စင်သီယာမောင်၊ ဒေါက်တာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါက်တာ စင်သီယာမောင်
၁၉၅၉ ၊ ဒီဇင်ဘာလ ၆ရက် - (ယနေ့တိုင်)
ဒေါက်တာ စင်သီယာမောင်
မွေးဖွားရာဒေသ အင်းစိန်မြို့၊ ရန်ကုန်တိုင်း
နေထိုင်ရာဒေသ မဲဆောက်၊ ထိုင်းနိုင်ငံ(၁၉၈၉)
ရာထူးအလုပ်အကိုင် ဆရာဝန်
လူသိများခြင်းမှာ မြန်မာနိုင်ငံမှ ထိုင်းနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာကြသည့် ဒုက္ခသည်များကို ဆေးဝါးများ ကုသပေးခြင်း၊ ကျန်းမာရေး ပညာပေးခြင်းတို့ဖြင့် ထင်ရှားကျော်ကြားသည်။
ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း မယ်တော်ဆေးခန်း
ကွန်ယက် http://www.maetaoclinic.org/

ဒေါက်တာ စင်သီယာမောင်ကို ၁၉၅၉ ၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ အင်းစိန်ဆေးရုံတွင် မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်လူမျိုးဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်မှစ၍ မဲဆောက်မြို့၊ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ၈၈၈၈ ကျောင်းသား အရေးတော်ပုံ ပြီးချိန်တွင် ထွက်ခွာခဲ့ပြီး၊ နယ်စပ်တွင် ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ ကလေးများ၊ ရွှေ့ပြောင်းလာရောက် နေထိုင်ကြသူများကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ဆေးကုသပေးလျက်ရှိသည်။ ထိုဆေးခန်းသည် အယောက် ၁၀ဝ ခန့်ရှိသည့် အရေးပေါ် ဆေးကုသနိုင်သည့် ဆရာဝန်များ ၊ ကျောင်းဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သူမသည် အရှေ့တောင်အာရှ ရေမွန် မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆုကို ၊ လူမှုကူညီရေးများအတွက် ခေါင်းဆောင်မှု ပြုလုပ်နိုင်သည့် အတွက် ချီးမြှင့်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တိုင်းမ် မဂ္ဂဇင်း၏ အာရှနိုင်ငံ အာဇာနည်များ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူမသည် နိုင်ငံတကာမှ ဆုပေါင်း ၁၃ ခုတိုင်အောင် ချီးမြှင့်ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် Jonathan Mann Award ကို ပထမဦးဆုံး လက်ခံရရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ထိုဆုသည် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံ ဆေးဝါး အဖွဲ့အစည်းများမှ ပူးပေါင်း ချီးမြှင့်သော ဆုဖြစ်သည်။ [၁]

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ဒေါက်တာ စင်သီယာမောင်ကို ၁၉၅၉ ၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ အင်းစိန်ဆေးရုံ တွင်မွေးဖွားခဲ့သည်။ မိဘများသည် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့ ဇာတိများဖြစ်သည်။ စင်သီယာမောင်သည် မွေးချင်း ၇ ဦးအနက် တတိယမြောက် သမီးဖြစ်သည်။ အမှန်တွင် သားသမီး (၈) ယောက်ရှိသော်လည်း၊ မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ မွေးဖွားခဲ့သည့် သားဦးယောက်ျားလေးသည် မွေးပြီးစအချိန်တွင် ချက်ကြိုးဖြတ်သည့် ဝါးနှီးစမှာ မသန့်စင် သဖြင့် ပိုးဝင်ပြီး သေဆုံးခဲ့သည်။ မောင်နှမများ၏ နာမည်များမှာ နန့်လားရှာ၊ နန့်ဖန်းဃှီ၊ စင်သီယာမောင်၊ နန့်ရှာထူးဝေါ်၊ စလုံ့မေ၊ ဒေါက်တာ ရှီးရှို၊ စစေးမံ တို့ဖြစ်ကြသည်။

