စန်းယု၊ ဦး (နိုင်ငံတော်သမ္မတ)
မာတိကာ |
ဗိုလ်ချုပ်ကြီးစန်းယု(၁၉၁၈-၁၉၉၆) [ပြင်ဆင်ရန်]
ဦးစန်းယုသည် ပြည်ထောင်မြန်မာနိုင်ငံ၏ သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက် ၁၉၈၁ မှ ဇူလိုင်လ ၂၇ ရက် ၁၉၈၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ငယ်ဘဝ [ပြင်ဆင်ရန်]
နိုင်ငံတော်ကောင်စီဥက္ကဌ(အငြိမ်းစား)၊ နိုင်ငံတော်သမ္မတ (အငြိမ်းစား)နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယု (အငြိမ်းစား) အား မတ်လ ၃ ရက် ၁၉၁၈ ခုနှစ်တွင် ပြည်ခရိုင်၊ သဲကုန်းမြို့၌ အဖ ဦးစံဖေ၊ အမိဒေါ်ရွှေလဲ့တို့မှ မွေးဖွားခဲ့သည်။ ဦးစန်းယုကို ဖွားမြင်ပြီးနောက် မိခင် ကွယ်လွန်သွားခဲ့သည်။ ဖခင်သည် ဘီ-အို-စီ ဌာနတွင် အမှုထမ်းဆောင်ခဲ့ပြီး နောက်အိမ်ထောင်ပြု ခဲ့သည်။ ဦးစန်းယုသည် ဒေါ်ရွှေလဲ့၏မိခင်ဖြစ်သူ အဘွားနှင့်အတူ ငါးနှစ်အရွယ်အထိ နေထိုင်ပြီးနောက် ရွှေတောင်မြို့တွင် နေထိုင်သည့် ဖခင်ထံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်ကရွှေတောင်မြို့နှင့် ပြည်မြို့ရှိ အမျိုးသားကျောင်းနှင့် အစိုးရကျောင်း များတွင်ပညာသင်ယူသည်။ ကျောင်းနေစဉ် သပိတ်မှောက်လုပ်ငန်းများ၌ တက်ကြွစွာပါဝင်လှုပ်ရှားခြင်းကြောင့် အခြားကျောင်းသားများနှင့်အတူ တစ်နေ့တာအဖမ်းခံရသည်။ ဆယ်တန်းကို ရွှေတောင်မြို့မှ အောင်မြင်ပြီး ၁၉၄၂ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ ဆေးကျောင်းတွင် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနှင့် ကျောင်းသားသပိတ်၌ ပါဝင်ဆောင်ရွက်ခဲ့သည်။
တပ်မတော်သို့ ဝင်ရောက်ခြင်း [ပြင်ဆင်ရန်]
ဦစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီ-အိုင်-အေ)သို့ ပြည်မြို့မှဝင် ရောက်သည်။ ဂျပန်စစ်အရာရှိများ သင်ကြားပေးသည့် အခြေခံစစ်ပညာ သင်တန်းများ တက်ရောက်ပြီးနောက် ဒုဗိုလ်အဖြစ်ခန့်အပ်ခြင်း ခံရသည်။ ဧရာဝတီမြစ်ကြောင်းမှဗန်းမော်အထိ စစ်ကြောင်းချီ တက်ရာတွင်ပါဝင်ပြီး မန္တလေးတွင် တပ်များစုရုံးသည်။ တော်လှန်ရေး မတိုင်မီကပင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ) တပ်ရင်း ၂ တွင်တပ်ရင်းမှုးအဖြစ်ခန့်အပ်ခြင်း ခံရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ချေမှုန်းတိုက်ခိုက်ရေးနှင့် အနောက်တိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးတာဝန်များထမ်းဆောင် သည်။ ပဲခူးရိုးမဘက် တိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးတွင် ရှေးဦးချီတပ်ရင်းကို ဦးဆောင်ပါဝင် တိုက်ခိုက်သည်။ ဖက်ဆစ် တော်လှန်ရေးပြီးဆုံး၍ မျိုးချစ်ဗမာ့ တပ်မတော် ဖျက်သိမ်းသည် အထိ တာဝန်ထမ်းဆောင်သည်။
ဦးစန်းယုသည် ၁၉၄၆ ခုနှစ်တွင် အမှတ် ၃ ဗမာ့ သေနတ်ကိုင်တပ်ရင်း၌ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးအဖြစ် တပ်မတော်တာဝန်ကို စတင်ထမ်းဆောင်သည်။ Junior Officer Course (J. O. C) နှင့် U E O S Course No. 4 တက်ရောက်ပြီးနောက် ဖျာပုံခရိုင်တွင်မငြိမ်မသက်ဖြစ်၍ နှိမ်နင်း ရေး တာဝန်ယူရသည်။
ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင်ပါဝင်သည်။ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်း ဒေသ တိုက်ပွဲ၊ ဝက်ကော် တိုက်ပွဲ၊ အင်းစိန်တိုက်ပွဲ၊ ပဲခူး၊ ဒိုက်ဦးစစ်မျက်နှာများမှ တစ်ဆင့် တောင်ကြီး စစ်မျက်နှာ အထိပါဝင်တိုက်ခိုက်ခဲ့သည်။ ဦးစန်းယုသည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် ဒုတိယတပ်ခွဲမှူး၊ တပ်ခွဲမှူးတာဝန်များကိုလည်း ကောင်း၊ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မှူးအဆငြ့်ဖင့် ဒုတိယတပ်ရင်းမှူး တာဝန်ကို လည်းကောင်း အမှတ် ၃ ဗမာ့သေနတ်ကိုင် တပ်ရင်း ၌ပင် ဆက်လက်ထမ်းဆောင်သည်။ ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလ တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်သို့တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး အမှတ် ၁ အရေးပေါ် ကယားသေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ကလောတွင် အခြေစိုက်ပြီး ကလော၊ မိတ္ထီလာနှင့်လွိုင်ကော် ဒေသများကို တာဝန်ယူရသည်။ မကွေးသို့တပ်ရင်းပြောင်းပြီး တောင်တွင်းကြီးအား ရန်သူလက်မှ ပြန်လည် သိမ်းပိုက်ရာတွင် ပါဝင်သည်။ ၁၉၅ဝ ပြည့်နှစ်တွင် မင်္ဂလာဒုံ၌ စစ်ဦးစီးတက္ကသိုလ် သင်တန်းအမှတ်စဉ် ၃ တက်နေ စဉ် စစ်ရုံးက ပြန်လည်ခေါ်ယူပြီး အမှတ် ၂ အရေးပေါ် ချင်း သေနတ်ကိုင် တပ်ရင်း၌ တပ်မှူးအဖြစ် တာဝန်ပေးအပ်သည်။ တပ်ရင်းမှူးတာဝန်အပြင် စစ်တွေမြို့နယ် တပ်မှူးတာဝန်ကိုလည်း ထမ်းဆောင်သည်။
ဦးစန်းယုသည် ၁၉၅၁ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ယာယီလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဇွန်လတွင် အမှတ် ၂၁ ခြေလျင်တပ်ရင်း တပ်ရင်းမှူးတာဝန်ကို ပူးတွဲထမ်းဆောင် သည်။ ၁၉၅၂ ခုနှစ်၊ ဇူလိုင်လတွင် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်၌ လက်ထောက်စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေး အပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ရာထူးခန့် ချုပ်ရုံး စစ်ရာထူးခန့် အတွင်းဝန်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလတွင်ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ၁၉၆၁ ခုနှစ်၊ ဩဂုတ် လတွင် တိုင်းမှူးတာဝန်အပြင် တပ်မဟာ ၁ တပ်မဟာမှူး အဖြစ် လည်းကောင်း၊ အောက်တိုဘာလတွင် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင် သည်။ တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ဗကကများ၊ တန့်ယန်းနယ်မြေ ဆူပူသောင်းကျန်းမှုများ၊ ကချင်ပြည်နယ် လှုပ်ရှား မှုများနှင့် တရုတ်ဖြူလှုပ်ရှားမှုများကို တိုက်ခိုက် ချေမှုန်းသည်။
ဦးစန်းယုသည် ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ကြည်း) အဖြစ်တိုးမြှင့် ခန့်အပ် ခြင်းခံရသည်။ ၁၉၇၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ အငြိမ်းစားယူသည်။
နိုင်ငံရေးဘဝ [ပြင်ဆင်ရန်]
ဦးစန်းယုသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တော်လှန် ရေးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဌာနတာဝန်ခံ (ဝန်ကြီး) အဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် မူလတာဝန်များ အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်ဇူလိုင်လ ၉ ရက်နေ့တွင်တော်လှန်ရေး ကောင်စီကို အသစ်ပြန်လည် ဖွဲ့စည်းရာ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ ဖွဲ့စည်းရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနဝန်ကြီး အဖြစ် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် မူလတာဝန်များအပြင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။
