ရစ်ချတ် စတီး

ဝီကီပီးဒီးယား မှ
(စတီးဆာရစ်ချတ် မှ ပြန်ညွှန်းထားသည်)
Richard Steele
ဆာရစ်ချက်စတီး၏ ပုံတူ
ဆာရစ်ချက်စတီး၏ ပုံတူ
မွေးဖွား(1672-03-12)၁၂ မတ်၊ ၁၆၇၂
ဒပ်ဗလင်မြို့၊ အိုင်ယာလန်
ကွယ်လွန်၁ စက်တင်ဘာ၊ ၁၇၂၉(1729-09-01) (အသက် ၅၇)
ကာမာသန်မြို့၊ ဝေလနယ်
နိုင်ငံလူမျိုးဗြိတိသျှ
မိခင်ကျောင်းChrist Church, Oxford
Merton College, Oxford
အလုပ်အကိုင်စာရေးဆရာနှင့် နိုင်ငံရေးသမား
ကျော်ကြားမှုအရင်းခံThe Spectator တည်ထောင်သူ

ဆာ ရစ်ချတ် စတီး (အင်္ဂလိပ်: Sir Richard Steele; ၁၂ မတ် ၁၆၇၂ – ၁ စက်တင်ဘာ ၁၇၂၉) သည် အိုင်းရစ်လူမျိုး စာရေးဆရာနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ စတီးသည် စာမွန်စာပေများ ရေးသားသူအဖြစ်သာမက ပြဇာတ်များကိုရေးသားသူ အဖြစ်ဖြင့်လည်းကောင်း၊ နိုင်ငံရေးသမား အဖြစ်ဖြင့်လည်းကောင်း၊ ကျော်စောသော အိုင်းရစ် အမျိုးသားတစ်ဦး ဖြစ်သည်။

စတီးသည် ၁၆၇၂ ခုနှစ် မတ်လတွင် အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့၌ မွေးဖွား၍ ၁၇၂၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ ဝေလနယ် ကာမာသန်မြို့အနီး တွင် ကွယ်လွန်လေသည်။ မိမိနှင့်သက်တူရွယ်တူဖြစ်သော ဂျိုးဇတ်အက်ဒီဆန်နှင့်အတူ ချာတာဟောက်ကျောင်းနှင့် အောက်စဖို့ တက္ကသိုလ်တို့တွင် စာသင်ခဲ့လေသည်။ သို့သော် တက္ကသိုလ်၌ ဒီဂရီရပြီးသည်အထိ မနေဘဲ စစ်ထဲသို့ ဝင်ခဲ့ရာ၊ ကက်ပတိန်ရာထူးအထိ ရောက်ရှိခဲ့သည်။ ၁၇ဝ၇ ခုနှစ်မှ ၁၇၁ဝခုနှစ် အတွင်း၌မူ သတင်းပြန်ကြားဖြန့်ချိရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ပါလီမန်အမတ်ဖြစ်လာခဲ့သည်။ သို့သော် 'ကရိုက်ဆစ်' သတင်းစာတွင် သူတစ်ပါးအား အသရေပျက်စေသော ရေးသားမှုကြောင့် ပါလီမန်အမတ်အဖြစ်မှ ထုတ်ပယ်ခြင်း ခံရလေသည်။ ထို့ပြင် စတီးသည် စိတ်ဓာတ်ပြင်းထန်လှသော ဝှစ် ပါတီဝင်တစ်ယောက် ဖြစ်ရကား ၁၇၁ဝ ပြည့်နှစ်၌ တိုရီပါတီဝင်များ အာဏာရလာသောအခါတွင် သတင်းပြန်ကြား ဖြန့်ချိရေးရာထူးကို စွန့်လွတ်လိုက်ရလေသည်။ စတီးသည် ပထမဂျော့ဘုရင်လက်ထက်၌ ရာထူးအမျိုးမျိုးတွင် ထမ်းရွက်ခဲ့ပြီးလျှင် ၁၇၁၅ ခုနှစ်တွင် ဆာဘွဲ့ဖြင့် ချီးမြှင့်သူကောင်းပြုခြင်း ခံခဲ့ရသည်။ သူသည် နာမည်ကျော် ကစ်ကက်ကလပ်၏ အသင်းသားတစ်ယောက်ဖြစ်ပြီးလျှင်၊ ၁၇ဝ၇ ခုနှစ်တွင် ကမ္ဘာကျော် စာရေးဆရာကြီးဂျိုနသန်ဆွစ်နှင့် ပထမဆုံး စတင်သိကျွမ်းခဲ့သည်ဟု အဆိုရှိသည်။