သူမသည် မော်လမြိုင်မြို့ အထက(၄) တွင် သူငယ်တန်း မှစ၍ ပညာသင်ယူခဲ့သည်။ ဖခင်သည် ကျေးလက်ကျန်းမာရေးမှုးဖြစ်သည့် အတွက် တာဝန်ကျရာ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက် ကုသရန် ခရီးထွက်ရသဖြင့်၊ သူ့ကို မိခင်ဖြစ်သူကသာ အိမ်တွင် ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ သူမ၏ မိသားစုတွင် အိမ်ပိုင်မရှိခဲ့သဖြင့် မကြာခဏ အိမ်ပြောင်းရွှေ့ကြရသည်။ ၇ တန်း၊ ၈ တန်း သို့တက်ရောက်နေသော ကာလများတွင် မဆလ အစိုးရမှ ပြည်သူပိုင်သိမ်းထားသော ကျောင်း နှင့် သာသနာ မြေနေရာများ အစား လယ်မြေများ ပြန်လည်ချပေးခဲ့သည့်အတွက်၊ မန်းငြိမ်းမောင်သည် လယ်မြေထဲတွင် အိမ်ယာတစ်နေရာစာ ရရှိခဲ့သည်။ သစ်တိုင်၊ ပျဉ်ခင်း၊ ကျူထရံကာ၊ အင်ဖက်မိုးထားသော အိမ်ကလေးတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း နှင့် မီးဖိုခန်းရှိသော အိမ်တစ်လုံး ဖြစ်လာခဲ့သည်။

စင်သီယာမောင်သည် ဖခင်သွားရာ ခရီးများတွင် လိုက်ပါ၍ သူမတတ်နိုင်သော အကူအညီများ လုပ်ကိုင် ဆောင်ရွက်ပေးခဲ့ခြင်းများလည်း ရှိခဲ့သည်။ သူမ ငယ်စဉ်အချိန်တွင် ကစားခဲ့သော ဖန်ခုန်၊ ထုပ်ဆီးတိုး စသည့် ကစားနည်းများမှ၊ ဘတ်စ်ကက်ဘော ကစားနည်းကိုလည်း နှစ်သက်သဘောကျသူ တစ်ဦးဖြစ်သည်။ ထို့သို့ ကစားနည်းများ ကစားခဲ့ချိန်သည်လည်း အိမ်၏ အဓိကအလုပ်ဖြစ်သည့် ရေခပ်သွားချိန်တွင် ဆော့ကစားခဲ့ကြသည်။ ရုပ်ရှင်ကြည့်လျှင် သူမ၏ မိဘများနှင့် ကြည့်လေ့ရှိသည်။

ဆေးကျောင်းဘဝ နှင့် သူငယ်ချင်းများ[ပြင်​ဆင်​ရန်​]

သူ့တွင် အစဉ်တစိုက် စွဲစွဲမြဲမြဲဖြစ်ရသော အချစ်ဆုံး သူငယ်ချင်း မရှိခဲ့သော်လည်း၊ ကျောင်းတလျှောက် တက်ရောက်ခဲ့သောအချိန်တွင် သိကျွမ်းခဲ့သော သူငယ်ချင်းများသာရှိသည်။ အထက်တန်းများအောင်မြင်ပြီးနောက်ပိုင်းတွင် မော်လမြိုင် ဒေသကောလိပ်တွင် ၂ နှစ်တက်ရောက်ခဲ့ပြီး၊ ရန်ကုန်ဆေးတက္ကသိုလ် သို့ တက်ရောက်ခဲ့ချိန်တွင်၊ နယ်မှ တက်ရောက်ကြသော အဆောင်ကျောင်းသားအုပ်စုများနှင့် နေထိုင်ခဲ့သည်။