ဦးစန်းယုသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းကမ်းထိန်း သိမ်းရေး ကော်မတီ၌အဖွဲ့ဝင်အဖြစ်ဆောင်ရွက်သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၄ ခုနှစ်၊ ဩဂုတ် လတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီ လတွင်ပါတီစည်းရုံး ရေး ဗဟိုကော်မတီကို တိုးချဲ့ဖွဲ့စည်းရာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုရှယ်လစ် စီးပွားရေး စီမံကိန်းကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ၁၉၇၁ ခုနှစ်၊မတ်လတွင် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်း ကော်မတီကို ပြန်လည်ဖွဲ့စည်းရာဒုတိ ယဥက္ကဌအဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းသောအဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်ဥက္ကဌ အဖြစ်လည်းကောင်း၊ ပြည်သူများ၏ ဆန္ဒသဘောထားနှင့် အကြံ ပေးချက်များ ရယူရေး အဖွဲ့ခွဲ ၅ ကချင်ပြည်နယ်)၊ အဖွဲ့ခွဲ ၁၂ (မန္တလေးတိုင်း)၊ အဖွဲ့ခွဲ ၁၅ (ရန်ကုန်တိုင်း) တို့တွင် အဖွဲ့ခွဲ ခေါင်းဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လတွင် တပ်မတော် ပါတီကော်မတီ ဥက္ကဌအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။
ဦးစန်းယုသည် ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီ ညီလာခံ၊ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၁၉၇၇ ခုနှစ် တတိယအကြိမ် ပါတီညီလာခံနှင့် ၁၉၇၇ ခုနှစ် အရေးပေါ် ပါတီညီလာခံတို့တွင် ပါတီဗဟို ကော်မတီဝင်နှင့် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၈၁ ခုနှစ် စတုšအကြိမ် ပါတီညီလာခံတွင် ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဌအဖြစ် ရွေးချယ်တာဝန် ပေးအပ်ခံ ရသည်။ ၁၉၈၅ ခုနှစ် ပဉ္စမ အကြိမ်ပါတီညီလာခံ တွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီ နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဌအဖြစ်မှ အနားယူသည်။
ဦးစန်းယုသည် ၁၉၇၄ ခုနှစ် ပထမအကြိမ်ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေး ချယ်တင် မြှောက်ပွဲ၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီးသက် ဆိုင်ရာပြည်သူလွှတ်တော် ပထမ အစည်းအဝေးများက နိုင်ငံတော်ကောင်စီ အတွင်းရေးမှုးအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် တတိယ အကြိမ် ပြည်သူလွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေး ချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော် ကောင်စီ ဥက္ကဌနှင့် နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်သည်။ ၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးက နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့် နိုင်ငံတော် သမ္မတအဖြစ် ထပ်မံရွေးချယ် တင်မြှောက် သည်။ ၁၉၈၈ ခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့် နိုင်ငံတော် သမ္မတအဖြစ်မှ အငြိမ်းစားယူသည်။
