်တစ်မျိုး ဖြစ်၏။ ရုက္ခဗေဒ အမည်မှာ 'ဂျက်စမင်နမ်ဆမ်ဗက်'ဖြစ်သည်။ အိမ်စပယ်၊ တောစပယ်၊ စပယ်အိ၊ စပယ်နွဲ့ဟူ၍ စပယ်အမျိုးမျိုးရှိသည်။ စပယ်သည် မွှေးကြိုင်သော အဖြူရောင်ပန်း ပွင့်၏။ ရှေးအခါကပင် စပယ် များများကို စိုက်ပျိုးခဲ့ကြရာ၊ ယခုအခါ ကမ္ဘာအရပ်ရပ်၌ စပယ် များကို စိုက်ပျိုးလျက်ရှိသည်။ အများအားဖြင့် စပယ်ပန်းများ ကို ပန်းကုံးများပြုလုပ်၍ အလှအပ ဆင်မြန်းကြ၏။ စပယ်မှ စပယ်ဆီခေါ် အဆီတစ်မျိုးကို ထုတ်ယူကြသည်။ ထိုအဆီကို အမွှေးအကြိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြ၏။ တရုတ်နိုင်ငံ တွင် စပယ်ပန်းများကို လက်ဖက်ခြောက်အနံ့မွှေးရန် အသုံးပြု ကြ၏။ ယင်းကို အနာအုံဆေး အဖြစ်ဖြင့်လည်း အသုံးပြုကြ သည်။
စပယ်ပန်းကို မြန်မာစာပေတွင် အမြတ်တနိုး ဖွဲ့နွဲ့ရေးစပ်ကြ သည်။ အခြင်းလှခြင်းနှင့် အဆင်းလှခြင်းကို စာဆိုကဝိတို့က စပယ်ပန်းနှင့် နှိုင်းခိုင်းဖွဲ့ဆိုတတ်ကြသည်။ ကောက်စိုက်မ တေးသံတစ်ခုတွင် ချစ်စကား၊ ကြိုက်စကား ဆိုလာသော လယ်ထွန်မောင်ကြီးအား၊ ကျေးတောသူ ကောက်စိုက်မက မိမိမှာ ချစ်သူရှိပြီဖြစ်ကြောင်း၊ အလာနှောင်းပြီဖြစ်ကြောင်းကို 'ပျို့ခေါင်းက စပယ်ဖြူ၊ ပန်သူနှင့်လေး'ဟုသီလိုက်ပြီးနောက်၊ လယ်ထွန်မောင်ကြီး၏ စိတ်ပျက်သွားဟန်ကို 'စပယ်ခိုင် ဖူးတိုင် လှဲ့ရာ၊ လွဲရော့ကွဲ့လေး'ဟု စပ်ဆိုထားလေသည်။ ထိုပြင် ဤ ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်ပြီးဖြစ်ကြောင်း၊ ဘုရား တစ်ဆူ သာ ပွင့်ရန်ကျန်သေးကြောင်းကို စပယ်လေးရုံနှင့် နှိုင်းခိုင်းကာ ပဟေဠိလုပ်၍ စကားဝှက်ခဲ့သည့် 'စပယ်တဲ့လေးရုံ၊ မလေးကွယ် မပန်ထိုက်တယ်၊ ပန်းမြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန်၊ အငုံဖြင့် ကျန်ပါသေး၊ ပန်ချင်သူ ပျို့မောင်ကြီးရယ်၊ ခေါင်းဖြီးခဲ့လေး။' ဟူသောကဗျာကိုလည်း တွေ့ရလေသည်။ ထိုနောက် မိမိအား ခေတ္တယာယီမျှသာ ချစ်ကြိုက်၍ နောင်အခါ၌ အသစ်မြင်သော အခါ ပစ်ပယ်လေ့ရှိကြောင်းကို ခံပန်းနှင့်စပယ်ပန်းကို နိုင်း ရှည့်၍ ရေးသားသောကဗျာလည်း ရှိလေသည်။ စလေဦးပုည စပ်ဆိုခဲ့သော ထိုကဗျာမှာ 'ပန်းစပယ် နန်းအလယ် မပေါ်ခိုက် တာမို့၊ အလိုက်တော်တန်သင့်ရုံ၌၊ ခံပွင့်ကိုကုံး။ ။နန်းရဝေ၊ မန်းမြေ စပယ်လှိုင်တော့၊ ခံပန်းခိုင် ယာယီရွေ့တယ်၊ တောလေ့ ရွာသုံး။'ဟူ၍ ဖြစ်သည်။ ရတုဘုရင်နတ်သျှင်နောင်ကမူ ပန်းရာ သီ ရောက်သော်ငြားလည်း စစ်ထွက်နေရသဖြင့် ကြင်သူအား ကိုယ်တိုင် ဆင်မပေးရပုံကို ရေးဖွဲ့ရာတွင် 'စပယ်ပျံ့မွှေး၊ စကား သေးကို၊ မြတ်လေးစုံမက်၊ ကျွနု်ပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်'ဟု စပယ်ပန်းကို အမြတ်တနိုး ထည့်သွင်း ရေးဖွဲ့ ခဲ့ပေသည်။
စပယ်ဟူသော ရေးထုံးကိုကား ဝဏ္ဏဗောဓနသတ်အင်းကျမ်း တွင် 'စမ္ပယ်'ဟူ၍၎င်း၊ ရတုစာဆို နဝဒေးကြီးကမူသူ၏ 'ပတ် စက်ဝန်းလည်' ချီရတု ဒုတိယပိုဒ်၌ 'စလည်းဆင်မှ၊ ပတွင် ယသတ်၊ ဖြူဆွတ်ဆွတ်ကို'ဟု မသတ်နိဂ္ဂဟိတ်မဲ့ 'စပယ်'ဟူ၍ ၎င်း၊ ဦးဝန်ပြုစုသော မြန်မာသတ်ညွှန်းကျမ်းတွင် 'စံပယ်' ဟူ၍၎င်း အမျိုးမျိုး ရေးကြသည်ကို တွေ့ရပေသည်။
စပယ်ပုံများ [ပြင်ဆင်ရန်]
-
Jasminum auriculatum at Talakona forest, in Chittoor District of Andhra Pradesh, India.
-
Jasminum auriculatum at Talakona forest, in Chittoor District of Andhra Pradesh, India.
-
Jasmine bud in Chennai. This variety produces large flowers, but too few to be commercially viable.
-
Jasminum sambac flowers harvested for Malligai - Raama Baanam