သို့သော် ၁၇၁ဝ ပြည့်နှစ်တွင် ယင်းတို့နှစ်ဦး၏ ရင်းနှီးခင်မင်မှု ပျက်ပြယ်သွားသည့်ပြင် စတီးသည် ငယ်သူငယ်ချင်း ရောင်းရင်းဖက်ဖြစ်သူ အက်ဒီဆန် နှင့်လည်း ၁၇၁၉ ခုနှစ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့လေသည်။

၁၇ဝ၉ ခုနှစ်မှ ၁၇၁၁ ခုနှစ် အတွင်းတွင် စတီးသည် 'တက်တလာ'ခေါ် သတင်းစာကို 'အိုက်ဇပ်ဗစ်ကာစတပ်' ဟူသော နာမည်ဖြင့် စတင် တည်ထောင် ထုတ်ဝေခဲ့၍ ယင်းသတင်းစာအယ်ဒီတာ အဖြစ်ဖြင့်လည်း ဆောင်ရွက်ခဲ့သည်။ ထိုသတင်းစာအပြင် 'စပက်တေးတား' သတင်းစာတွင်လည်း စတီးသည် အက်ဒီဆန်မှအပ စာမွန်အများဆုံး ရေးသားခဲ့သူ ဖြစ်သည်။ ၁၇၁၃ ခုနှစ်တွင်မူ 'ဂါဒီယန်'ခေါ် သတင်းစာကို စတင်တည်ထောင်ထုတ်ဝေ၍ နက်စတာအိုင်းယန်းဆိုက်ဟူသော ကလောင် အမည်ဖြင့် စာမွန်များ အများဆုံးရေးသားခဲ့သည်။ ထိုနောက် တိုရီအစိုးရကို အတိုက်အခံပြုလုပ်ရန်အတွက် ၁၇၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော 'ပလီဗီးယန်း'ခေါ် နိုင်ငံရေးစာစောင် တွင်မူ စတီးသည် ဝန်ကြီးဆန်ဒါလန်၏ မှူးမတ် မျိုးနွယ်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သူ၏ ရောင်းရင်းဖက် အက်ဒီဆန်၏ အာဘော်ကို ဆန့်ကျင်ကာ ပြန်လှန်ချေပရေးသားခဲ့လေသည်။ စတီး၏ နောက်ဆုံး စွန့်စားထုတ်ဝေမှုကား ၁၇၂ဝ ပြည့်နှစ် ဇန္နဝါရီလမှ ဧပြီလ အထိ ထုတ်ဝေခဲ့သော 'သီယေတာ'ခေါ် စာစောင်ပင် ဖြစ်သည်။ ထိုအချိန်၌ စတီးသည် နာမည်ကျော် ဒရူရီလိန်းဇာတ်ရုံ၏အမည်ကို မူပိုင်ရရှိထား သူဖြစ်ခဲ့လေပြီ။ စတီးသည် စာမွန် အမြောက်အမြားကို ရေးသားခဲ့ပြီးလျှင် ၁၇၁၄ ခုနှစ်တွင် သူရေးသားခဲ့သမျှသော စာများကို အကြောင်းပြု၍'တောင်းပန်ခြင်း'ခေါ် စာတစ်ပုဒ် ရေးသားထုတ်ဝေခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)