၁၉၈ဝ ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ်သို့ တက်ရောက်နိုင်ခြင်းသည်၊ မော်လမြိုင် ကောလိပ် ၂ နှစ် တက်ရောက်ခဲ့သည့် ရမှတ် နှင့် ဆယ်တန်း ရမှတ် တို့ ပေါင်းကာ ပျမ်းမျှသတ်မှတ်ချက်အရ ဆေးတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သူမသည် သီတာဆောင်တွင် နေထိုင်ခဲ့ပြီး၊ နှစ်စဉ် ဘော်ဒါဆောင် အခန်းပြောင်းခဲ့ရသည့်အတွက် သတ်သတ်မှတ်မှတ် သူငယ်ချင်းဟူ၍ မရှိခဲ့ပေ။ အဆောင်တွင် နေထိုင်ချိန်တွင်၊ မနက်မိုးလင်းသည့် အချိန်တွင် ရေချိုးရန် ရေမရှိခြင်း၊ မြောက်ဥက္ကလာဆေးကျောင်းတွင် ကျောင်းတက်ရသည့်အချိန်တွင် အဆောင်သို့ပြန်ရန် ဘူတာရုံသို့ အပြေးအလွှားပြေးရခြင်း၊ ရထားမမှီလိုက်ခြင်းမျိုးများကြောင့် အဆင်မပြေမှုများ ရှိခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သည် တစ်စထက်တစ်စ ပျက်စီးယိုယွင်းစပြုသည့် အချိန်ကာလလည်း ဖြစ်သည်။ စာသင်ချိန်များ ရွှေ့ပေးရခြင်း၊ ဖျက်ပေးရခြင်းမျိုးလည်း မကြာခဏ ကြုံတွေ့ခဲ့ရသည်။ သူ နှင့် ကျောင်းတွင်ရှိသည့် ကျောင်းသားများသည် “ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ” ဟူသည့် မေးခွန်းများ မေးတတ်လာခဲ့ကြသည်။

စင်သီယာမောင်သည် နိုင်ငံရေးကို စိတ်ဝင်စားခဲ့သူ တစ်ယောက်မဟုတ်ပေ။ သို့သော် သူငယ်ချင်းများနှင့် အတင်းပြောခြင်း၊ အစိုးရ၏ လုပ်ရပ်မမှန်မှုတွေကို ပြောရခြင်းကို အတန်းထက်ပို၍ စိတ်ဝင်စားခဲ့သည်။ ကျောင်းတွင် ပျင်းသည့်အခါ ရုပ်ရှင်ကြည့်ခြင်း၊ ဆရာ ရေးပြသွားသော ကျောင်းစာများအား စိတ်မပါသဖြင့် ရေးမကူးခဲ့သည့် အခါများတွင် အိပ်ငိုက်နေတတ်ခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ဝါရင့်ဆရာ၊ ဆရာမများ၏ အတွေ့ကြုံနှင့် ယှဉ်ကာ သင်ကြားပေးမှုများ၊ တိကျသေချာသော အချက်အလက် အကိုးအကားများဖြင့် သင်ကြားပေးမှုကို နှစ်သက် သဘောကျခဲ့သူလည်းဖြစ်သည်။ ကျောင်းတက်နေချိန်ကာလတွင် မြစ်ကြီးနား၊ ပျဉ်းမနား၊ မြစ်ဝကျွန်းပေါ်မြို့ဖြစ်သည့် မြောင်းမြ မြို့များသို့ သူငယ်ချင်းများ နှင့် လိုက်၍ လည်ပတ်သွားရောက်ခဲ့သည်။

ဆေးတက္ကသိုလ် နောက်ဆုံး နှစ်တွင် သူငယ်ချင်းများနှင့် ခွဲခွာရမည်ကို ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ပြီး၊ အလုပ်သင်ဆရာဝန်ကာလ ပြီးပါက မရေရာလှသည့် အနာဂတ်တွင် အစိုးရအလုပ်သမားဖြစ်မည်လား၊ သမဝါယမ ဆေးခန်းထိုင်၍ ဆေးဝါများ ရောင်းရမည်လားဟူ၍ သေချာစွာ မပြောနိုင်ခဲ့ပေ။ အများနှင့်အတူ သူသည် နောက်ဆုံးနှစ်အပိုင်း (ခ) စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။

