စစ်ကိုင်း ခံတပ်

ဝီကီပီးဒီးယား မှ

စစ်ကိုင်း ခံတပ် ခေါ် အစေခံ ခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့ ၏ အနောက်တောင်ဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းအနီး အစေခံ အရပ်တွင်တည်ရှိသည်။ စစ်ကိုင်းခံတပ်ကို မင်းတုန်းမင်းလက်ထက် ခရစ် သက္ကရာဇ် ၁၈၇၉ ခုနှစ်တွင် အီတလီရေကြောင်း စစ်ဘက်ဌာနမှ ကွန်မိုတိုပဲရီ နှင့် မိုလီနာရီ တို့က ကြီးကြပ်၍ မြန်မာအင်ဂျင်နီယာများနှင့် ပူးပေါင်းတည်ဆောက်ခဲ့သည်။ ကင်းဝန်မင်းကြီး၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်ပရန်သာမက ပြည်တွင်းရန်ကိုပါ ကာကွယ်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

စစ်ကိုင်းခံတပ်သည် စက်ဝိုင်းခြမ်းသဏ္ဌာန်ဖြင့် မြို့ဘက်သို့လှည့်၍ တည်ဆောက်ထားသည်။ အကျယ်အဝန်းမှာ တောင်နှင့်မြောက် ပေ ၂၄၀၊ အရှေ့နှင့်အနောက် ပေ ၃၂၀ ရှည်လျားပြီး ခံတပ်အတွင်းသို့ ဝင်ရန် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဝင်ပေါက် ၂ ပေါက်ရှိသည်။

ခံတပ်ထုသည် တောင်ဘက်၌ မြေသားရော အုတ်ရိုးထု ၃၀ ပေ ခန့်ထူ၍ ကျန် ၃ ဘက်တွင် အုတ်ရိုးထု ၂ ပေရှိပြီး မြေသားမဖို့ဘဲ အုတ်ရိုးသက်သက် မတ်မတ်ထောင်၍ တည်ဆောက်ထားသည်။ ခံတပ်၏အမြင့်မှာ ၉ ပေခန့်သာမြင့်သည်။ တောင်ဘက်မှလွဲ၍ ကျန်အုတ်ရိုး ၃ ဘက်တွင် အမြောက်၊ သေနတ်ပြောင်းပေါက်များကို အစီအရီဖောက်ထားသည်။ တောင်ဘက်တွင် အလျား ၄၂ ပေ၊ အနံ ၂ ပေ၊ ထု ၃ ပေရှိ အခန်း ၂ ခန်းရှိသည်။ ခံတပ်ပေါ်သို့ တက်ရန် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အုတ်လှေကား ၃ ဆင့်ပါရှိသည်။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအတွင်း ဗိုလ်မှူး၊ အတွင်းဝန်မင်း၊ မြို့စားမင်းကြီး၊ မင်းခေါင်မဟာမင်းကျော်သူရှိန်နှင့်အတူ တောင်မာရဘင်မှူထမ်း ၃၄၅ယောက်၊ လင်ဇင်းမှုထမ်း ၃၂၈ယောက်၊ ဘုန်းတော်မြစ်အမှုထမ်း ၇၀ ယောက်၊ ဘုန်းတော်တိုး အမှုထမ်း ၃၁၈ ယောက်၊ ကသည်းမြင်းအမှုထမ်း ၂၅၂ ယောက်၊ ရှမ်းမြင်းအမှုထမ်း ၃၁၂ယောက်၊ ဇင်းမယ်ပါ မြင်းအမှုထမ်း ၂၄၄ ယောက်မြန်မာမြင်းအမှုထမ်း ၂၁၅ယောက်၊ သူကောင်းထမ်း ၂၀၀ ယောက်၊ စုစုပေါင်း ၂၇၂၆ ယောက်တို့နှင့် ကနောင်မင်းသား၏သား ကျွန်းညွန့်မင်းသား ခေါင်းဆောင်သော မြန်မာမျိုးချစ်ပုဂ္ဂိုလ်များတို့သည် သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ စစ်ကိုင်းခံတပ်ကို ဇယားဝင် အဆောက်အဦးများအဖြစ် သတ်မှတ်၍ ၁၉၅၇ ခုနှစ်မှစ၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိန်းစောင့်ရှောက်လျက် ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ကိုင်းခံတပ် ကျောက်စာမှ