စစ်ပွဲ

ဝီကီပီးဒီးယား မှ

စစ်ဆိုသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်သည် ကျယ်ဝန်းလှ၏။ လူအများနားလည်ကြသည်မှာ စစ်ဟူသည် လက်နက်စွဲကိုင်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက်ခြင်းဟူ၍ ဖြစ်သည်။ အဘိဓာန်ကျမ်းများ၌ တိုင်းပြည်အချင်းချင်း လက်နက်အားကိုးဖြင့် တိုက်ခိုက်ခြင်း၊ ပဋိပက္ခဖြစ်ခြင်းဟူ၍ ဖွင့်ဆိုထားပေသည်။ စစ်ပါရဂူကြီးများက စစ်ကို အနက်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြလေသည်။ အမှန်စင်စစ် စစ်၏အဓိပ္ပာယ်မှာ -

  1. နိုင်ငံရေး ရည်ရွယ်ချက်ပေါ်၌ အခြေပြုသော ပဋိပက္ခမျိုး ဖြစ်ခြင်း၊
  2. အဓမ္မအင်အား၊ စစ်လက်နက်အင်အားကို အသုံးချကာ တိုက်ခိုက်ကြသော ရန်ဘက်အုပ်စု (သို့) ရန်ဘက်နိုင်ငံများ ဖြစ်ခြင်း၊
  3. အရွယ်ပဏာမအားဖြင့်လည်း အများက နိုင်ငံရေးအုပ်စု တစ်ခုဟု သတ်မှတ်နိုင်လောက်သည့် အုပ်စု(သို့) နိုင်ငံများ၊
  4. ထိုပဋိပက္ခသည် အချိန်အားဖြင့် အတန်ကြာကြာ ဆက်လက်ဖြစ်ရခြင်း၊
  5. တိုက်ခိုက်သည့် ရည်ရွယ်ချက်အနေဖြင့်လည်း တစ်ဖက်ရန်သူအုပ်စုအား အပြီးသတ်၌ ၎င်းရန်ဖြစ်ရခြင်း ဟူ၍ ဖြစ်သည်။[၁]

စစ်ဆိုသည်မှာ တစ်နည်းနည်းနဲ့ ဖြစ်နေတဲ့ အဆက်မပြတ်နိုင်ငံရေး ဖြစ်သည်ဟု နားလည်နိုင် သည်။ နိုင်ငံတကာနိုင်ငံရေးတွင် စစ်ရေးပါဝါသည် သမာရိုးကျပုံစံအတိုင်းရှိသည်။ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း များသည် တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ကြသည်။ စစ်ရေးအင်အားသုံးကြသည်။ ထိုသို့အပြန်အလှန်လွှမ်းမိုးရန်အတွက် လုပ်ဆောင်ကြရင်း စစ်ပွဲများဖြစ်လာ ကြသည်။ မည်သည့်ခေတ်၊ မည်သည့် နယ်ပယ်တွင်ဖြစ်စေ၊ လူ့ယဉ်ကျေးမှုတွင် စစ်ရေးအင်အားသုံးခြင်း ကဲ့သို့သောအပြုအမူများကို တွေ့ရှိရသည်။ စစ်ပွဲများ ပေါ်ပေါက်လာခြင်းသည် လူ့ဗီဇအဟောင်းများ တန်ပြန်ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ လူသည် သဘာဝအရ ရန်လိုတတ်သော သဘောရှိသည်။ လူ၏အကြမ်းဖက်မှုပုံစံကို ကြည့်ခြင်းအားဖြင့် စစ်ပွဲများကို အတန်းအစားခွဲခြား သတ်မှတ်နိုင်သည်။

စစ်ဖြစ်ရသောအကြောင်းအရင်းများရှိသည်။ ငြိမ်းချမ်းရသောအကြောင်းအရင်းများရှိသည်။ စစ်ရေးပါဝါကို အပြည့်အဝ အသုံးချခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများသည် ဂလိုဘယ် နိုင်ငံရေးတွင် သိသာသောဆုတ်ယုတ်မှုများကို ပြသလာသည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်ရေး မဟာဗျူဟာများ နက်နဲလာသည်။ ပိုမိုသိမ်မွေ့လာသည်။ စစ်ရေးနည်းပညာများ ပိုမို တိုးတက်လာသည်။ စစ်ရေးနည်းပညာရပ် များ ပိုမို ကျယ်ပြန့်နက်နဲလာသည်။ ခေတ်ကာလကြာ မြင့်လာသည် နှင့်အမျှ ဖြစ်ပေါ်လာသော စစ်ရေးဘက် စွမ်းရည်များသည် ကြီးမားသောအလျင်အမြန်ဖြင့် ပြောင်းလဲလာသည်။ ရိုက်ဖက်သေနတ်နေရာတွင် စက်သေနတ်များ အစားထိုးလာသည်။ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် စစ်ဘက်သုံးလက်နက်များ အစွမ်းထက်မြက်လာခြင်းကို သယ်ဆောင်လာသည်။ ၂၀ ရာစုတွင်ဖြစ်ပွားသော ကမ္ဘာလုံးချီ စစ်ပွဲများသည် သာဓကပင်ဖြစ်သည်။

