စဏ္ဍာလ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရင်းမြစ်[ပြင်​ဆင်​ရန်​]

စဏ္ဍာလမှာ ပါဠိစကားဖြစ်၍ အလုပ်ကြမ်းကို ပြုလုပ်သောသူဟု အနက်ထင်သည်။ ယင်းကို ဒွန်းစဏ္ဍားဟု မြန်မာမှုပြုကာ ခေါ်ဆိုကြ၏။ စဏ္ဍာလ၏ ဇာစ်မြစ်ကို ရှာဖွေရာ၊ ဝိနည်းတော်ဘိက္ခုပါစိတ်၊ မုသာဝါဒဝဂ္ဂ၊ ဩမသဝါဒ သိက္ခာပုဒ်တွင် အမျိုးမြတ်အမျိုးညံ့ကို ခွဲခြားရာ၌ အမျိုးညံ့တွင် စဏ္ဍာလကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရ၏။ ထို့ကြောင့် စဏ္ဍာလသည် မြတ်စွာဘုရားသခင်လက်ထက်တော်၌ပင် ရှိနေသည်ဟု ယူဆရသည်။

အမျိုးအစား[ပြင်​ဆင်​ရန်​]

ကျောက်စာဝန် တော်စိန်ခို၏ မှတ်တမ်းနှင့် ယုဒသန်အဘိဓာန်တွင် စဏ္ဍာလကို (၁) ပြည်တန်ဆာတစို့၊ (၂) သွေးမစွမ်း တစို့၊ (၃) သူတောင်းစားများတစို့၊ ၉၄) သူကောင်ထမ်းမြေမြှုပ် သုဘရာဇာ တစို့ဟူ၍ ၄ စို့ခွဲကာ ပြသထားသည်။ သို့သော် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာကျမ်းတွင် 'စဏ္ဍာလငါး၊ အစို့များက'ဟူ၍ စဏ္ဍာလငါးစို့ ရှိကြောင်းကို ၎င်း၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းတွင်လည်း စဏ္ဍာလ ငါးစို့ ရှိကြောင်းကို၎င်း၊ ဖော်ပြထားသည်ကိုတွေ့ရ၏။

ထို စဏ္ဍာလ ငါးစို့မှာ (၁) စပ်၊ (၂) အမွှမ်း၊ (၃) သူကောင်ထမ်း၊ (၄) တွင်းတူး၊ (၅) သင်္ဂြိုဟ်ကိုင်တို့ဖြစ်ကြသည်။ ယင်းငါးစို့၌ စပ်ဆိုသည်မှာ လူသေအလောင်း ထည့်သော ခေါင်းပျဉ်၊ ကျင်ပု၊ ခုံ၊ ဇာတာအိမ်၊ တစ်လား၊ စမြင်းတိုင် အလောင်းစင်၊ ဗိတာန် ကြာကလပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စသော အထည်ကိုယ် ဝါးသစ်သားများကို လုပ်ရသော သူကိုခေါ်၏။ အမွှမ်းဆိုသည်မှာ လူသေအလောင်းစင်စသည်တို့ လုပ်ထားသော သစ်သား၊ ဝါး၊ အထည်ကိုယ်များတွင် ဆင်ယင်ရန် ပိုးဖဲ၊ ဗုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက်၊ ကျောက်စီ၊ သတောင်းလည်ကြာဆံ ကြာရပ် စသည်များကို အဆင့်အတန်း စာတမ်းထွက်နှင့်အညီ လှပအောင် လုပ်ဆာင်ရသောသူဖြစ်သည်။ သူကောင်ထမ်း ဆိုသည်မှာ လူသေကောင် မသာလောင်း ရွှေ့ပြောင်းခြင်းနှင့် စပ်သမျှ လုပ်ဆောင်ရသောသူဖြစ်သည်။ တွင်းတူးဆိုသည်မှာ လူသေကောင်ကိုသော်၎င်း၊ အရိုးကိုသော်၎င်း၊ မြှုပ်ရန်တွင်းတူးသည့်အလုပ်နှင့် စပ်သမျှကို လုပ်ဆောင်ရသော သူဖြစ်သည်။ သင်္ဂြိုဟ်ကိုင်ဆိုသည်မှာ လူသေအလောင်းကို မြေမြှုပ်သောအခါ၊ မီးရှို့သောအခါ၊ တံစူးဝါး (တစ်နည်း) တံရှူးဝါးများနှင့် ကိုင် တွယ်မြေမြှုပ်မီးဖုတ်သော အလုပ်၊ အရိုးကောက် အရိုးမြှုပ် အရိုးမျှော အလုပ်ကို လုပ်ရသောသူဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ထိုငါးမျိုးသော စဏ္ဍာလတို့သည် မြန်မာမင်းအဆက်ဆက် မှစ၍ တည်လျက်ရှိသည်။ မြန်မာမင်းများ လက်ထက်က စဏ္ဍာလများကို အရွတ်ဝန်က အုပ်ချုပ်ရ၏။ စဏ္ဍာလများထံမှရရှိသော အခွန်အကောက်များ ကိုမူ အရွတ်ဝန်ထံတွင် သိမ်းဆည်း အပ်နှံထားကြရ၏။ ထိုစဏ္ဍာလတို့မှရသော အခွန်အကောက်များဖြင့် နိုင်ငံခြားဒေသများတို့မှ ရောက်လာကြသော သံတမန်များကို ကျွေးမွေးပြုစုရသည်။ ဤကိုရည်၍ မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်၊ ပုတ္တောဝါဒခန်းတွင် 'စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တစ်ပြည် တစ်စံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏'ဟူ၍ ဖော်ပြရေးစပ် မိန့်ဆိုထားလေသည်။