အလုပ်သင်ဆရာဝန်ဘဝ နှင့် ဆရာဝန်ဘဝ[ပြင်​ဆင်​ရန်​]

ဆေးကျောင်းအပြီးတွင် မော်လမြိုင် ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန် အဖြစ် သင်တန်းဆင်းခဲ့သည်။ ထိုအချိန်တွင် ဆရာဝန်များ နှင့် ဆေးရုံသို့လာရောက်ကုသကြသည့် လူနာများ၏ ဘဝကို ပထမဆုံးအကြိမ် သိမြင်လာခဲ့သည်။ ဆရာဝန်၊ ဆရာမ များသည် စားဝတ်နေရေးအတွက် အပြင်ဆေးခန်းများတွင် ဝင်ငွေရအောင် လုံးပန်းခဲ့ကြရသည့်အတွက် ဆေးရုံတွင် အချိန်ပြည့်ဝအောင် မပေးနိုင်ခဲ့ခြင်းကို တွေ့ရှိခဲ့သည်။ စီးပွားရေးအဆင်ပြေရန် လုံးပန်းနေကြရသည့်အတွက် ပြုစုကုသရာတွင် တာဝန်ချို့ယွင်းမှုများ မြင်ခဲ့ရသလို၊ တက်ရောက်ကြသည့် လူနာများသည်လည်း ဆေးဝါးဝယ်ယူရန် ငွေကြေးအခက်အခဲများတွေ့ကြရသဖြင့် ဆက်လက် ဆေးမကုသနိုင်ခြင်းများ တွေ့ကြုံခဲ့သည်။ လူနာတချို့သည် ငွေကြေး စုဆောင်းနေရသည့်အတွက်၊ ဆေးရုံသို့တက်ရောက်ချိန်တွင် နောက်ကျမှ ရောက်ရှိလာကြခြင်းကြောင့် မသေဆုံးသင့်ဘဲ သေဆုံးကြရသည်ကို သူမတွေ့ခဲ့ရသည်။

အလုပ်သင်ဆရာဝန်ဘဝ အပြီးတွင် ဆရာဝန်တစ်ယောက်ဖြစ်လာသည့်အခါတွင် သူမသည် အစိုးရဝန်ထမ်းလက်ထောက်ဆရာဝန် လျှောက်ထားခြင်းမရှိဘဲ၊ ဆွေမျိုးသားချင်းများရှိရာ ပုသိမ်မြို့သို့ သွားရောက်ခဲ့သည်။ ပုသိမ်မြို့တွင် “ပတ္တား” အမည်နှင့် ပုဂ္ဂလိက သားဖွားဆေးခန်းတစ်ခုကို အဒေါ်ဝမ်းကွဲမှ ဖွင့်လှစ်ထားသည်။ ထိုဆေးခန်းတွင် တစ်နှစ်ခွဲတိုင်အောင် ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ထိုအချိန်တွင် မဆလ အစိုးရ၏ ငွေစက္ကူတချို့ကို တရားမဝင်ကြေညာခဲ့မှုကြောင့် ကျောင်းသား လှုပ်ရှားမှုတွေ တက္ကသိုလ် အသီးသီးတွင် ပြုလုပ်ခဲ့မှုကြောင့်၊ တိုင်းပြည်မငြိမ်သက်မှုများ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် မော်လမြိုင်မြို့တွင် နေထိုင်ကျန်ရစ်ခဲ့သည့် မိဘများ၏ ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ကရင်ပြည်နယ် (သို့) မွန်ပြည်နယ် တစ်နေရာတွင် ဆေးခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူမသည်မော်လမြိုင်မြို့သို့ ပြန်ရောက်ခဲ့ပြီး၊ မိခင်ဖြစ်သူသည် မော်လမြိုင်မြို့တွင် ဆုံးပါးသွားခဲ့သည်။ မိခင်ကွယ်လွန်ပြီးနောက်တွင် သူငယ်ချင်း၏ အကူအညီဖြင့် အိန္ဒူကျေးရွာ တွင် ကိုယ်ပိုင် ဆေးခန်းလေးတစ်ခု ဖွင့်၍ သူမ၏ဘဝကို ရပ်တည်ခဲ့သည်။