စစ်အေးပြီးဆုံးသည့်ကာလနောက်ပိုင်း စစ်ပွဲဖြစ်ပွဲမှုများသည် အသွင်အမျိုးမျိုးကွဲပြားလာကြသည်။ အရပ်ဘက်-စစ်ဘက် အကြားတွင် အချိုးမညီသည့်လုပ်ရပ်များကြောင့် ပြည်တွင်းစစ်များဖြစ်ပွားခဲ့သည်။ စစ်ဘက်တွင် နည်းပညာမြင့်မားလာမှုကြောင့် ဖျက်အားပြင်းလက်နက်များ သုံးစွဲလာခဲ့ကြသည်။ စစ်ပွဲများသည် တရားသော စစ်လား၊ မတရားသောစစ်လား ဆိုသည်ကို အငြင်းအခုန် ဖြစ်နေကြဆဲဖြစ်သည်။ မိမိအကျိုးစီးပွားနှင့်ယှဉ်၍ ဖြစ်ပေါ်လာသောစစ်ပွဲများကို တရားသည်၊ မတရားသည် ခွဲခြားရန်ကား ခက်ခဲသောပုဒ်စာပင် ဖြစ်နေဆဲဖြစ်သည်။ တရားသောစစ်ကို ဘယ်လိုဆင်နွဲနိုင်မလဲဆိုသည့် မေးခွန်း သည် အချိန်နှင့်အမျှရှိနေဆဲဖြစ်သည်။ စစ်ပွဲတွင် ဖြောင့်မတ်မှန်ကန်သောစိတ်ဓာတ်ဖြင့် တိုက်ခိုက် ပါက တရားသော စစ်ဟူ၍ ဆိုချင် ဆိုနိုင်ပါလိမ့်မည်။

စစ်တို့၏သဘာဝ[ပြင်ဆင်ရန်]

စစ်ဆိုသည်မှာ အဘယ်နည်း။ အကြမ်းဖက်မှု၊ ပြစ်ဒဏ်ခတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ဓာတု လက်နက်ဖြင့်တိုက်ခိုက်မှု၊ လူသတ်မှု စသည့်အရာများကို မည်ကဲ့သို့သောစစ်ဟု သတ်မှတ်မည်နည်း။ စစ်သည် နိုင်ငံရေးအုပ်စုများအကြား ဖြစ်ပွားသော ပဋိပက္ခပင်ဖြစ်သည်။ သမာရိုးကျတွေးကြည့်လျှင် နိုင်ငံရေးအုပ်စုများ ဆိုသည်မှာ နိုင်ငံများပင်ဖြစ်သည်။ စစ်ဆိုသည်မှာ - စစ်ဆိုသည်မှာ ပြင်းထန်ကျယ်ပြန့်စွာ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်သည်။ - စစ်ဆိုသည်မှာ အနိုင်ရရန် အစွမ်းကုန်သတ်ပုတ်တိုက်ခိုက်နေကြသော လူနှစ်ဦး၏ပုံရိပ်ကို အကျယ်ချဲ့ ထားခြင်း ပင်ဖြစ်သည်။ - စစ်ဆိုသည်မှာ တစ်ဖက်ရန်သူအား မိမိလိုအင်ဆန္ဒအတိုင်း လိုက်နာစေရန် အစွမ်းကုန် ကြိုးပမ်းအား ထုတ်ခြင်း ဖြစ်သည်။ - စစ်ဆိုသည်မှာ ရန်သူက ကျွန်ုပ်တို့၏ လိုအင်ဆန္ဒများကို လုံးဝဥဿုံ လိုက်လျောလာသည် အထိ ရန်သူ့ အပေါ်သို့ ကျင့်ကြံရာသော အကြမ်းဖက်မှုပင် ဖြစ်သည်။