စဏ္ဍာလမှာ ရှေးမြန်မာမင်းများ၏ စီရင်မှုအရ ကျွန်သီးတော်စာရင်းဝင်များဖြစ်၏။ ကျွန်သီးတော် ခေါ်သောဘုရားကျွန်၊ ပဋကတ်ကျွန်၊ ကျောင်းကျွန်တို့ကိုအမြတ်စား၊အလတ်စား၊ အနိမ့်စား၊ အညံ့စားဟု ၄ ပါးပြားထားရာ၊ စဏ္ဍာလမှာ အညံ့စားအမျိုးတွင်ပါဝင်သည်။ အညံ့စားမျိုးတွင်ပါဝင်သော သူတို့မှာ (၁) ဝေဏု၊ ဝါးခုတ် ဝါးခွဲ နှီးထိုး ဖျာရက်စသည် တို့ကိုပြုလုပ်သောသူ၊ (၂) ရဋ္ဌသာရ၊ သစ်ရွေသမား ရထားလှည်းစသည် အလုပ်သမား၊ (၃) နေသာဒ၊ တံငါမုဆိုးမျိုး၊ (၄) ပက္ကုသ၊ ပန်းမှိုက်သွန် အညစ်အကြေး သုတ်သင်သောသူများနှင့် (၅) စဏ္ဍာလ၊ ဒွန်းစဏ္ဍားမျိုးများတို့ဖြစ်ကြ၏။

တန်းတူညီမှု[ပြင်​ဆင်​ရန်​]

သို့သော် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိသည့်အချိန် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော်ယာယီ သမ္မတကြီးက ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ လူ့အခွင့် အရေးများအရ၊ အောက်ပါအမိန့်ကို နိုင်ငံတစ်ဝှမ်းလုံးသို့ ထုတ်ပြန်ကြေညာခဲ့၏။

'ပြည်ထောင်စု မြန်မာပြည်သည် ယနေ့တွင် လွတ်လပ်သော မြန်မာနိုင်ငံတော်ဖြစ်သည်နှင့်အညီ၊ တစ်ဦးကို တစ်ဦး ကြောက်ရွံ့ခြင်း၊ တစ်ဦးကို တစ်ဦး နှိပ်စက်ခြင်းမှစ၍ မကောင်းသော အလေ့ဆိုးများကို လုံးဝပယ်ဖျောက်ပစ်ရန် ကျွန်ုပ်အစိုးရက ရည်ရွယ်သည်။ ရာဇဝင်တွင် ရှေးရှေးသောအခါကစ၍ ရှေးမင်းများ၏ အာဏာ စက်ကြောင့်၊ ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သင်္ချေစသည်တို့ကို ယနေ့မှစ၍ ရှေးအမင်းမင်းတို့၏ အာဏာစက်ကို ကျွန်ုပ်ပယ်ဖျက်၍၊ ထိုလူမျိုးတို့၏ သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံတို့ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြစေဟု ကျွန်ုပ်အမိန့်ချ မှတ်သည်။ ဤ ပြည်ထောင်စုမြန်မာနိုင်ငံတွင်ရှိသော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး အခွင့်အရေးချင်း တူညီကြစေ'။ ယင်းသို့ကြေညာခဲ့သည့်အတိုင်း မြန်မာနိုင်ငံအစိုးရသည် စဏ္ဍာလပပျောက်ရေး၊ သူတောင်းစားရိုးရာ ပပျောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)