အိန္ဒူကျေးရွာသည် ရွာကြီးတရွာဖြစ်ပြီး၊ လူဦးရေ နှစ်သောင်းဝန်းကျင် နေထိုင်ကြသော ရွာတစ်ခုဖြစ်သည်။ ကရင်လူမျိုးများ၊ မွန်လူမျိုးများ၊ ပအို့ဝ် လူမျိုးများ နေထိုင်ကြပြီး၊ ကရင်လူမျိုးအများစုသည် လယ်ယာ၊ မွန်လူမျိုးများသည် ထန်းတက်၊ ထန်းလျက်ချက်၊ ပေါက်ပေါက်ဆုပ်လုပ်ခြင်း၊ ပအို့ဝ်လူမျိုးတို့သည် ရက်ကန်းရက်ပြီး အသက်မွေးမှုပြုကြသည်။ ရွာတွင် ဆေးရုံတစ်ရုံ ရှိပြီး၊ သူနာပြုဆရာမ တစ်ယောက်ရှိ၍ ဆရာဝန်မရှိပေ။ ဆရာဝန်မရှိသည့်အတွက် ကျန်းမာရေး၊ ကာကွယ်ရေး၊ ကုသရေးများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ကျေးရွာလူထုသည် အပြင်ဆေးခန်းများကို အားကိုးနေထိုင်ခဲ့ကြသည်။

၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကာလ[ပြင်​ဆင်​ရန်​]

၁၃၅ဝ ပြည်နှစ်တွင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်လာချိန်တွင်၊ အိန္ဒူကျေးရွာမှ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်စသည့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသည့် ကျောင်သူကျောင်းသားများသည် ရွာသို့ ပြန်လည်ရောက်ရှိလာကြပြီး၊ ဒီမိုကရေစီရေး တောင်းဆို ချီတက်ဆန္ဒပြမှုများ၊ သပိတ်စခန်းများ ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘဝမှ ဆရာဝန်ဖြစ်လာခဲ့တာ မကြာလှသေးသည့် ဒေါက်တာစင်သီယာမောင်သည် ရွာမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ပေါင်းကာ သပိတ်စခန်းဖွင့်ကာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။ စစ်တပ်သည် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို လက်နက်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ကာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့သည်။ ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက်ဆင်နွှဲပြီး၊ စစ်အာဏာရှင်စံနစ်ကို ချေမှုန်းဖယ်ရှားချင်ကြသည့် ကျောင်းသားကျောင်းသူများ နှင့် လူငယ်များသည်၊ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများရှိရာသို့ အစုလိုက် အပြုံလိုက် ထွက်ခွာခဲ့ချိန်တွင်၊ ဒေါက်တာစင်သီယာမောင် တစ်ယောက်လည်း လိုက်ပါသွားခဲ့သည်။

တော်လှန်ရေး ခရီးအစ[ပြင်​ဆင်​ရန်​]

ဒေါက်တာစင်သီယာမောင်သည် နယ်စပ်ဒေသခရီး လမ်းပန်းအခြေအနေနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၏ အခြေအနေကို သိမထားခဲ့သော်လည်း၊ ဆုံးဖြတ်ချက်အတိုင်း စက်တင်ဘာလ (၂၂) ရက် နံနက် (၄) နာရီတွင် ခြေလျင်ခရီးထွက်ဖို့ စီစဉ်ခဲ့ကြသည်။ အိန္ဒူရွာမှ သူမနှင့်အတူ လိုက်ပါမည့် လူငယ်တယောက်အိမ်တွင် စက်တင်ဘာလ (၂၁) ရက်နေ့ည (၉) နာရီလောက် ကတည်းက သွားအိပ်ခဲ့ကြသည်။ အစီအစဉ်အတိုင်း နောက်တနေ့နံနက် (၄) နာရီတွင် အိန္ဒူရွာမှနေပြီးခြေလျင်ခရီး စတင် ထွက်ခွာခဲ့ကြသည်။ သူမအပါအဝင် တက္ကသိုလ်ကျောင်းသား နှစ်ယောက် ဆယ်တန်းကျောင်းသား နှစ်ယောက်နှင့် အဖွဲ့ ဝင် (၁၄) ယောက်ဖြစ်သည်။