စစ်၏ရည်မှန်းချက် / ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ကို ခွဲခြားမြင်ရန်လိုအပ်သည်။ - ရည်မှန်းချက်သည် ရေရှည်ဖြစ်သည်။ - ရည်ရွယ်ချက်သည် ရေတိုဖြစ်သည်။ ရည်ရွယ်ချက်တိုင်းသည် ရည်မှန်းချက်ကို အကောင်အထည်ဖော်သော လုပ်ရပ်များပင်ဖြစ်ရမည်။ ရည်ရွယ်ချက်ဖြင့်လုပ်သောအရာတိုင်းသည် ရည်မှန်းချက်ကို ရောက်စေရန် ကျေးဇူးပြုသော အကြောင်း တရားများ ဖြစ်စေရမည်။

စစ်၏ရည်မှန်းချက်ကို ပါရှန်ဗိုလ်ချုပ်ဖြစ်သူ နိုင်ငံရေးသဘောတရားပညာရှင် ကလော့စ်ဝစ်ဇ်က ဤသို့ဆိုထားသည်။ စစ်၏အရေးအကြီးဆုံးရည်မှန်းချက်မှာ ရန်သူအပြီးအပိုင်ချုပ်ငြိမ်းရေးပင်ဖြစ်သည်။ ထိုတူညီသော ရည်မှန်းချက် အောင်မြင်စေရန် စစ်ပြိုင်သူ နှစ်ဦးစလုံးက အချိန်နှင့်အမျှ အစွမ်းကုန် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြသည်။ ဤသို့ဖြင့် ထပ်တူထပ်မျှဖြစ်သော တန်ပြန်ထိုးနှက်ချက်များ ဖြစ်ပေါ်လာပြီး စစ်အတိုင်းအတာမဲ့၊ အတားအဆီးမဲ့ သောအကြမ်းဖက်မှု အဆုံးအစွန်အဆင့်သို့ ရောက်ရှိလာသည်။

စစ်သည် ရန်သူအပြီးအပိုင်းချုပ်ငြိမ်းသွားစေရန် အဆက်မပြတ်ပြင်းထန်စွာထိုးနှက်တိုက်ခိုက်သော အကြမ်းဖက် မှုဖြစ်ပြီး စစ်ဖြစ်ရာတွင်နားလည်မှုယူခြင်း၊ ကြမ်းကြုပ်မှုကို ကန့်သတ်ထိန်းချုပ်ခြင်းများ လုံးဝ မရှိအပ်။ အတိုင်းအတာမဲ့သည့် စစ်သဘောတရားတွင် ပြင်းထန်မှုကို ထိန်းချုပ်သော အတွေး အခေါ်မျိုး ဖြည့်စွက်ခြင်း သည် စစ်၏သဘာဝနှင့် လုံးဝ ဆန့်ကျင်သည်။

စစ်ပွဲ၏ရည်ရွယ်ချက်မှာ ရန်သူကို လက်နက်မဲ့စေခြင်းတည်း။ ကလော့ဇ်ဝစ်ဇ်၏ အဆိုအရ စစ်မှုရေးရာတွင် အဓိကရည်မှန်းချက် သုံးရပ်ရှိသည်။ ၎င်းတို့မှာ -

  1. ရန်သူ၏ လက်နက်ကိုင် အင်အားစုကို အောင်နိုင်ပြီး ဖျက်ဆီးပစ်ရန်
  2. ရန်သူ၏ ပစ္စည်းအင်အားနှင့် အခြားအင်အား အခြေအမြစ်များကို သိမ်းပိုက်ရန်
  3. မိမိဘက်သို့ ပြည်သူလူထု ရောက်ရှိလာစေရန် တို့ဖြစ်သည်။


လူသားများကို စစ်ပွဲသို့ တွန်းပို့နေသော တွန်းအားနှစ်ရပ်ရှိသည်။ - ပင်ကိုဗီဇအရ ရန်လိုစိတ် (Hostile Feeling ) - ရန်လိုသော ရည်ရွယ်ချက် ( Hostile Intention ) (စစ်၏ရည်ရွယ်ချက်ဖြစ်သော ရန်သူကိုလက်နက်မဲ့စေခြင်းသည် ရန်သူအပြီးအပိုင်ချုပ်ငြိမ်းရေးကို ကျေးဇူးပြု သော အကြောင်းတရားကြီးဖြစ်သည်။)[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းဝင်းလှိုင် ရေး၊ ဒုတိယကမ္ဘာစစ်မှတ်တမ်းများ၊ စာ-၆
  2. ကလော့ဇဝပ်၏ စစ်ရေးဆိုင်ရာသဘောတရားများ (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)/ကန့်သတ်