ဦးစန်းယုသည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးသည့် စစ်မစ်ရှင် အဖွဲ့၏ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ၁၉၅၄-၅၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ Command and General Staff College Course တစ်နှစ်သင်တန်း တက်ရောက် သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံသို့ နှစ်ကြိမ်သွားရောက်၍ တရုတ်-မြန်မာ နယ်ခြားကိစ္စ ဆောင်ရွက် သည်။ ချစ်ကြည်ရေးခရီးအဖြစ် ၁၉၈၄ ခုနှစ် ဇွန်လတွင် ဂျပန် နိုင်ငံနှင့် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၆ ခု နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သို့လည်းကောင်း၊ ၁၉၈၇ ခုဇူလိုင်လတွင် ဂျပန်နိုင်ငံနှင့် အောက်တိုဘာလတွင် ရူမေးနီယားနိုင်ငံ၊ ယူဂိုဆ လားဗီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ သွားရောက်သည်။ ဦးစန်းယုသည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်း၊ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်ကချီးမြှင့်သော အရေး တော်ပုံတံဆိပ်၊ လွတ် လပ်ရေးစည်းရုံးမှုတံဆိပ်၊ လွတ်မြောက် ပေးတံဆိပ်၊ လွတ်လပ်ရေးတံဆိပ်၊ စတားတံဆိပ်၊ ဘားမားစတား တံဆိပ်၊ ကမ္ဘာစစ်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်ပ ရန်နှိမ်တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ သီရိပျံချီဘွဲ့၊ သရေစည်သူဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကို ရရှိသည်။
ဂုဏ်ပြုချီးကျူးခံရခြင်း [ပြင်ဆင်ရန်]
ဦးစန်းယုသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်း၊ နိုင်ငံတော်ကပေးအပ်သည့်တာဝန်များကို ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်က ချီးမြှင့်သော အရေးတော်ပုံတံဆိပ်၊ လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေး တံဆိပ်၊ စတားတံဆိပ်၊ ဘားမားစတားတံဆိပ်၊ ကမ္ဘာစစ်တံဆိပ်၊ စစ် မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်ပရန်နှိမ် တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ သီရိပျံချီဘွဲ့၊ သရေစည်သူဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) တို့ကို ရရှိခဲ့သည်။
မိသားစုဘဝ [ပြင်ဆင်ရန်]
ဦးစန်းယုသည် ၁၉၄ရ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့နေ ပညာမင်းကြီး၏ အပါးတော်မြဲ ဦးရှိန်ဝှက်နှင့် ဒေါ်သန်းရွှေတို့၏ သမီး၊ အင်းစိန်အစိုးရကျောင်း ကျောင်း ဆရာမ ဒေါ်သန်းရှိန်နှင့် လက်ထပ် ခဲ့သည်။ သမီးလေးဦး ထွန်းကား၍ သမီးများမှာ ဒေါ်လဲ့လဲ့ယု၊ ဒေါ်ခင်ဆွေယု၊ ဒေါ်အေးသန်းယု၊ ဒေါ်စောယုမွန် တို့ဖြစ်ကြသည်။ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင် ရွက်ခဲ့ပြီး နိုင်ငံ့တာဝန်များကို ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်ကောင်စီဥက္ကဌ (အငြိမ်းစား)၊ နိုင်ငံတော်သမ္မတ (အငြိမ်း စား)နှင့် ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား) ဦးစန်းယုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၈ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် ဇနီးဒေါ်သန်းရှိန်နှင့် သမီးလေးဦး၊ မြေးခြောက်ဦး ကျန်ရစ်သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၇)
|
|||||||||