စတာလင်ဂရက်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acap.svg ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်များကို ယနေ့ခေတ်ကာလ အချက်အလက်များဖြင့် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။
သင် တည်းဖြတ် နိုင်သည်။ လမ်းညွှန် ဖတ်ပါ။

ဗိုဂါဂရက်မြို့ကို စတာလင်ဂရက်မြို့ဟု ယခင်က ခေါ်ဆိုခဲ့ကြသည်။စတာလင်ဂရက်မြို့သည် ဆိုဗီယက် ရုရှနိုင်ငံရှိ စတာလင် ဂရက်နယ်၏ မြို့တော်ဖြစ်သည်။ ဗော်လဂါမြစ်၏ အနောက် ဘက်ကမ်းပေါ်တွင် တည်ရှိ၍ ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၁,၀၂၁,၂၄၄ ဦးရှိသည်၊ ထိုမြို့၏ မူလအမည်မှာ ဆာရယီဆင် ဖြစ်သော်လည်း ၁၉၁၈ ခုနှစ်၊ ရုရှ တော်လှန်ရေးဖြစ်ပွားစဉ် ထိုမြို့ကို ဇာဘုရင်၏ တပ်များ လက် သို့ မကျရောက်စေရန် စတာလင်သည် ရုရှတော်လှန်ရေးသမား ဗော်လရှီဗစ်တို့အား ခေါင်းဆောင်၍ ခုခံကာကွယ်သည်ကို အစွဲ ပြု၍ စတာလင်ဂရက်ဟု အမည်ပြောင်းခဲ့သည်။

တော်လှန်ရေးကြီးအပြီးတွင် ဘုရင်စနစ် ကျဆုံး သွား၍ ဆိုဗီယက်တို့၏ အုပ်ချုပ်ရေး စနစ်သစ်၌ ၁၉၂၂ ခုမှ ၁၉၄၂ ခုနှစ်အတွင်း စတာလင်ဂရက်မြို့သည် လယ်ထွန် စက် ကိရိယာများ၊ လော်ရီကားများ၊ တင့်ကားများ စသည်တို့ကို ထုတ်လုပ်ရာ စက်မှုလုပ်ငန်းမြို့ကြီးတစ်ခု အဖြစ်သို့ တစ်ဟုန် တည်း တိုးတက်ခဲ့၏။ ရေနံတွင်းများနှင့် သစ်စက်များကိုလည်း ထိုမြို့၌ အများအပြား တွေ့ရှိနိုင်ပေသည်။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ရုရှတို့သည် စတာလင်ဂရက် မြို့ကို အင်အားကြီးမားသော ဂျာမန်တပ်များ လက်တွင်းသို့ မကျရောက်စေရန် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် စတာလင် ဂရက်မြို့ တိုက်ပွဲမှာ ကမ္ဘာကျော်သော တိုက်ပွဲဖြစ်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ နွေဦးပေါက်စတွင် အင်အားကြီးမားသော ဂျာမန် တပ်တို့သည် ဗော်လဂါ မြစ်ကြောင်း ခရီးကို အပိုင်စီးရန် စတာလင်ဂရက်မြို့ကို ဝင်ရောက်တိုက်ခိုက်ကြ၏။ ဂျာမန်တို့၏ အမြောက်ဒဏ် ဗုံးဒဏ်တို့ကြောင့် စတာလင်ဂရက်မြို့မှာများစွာ ပျက်စီးခဲ့လေသည်။

ဂျာမန်တို့သည် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်ထိ ၆၆ ရက်တိုင်တိုင် စတာလင်ဂရက် မြို့တော်ကို ဝန်းရံသိမ်းပိုက်ထားနိုင်ခဲ့သည်။ သို့ရာတွင် ရုရှ စစ်တပ်က ရွပ်ရွပ်ချွံချွံ ခုခံ၍ စတာလင်ဂရက်မြို့ကို ပြန်လည် ထိုးစစ်ဆင်သည်တွင် ၁၉၄၃ ခုနှစ် ဖေဖွာရီလ ၂ ရက်နေ့၌ လူပေါင်း ၃၃ဝ,ဝဝဝ ပါဝင်သော ဂျာမန်စစ်တပ်ကို ထိုတပ်၏ စစ်သေနာပတိ ဖွန်ပေါလပ်နှင့်အတူ သုံ့ပန်းအဖြစ်နှင့် ဖမ်းဆီး ရမိလိုက်လေသည်။ ကမ္ဘာ့စစ် အခြေအနေမှာ ဤတိုက်ပွဲ၏ အရှုံးအနိုင်ပေါ်တွင် များစွာတည်ခဲ့၏။ ထိုကြောင့် ၁၉၄၄ ခုနှစ်၌ တဟီရန်းညီလာခံ ကျင်းပသောအခါ၊ ဗြိတိသျှနိုင်ငံ ဆဋ္ဌမဂျော့ဘုရင်သည် ရုရှနိုင်ငံဝန်ကြီးချုပ် စတာလင်အား ဗြိတိသျှလူမျိုးတို့၏ကိုယ်စား ရုရှလူမျိုးတို့အား အလေးပြုသော အထိမ်းအမှတ်ဖြင့် စတာလင်ဂရက် ဂုဏ်ထူးဆောင်ဓားမြှောင်ကို လက်ဆောင်အဖြစ် ပေးလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)