သူမတို့ (၁၄) ယောက်သည် အများအားဖြင့် ညဘက်အချိန်တွင်သာ ခရီးသွားခဲ့ကြပြီး၊ နေ့ဘက်အချိန်များတွင် ဇရပ်၊ ဘုန်းကြီးကျောင်း သို့မဟုတ် အိမ်တစ်အိမ်တွင် အနားယူခဲ့ကြကာ ခရီးဆက်ခဲ့ကြသည်။ ညဘက်အချိန်တွင် ခရီးစမ်းတဝါးဝါးသွားခဲ့ရသည့်အတွက် လမ်းတွင် ဖြတ်ကျော်ခဲ့သည့် ကျေးရွာများ၏ အမည်ကို မမှတ်မိခဲ့ပေ။ သူတို့အဖွဲ့သည် ကေအန်ယူ တပ်မဟာ (၂) နယ်မြေထဲမှာရှိသည့် ‘သိက္ခာရ’ (သိက္ကာယ) ဆိုသည့် ကျေးရွာသို့ ဘေးမသီ ရန်မခပဲ ရောက်ရှိသွားခဲ့ကြသည်။ သိက္ခာရရွာသည် နယ်စပ်ဒေသတွင် ရှိသည့် ရွာတစ်ရွာဖြစ်သည်။ ထိုရွာတွင် သူမတို့အားလုံးကို ကေအန်ယူ လူကြီးတယောက်၏ နေအိမ်တွင် နေရာချထားပေးခဲ့သည်။

တပတ်အကျော်တွင် သူတို့အဖွဲ့ကို သက်ဆိုင်ရာ တာဝန်ရှိသည့် ကေအန်ယူ လူကြီးများမှ ဘယ်စခန်း ကို ဆက်လက်သွားရောက်လိုသလဲဟု မေးမြန်းခဲ့သည်။ သူတို့ အားလုံး စဉ်းစားကြသည့် အခါတွင် (၁၄) ယောက်မှ အများစုသည် ဘားအံမှ လာကြသည့်သူတွေဖြစ်သည့်အတိုင်း ဘားအံမြို့မှ အသိများနေထိုင်ကြသည့် ‘ဝမ်ခ’ စခန်းသို့ သွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကေအန်ယူမှ သူမ၏ အဖွဲ့သွားရောက်လိုသည့် ဝမ်ခစခန်းကို လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ဝမ်ခရောက်သည့်အချိန်တွင် ကျောင်းသားတပ်မတော် စတင်တည်ထောင်ပြီးချိန် ဖြစ်သည့်အတွက် တချို့သည် ABSDF နှင့် ပူးပေါင်းခဲ့ပြီး၊ တချို့မှာ ကေအန်ယူ နှင့် ပူးပေါင်းခဲ့ကြသည်။

ဒေါက်တာစင်သီယာမောင်သည် စထွက်ခဲ့စဉ်ကကတည်းက နယ်စပ်ရောက်လျှင် ဘာဆက်လုပ်မည်ကို ပြင်ဆင်ထားခဲ့သူ မဟုတ်ပေ။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပူးပေါင်းခြင်း မရှိခဲ့ပေ။ သို့သော် ကေအန်ယူမှ ကျောင်းသား အဖွဲ့တာဝန်ခံတယောက် နှင့် ဆက်သွယ်ပေးခဲ့သည်။ ကျောင်းသားတာဝန်ခံမှ သူမ၏ ဆရာဝန်ပညာရပ်အား ကျောင်းသားများအတွက် အသုံးပြုပေးရန် နှင့် နိုင်ငံခြား ဆက်ဆံရေး ကိစ္စများတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။ သူမသည်လည်း သဘောတူ ကူညီဆောင်ရွက်ခဲ့ပြီး ဆေးဝါးဘက်ပိုင်းတွင် အနည်းအပါး ကူညီဆောင်ရွက်ခဲ့ရာမှ လုပ်ငန်းများနှင့် ထိတွေ့ဆက်စပ်မှုများ ရှိလာခဲ့သည်။ နယ်စပ်ဒေသ ကျောင်းသားစခန်းများအတွက် ဆေးဝါးရိက္ခာထောက်ပံ့ဖို့ ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံရှိ NGO အဖွဲ့သေးများ နှင့် ဆက်သွယ်မှု ရရှိခဲ့သည်။

