စပင်းနစ်ဆဟာရ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စပင်းနစ်ဆဟာရ[ပြင်​ဆင်​ရန်​]

စပင်းနစ် ဆဟာရ ဒေသသည် အာဖရိကတိုက် အနောက်မြောက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် မိုရော့ကိုနိုင်ငံ၊ အရှေ့ဘက်တွင် အယ်လဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် မော်ရီတေးနီးယားနိုင်ငံနှင့် အနောက် ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာတို့ဝန်းရံတည်ရှိသည်။

မြောက်ပိုင်းတွင် ဆဂီယက်အယ်ဟမ်မရာနယ်နှင့် တောင်ပိုင်းတွင် ရီယိုထာအိုရိုနယ် နှစ်ခုပါဝင်သည်။ ယင်းဒေသ တစ်ခုလုံးနီးပါးသည် သဲကန္တာရနှင့် သဲကန္တရဆန်သော မြေများဖြစ်သည်။ ပူပြင်းခြောက်သွေ့ သော ရာသီဥတုကြောင့် စိုက်ပျိုးရေး ညံ့သည်။ ဆယ့်နှစ်ရာသီစီးဆင်းသော မြစ်ချောင်းများမရှိ၊ ၁ဝ၂၇ဝ၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၉၁ဝဝဝ ရှိသည်။ အများစုမှာ အိုးအိမ် အတည် တကျ မနေဘဲ သိုးကျောင်းဆိတ်မွေးရင်း လှည့်လည်သွားလာ နေထိုင်ကြသည်။ မြို့တော်မှာ အယ်အေယွန်မြို့ ဖြစ်သည်။

စပင်းနစ်ဆဟာရဒေသတွင် မုယောနှင့် ဖူးစားပြောင်း ကိုသာ အနည်းငယ် စိုက်ပျိုးသည်။ များသောအားဖြင့် သိုး၊ ဆိတ်နှင့် ကုလားအုပ်များကို မွေးမြူကြသည်။ ၁၉၆၅ ခုနှစ် နောက်ပိုင်းတွင် ငါးဖမ်းလုပ်ငန်းသည် စီးပွားရေး၌ အရေး ပါသော လုပ်ငန်းဖြစ်လာသည်။ ပြည်ပသို့ ငါးခြောက်နှင့် ငါးထွက်ပစ္စည်းများကို အများဆုံး တင်ပို့သည်။

ဆန်ဟာ ဂျာဗာဗာ လူမျိုးစုများသည် အလယ် ခေတ်အချိန်က စပင်းနစ်ဆဟာရဒေသတွင် နေထိုင်ကြသည်။ နောက်ပိုင်းတွင် အာရပ်ဘာသာစကားပြော ဗီဒိုအင်များ လွှမ်းမိုးသွားသည်။ ၁၅ ရာစုတွင် အဆိုပါ ဒေသသို့ ဥရောပတိုက်သားများ ရောက်ရှိလာခဲ့ကြသည်။

၁၉၆၆ ခုနှစ်တွင် အနောက်ဆာဟာရဒေသသည် စပိန်အစောင့်အရှောက်ခံ နယ်မြေများ ဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် စပင်းနစ်ဆဟာရကို စပိန်နိုင်ငံ၏ ပင်လယ်ရပ်ခြား ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်နယ်ဘုရင်ခံဖြင့် အုပ်ချုပ်ခဲ့သည်။

ကမ္ဘာ့အကြွယ်ဝဆုံးသော ဖော့စဖိတ် သတ္တုသိုက်များ ရှိသည်။ ၁၉၆၃ ခုနှစ်၌ ဗူကရားအရပ်တွင် ဖော့စဖိတ်သတ္တု သိုက်များ စတင်တွေ့ရှိခဲ့သည်။ ဖော့စဖိတ်သတ္တု ထုတ်လုပ် မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်။ မိုရော့ကို နိုင်ငံသည် ကမ္ဘာတွင် ဖော့စဖိတ်သတ္တု အကြီးအကျယ် ထုတ်လုပ်သော နိုင်ငံဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့ဈေးကွက် တွင် ဖော့စဖိတ်သတ္တု ရောင်းချမှု၌ အပြိုင်ဖြစ်လာနိုင်သော စပင်းနစ် ဆဟာရကို ချုပ်ကိုင်ထားလိုသည်။ ၁၉၅၆ ခုနှစ် မိုရော့ကိုနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ စပင်းနစ်ဆဟာရကို ပိုင်ဆိုင်လိုကြောင်း အရေးဆိုသည်။ အလယ်ခေတ်ကပင် စပင်းနစ်ဆဟာရကိုမိုရော့ကို ကပိုင်ခဲ့သည်ဟု အကြောင်း ပြသည်။ မော်ရီတေးနီးယား နိုင်ငံကလည်း စပင်းနစ်ဆဟာရ တောင်ပိုင်းနယ်တွင် နေထိုင်ကြသူများသည်မော် ရီတေးနီးယား နိုင်ငံ၏ လူမျိုးစုများနှင့် မျိုးနွယ်တူကြောင်း အကြောင်းပြ၍ ထိုနယ်ကို ပိုင်ဆိုင်လိုကြောင်း ၁၉၆၄ ခုနှစ်တွင် တောင်း ဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် စပင်းနစ်ဆဟာရ ဒေသနေလူက အနာဂတ်အရေးကို အဆုံးအဖြတ် ပေးနိုင် ရေးအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို ကျင်းပရန် စပိန်၊ မိုရော့ကိုနှင့် မော်ရီတေးနီးယားနိုင်ငံတို့ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ သို့သော် အကောင်အထည် မပေါ်ခဲ့ချေ။