စင်သီယာမောင်သည် ဆေးဝါးရိက္ခာရရှိရေးအတွက်သာ မဟုတ်တော့ဘဲ ကျောင်းသားများ နာဖျားမကျန်းရှိလာသည့် အခါ ကျောင်းသားလူနာတချို့ကို မဲဆောက်ဆေးရုံသို့ ပို့ရမည့်အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။ မဲဆောက် ဆေးရုံနှင့် အဆက်အသွယ် ရစေရန် ခရစ်ယာန်ဘုရားကျောင်းများ၏ အကူအညီကို ရယူခဲ့ရသည်။ သို့သော် ကျောင်းသားတပ်များ နှင့် စစ်အစိုးရတို့၏ တပ်များသည် တိုက်ပွဲပြင်းထန်စွာ မဖြစ်သေးသော အချိန်ဖြစ်သည့်အတွက်၊ ကျောင်းသားများ ထိခိုက်ဒဏ်ရာ နည်းခဲ့သည်။ ထိုအချိန်တွင် စင်သီယာမောင်သည် သာမန်ထိခိုက်ဒဏ်ရာအနည်းအပါးရှိသော ကျောင်းသားများကိုသာ ကုသပေးခဲ့ရသည်။

နောက်ပိုင်းတွင် ကေအန်ယူ တပ်များ နှင့် ကျောင်းသား တပ်များ သည် စစ်အစိုးရတပ်များ၏ တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည်။ “ဝမ်ခ” တိုက်ပွဲတွင် အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရလာသည့် လူနာများကို အရေးပေါ်ကုသရန် နှင့် ABSDF အဖွဲ့ဝင်ဖြစ်ကြသည့် အသက်ငယ်ရွယ်သည့် ကလေးငယ်များကို တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်မှုမပြုရန် စင်သီယာမောင်မှ နေရာပေးရန် ရင်ဆိုင်ခဲ့ရသည်။

မယ်တော်ဆေးခန်း၏ အစ[ပြင်​ဆင်​ရန်​]

လိုအပ်လာသည့်အခြေအနေအရ ဆေးဝါးရရှိရေး၊ အရေးကြီး လူနာများကို မဲဆောက်ဆေးရုံကြီးသို့ အလွယ်တကူ လွှဲပြောင်း နိုင်ရေးနှင့် ကျောင်းသားတပ်များမှာ ဆေးတပ်သားများ လိုအပ်လာသည့်အတွက် ဆေးသင်တန်းပေးရန် မဲဆောက်တွင် မဖြစ်မနေ ဆေးခန်းကလေးတခု ခြေကုပ်ရယူခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူအင်အား ၆ ယောက်နှင့် ဆေးခန်းစတင်တည်ထောင်ခဲ့သည်။ ဆေးရုံဆေးခန်း ကြီးတစ်ခုဖြစ်အောင် တဖြည်းဖြည်းတိုးချဲ့ တည်ထောင်ရန် သူ့တွင် အစီအစဉ်မရှိခဲ့ပေ။

တရားဝင်ရထားသည့်နေရာမဟုတ်သည့်အတွက် မည်သူ့ကိုမျှ အသိပေးအကြောင်းကြားခဲ့ခြင်းမရှိဘဲ ဆေးခန်းလေးကို စတင်ခဲ့ခြင်းဖြစ်သည်။ လူအင်အားနဲသော်လည်း ကူညီပံ့ပိုးမှုများစွာ ရရှိခဲ့သည်။ ABSDF မှ ဆရာဝန်တချို့သည်လည်း လူနာကုသပေးခြင်း၊ ဆေးသင်တန်းပေးခြင်းများတွင် ပါဝင်ခဲ့ကြသည်။ ကော့ကရိတ်၊ ဒူးပလာ၊ ဘားအံ စသည့် ABSDF စခန်းခေါင်းဆောင်များ အနေနှင့် တပ်ဖွဲ့ဝင်လူနာများ လိုက်ပို့ရင်း၊ လာကြည့်ရင်း နှင့် ကူညီပံ့ပိုးမှုများကို ရရှိခဲ့သည်။

စင်သီယာမောင် မည်သို့ပင် တိုးတိုးတိတ်တိတ်လုပ်ခဲ့သော်လည်း ဆေးခန်းရှိနေသည်ဆိုသည်ကို တစထက်တစ သိရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံထဲတွင် အလုပ်လာလုပ်နေကြသည့် အလုပ်သမားများ သိလာသည့်အချိန်တွင်၊ စက်ရုံအလုပ်ရုံများတွင် ထိခိုက်ဒဏ်ရာရလာသည့်လူနာမျိုး၊ ငှက်ဖျားရောဂါ ခံစား နေရသည့် လူနာမျိုးတွေကိုပါ ကုသပေးနိုင်ရေးအတွက် တစ်ပါတ် နှစ်ရက် နံနက်ပိုင်းအချိန်များတွင် စတင်ကုသပေးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးအလုပ်သမားများပါ ရောက်လာသည့်အချိန်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ သားဖွားမှုနှင့် ကလေးကျန်းမာရေး စောင့်ရှောက်ကုသမှုများပါ လုပ်ဆောင်ပေးခဲ့ရသည်။

ရရှိခဲ့သည့် ဆုများ[ပြင်​ဆင်​ရန်​]

ဒေါက်တာစင်သီယာမောင် သည် အောက်ပါဆုများစွာကို သူ၏ ဆေးခန်းတွင် လှုမှုကူညီရေးအလုပ်များကြောင့် ရရှိခဲ့သည်။

  1. ၂၀၀၈ Catalonia International Prize along with Daw Aung San Suu Kyi
  2. ၂၀၀၇ Asia Democracy and Human Rights Award (Taiwan Foundation for Democracy)
  3. ၂၀၀၇ World’s Children’s Prize for the Rights of the Child Honorary Award (Children’s World Association, Sweden)
  4. ၂၀၀၅ 1,000 Women Nobel Peace Prize Nomination (Global)
  5. ၂၀၀၅ Unsung Heroes of Compassion Award (The Dalai Lama and Wisdom in Action, USA)
  6. ၂၀၀၅ The Eighth Global Concern for Human Life Award (Chou-Ta Kuan Foundation, Taiwan)
  7. ၂၀၀၅ Included in Time Magazine’s November Article on 18 Global Health Heroes
  8. ၂၀၀၂ Ramon Magsaysay Award for Community Leadership (Philippines)
  9. ၂၀၀၁ Foundation for Human Rights in Asia Special Award (Japan)
  10. ၂၀၀၁ Van Hueven Goedhart Award (Netherlands)
  11. ၁၉၉၉ Jonathan Mann Health and Human Rights Award (USA)
  12. ၁၉၉၉ American Women's Medical Association President's Award (USA)
  13. ၁၉၉၉ John Humphries Freedom Award (Canada)[၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://kzy1980.myanmarbloggers.org/2008/02/blog-post_19.html
  2. http://www.maetaoclinic.org/aboutus.html

စာအုပ်။။ စိုးနေလင်း ၏ ဒေါက်တာ စင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသော သစ်တစ်ပင်၊ ခေတ်ပြိုင် စာပေတိုက်၊ ဇန်နဝါရီ ၂၀၀၇ ခုနှစ် ထုတ်၊