အယ်လဂျီးရီးယားနိုင်ငံကမူ ယင်းဒေသကို သီးခြားလွတ်လပ် သော နိုင်ငံအဖြစ် ရှိစေလိုကြောင်း ကြေငြာသည်။ ၂၈ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကလည်း စပင်းနစ် ဆဟာရ လွတ်လပ်ရေးအတွက် တောင်းဆိုပြီး ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပေးရန် စပိန်နိုင်ငံအား တိုက်တွန်းခဲ့သည်။

စပိန်နိုင်ငံသည် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ် ချက်အရ ၁၉၇၅ ခုနှစ် ပထမနှစ်ဝက်၌ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သို့ရာတွင် စပင်းနစ်ဆဟာရ အရေးနှင့်ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ထင်မြင်ယူဆချက်ကို ရရှိသည်အထိ ဆိုင်းငံ့ထားရန် ကုလ သမဂ္ဂအထွေထွေညီလာခံက တောင်းဆိုသဖြင့် ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပရေးကို ရွှေ့ဆိုင်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးက မိုရော့ကိုနိုင်ငံနှင့် မော်ရီတေးနီးယား နိုင်ငံတို့သည် ကိုလိုနီမဖြစ်မီက ဆဟာရ ဒေသနေ လူမျိုးစုများနှင့် တရားဝင် ကူးလူးဆက်ဆံမှု ရှိခဲ့သော်လည်း နယ်မြေပိုင်ဆိုင်အုပ်ချုပ်ခြင်း မရှိခဲ့ကြောင်းကို ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ယူဆချက် ပေးခဲ့သည်။ သို့ဖြစ်၍နိုဝင်ဘာလ ၆ ရက်နေ့တွင် မိုရော့ကို နိုင်ငံမှ လက်နက်ကိုင်ဆောင်ခြင်း မပြုသော လူပေါင်း ၃၅ဝ,ဝဝဝ တို့သည် စပင်းနစ်ဆဟာရ ဒေသသို့ ချီတက်ပွဲ ပြုလုပ်ကြသည်။

လူထုချီတက်ပွဲ ပြီးဆုံးသွားပြီးနောက် စပိန်၊ မိုရော့ကိုနှင့် မော်ရီတေးနီးယား နိုင်ငံတို့သည် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့၌ ဆွေးနွေးပွဲ ပြုလုပ်သည်။ ဆွေးနွေးပြီးနောက် စပိန်နိုင်ငံသည် ၁၉၇၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် စပင်းနစ်ဆဟာရကို မိုရော့ကိုနိုင်ငံနှင့် မော်ရီတေးနီးယား နှစ်နိုင်ငံသို့ လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ စပိန်သံအမတ်ကြီး က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကြေငြာခဲ့သည်။

စပင်းနစ်ဆဟာရ လွတ်လပ်ရေးကို လိုလားသော ပိုလစ်စာရီယိုတပ်ဦးကိုယ်စားလှယ် အမင်ဗာဆာက လွတ်လပ် ရေးမပေးပါက အကြမ်းဖက်မည့် အနေမျိုး ထုတ်ဖော် ပြောဆိုသည်။ သုံးနိုင်ငံ သဘောတူညီချက်အရ ယင်းဒေသတွင် စပိန်အုပ်ချုပ်ရေးသည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အထိ ရှိနေရမည် ဖြစ်သော်လည်း မိုရော့ကို တပ်များသည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြို့တော် အယ်အေယွန်သို့ ဝင်လာခဲ့သည်။ မော်ရီတေး နီးယားတပ်များကလည်း စပင်းနစ်ဆဟာရအတွင်း ဝင်လာပြန်သည်။ မိုရော့ကိုနှင့် မော်ရီတေးနီးယားတပ်များသည် နယ်မြေဒေသ အတော် များများကို သိမ်းပိုက်ခဲ့သည်။ မက်ဒရစ် သဘောတူညီချက် အရ စပိန်နိုင်ငံသည် ယင်းဒေသကို မိုရော့ကိုနှင့် မော်ရီတေး နီးယားနိုင်ငံသို့ လွှဲပြောင်းပေးရမည် ဖြစ်သော်လည်း လွတ်မြောက်ရေးတပ်ဦး ပီအက်ဖအယ်နှင့် ပိုလစ်ဆာရီယို အဖွဲ့က ဖေဖေါ်ဝါရီ ၂၇-၂၈ ရက်တွင် ယင်းဒေသကို ဆဟာရအာရပ် ဒီမိုကရက်တစ် သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့လေသည်။

ရာဗတ်မြို့တွင် ဧပြီလ ၁၄ ရက်နေ့က မိုရော့ကို နိုင်ငံခြားရေးဝန်ကြီးနှင့် မော်ရီတေးနီးယား နိုင်ငံခြားရေး ဝန်ကြီးတို့သည် အနောက်ဆဟာရနယ်ခြား သတ်မှတ်ရေး အတွက် စည်းဝေးပြီး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ မော်ရီတေးနီးယားနိုင်ငံသည် နယ်မြေ၏ သုံးပုံတစ်ပုံထက် နည်း၍ရရှိသည်။ ဗူကားရ်ဖော့စဖိတ် သတ္တုသိုက် ပါဝင်သော စပင်းနစ်ဆဟာရ၏ သုံးပုံနှစ်ပုံ သည် မိုရော့ကိုနယ်မြေတွင် ပါဝင်သွားသည်။ ပိုလစ်ဆာရီယို ပြောက်ကျားတပ်များက မိုရော့ကိုနိုင်ငံကိုလည်း ၁၉၇၆ ခု အတွင်းက တိုက်ခိုက်သည်။ မော်ရီတေးနီးယားနိုင်ငံကိုလည်း ၁၉၇၇ ခုနှစ်အတွင်းက တိုက်ခိုက်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)