စကြဝဠာ

ဝီကီပီးဒီးယား မှ
(စကြာဝဠာ မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် ရှေးကျမ်းဂန်လာ ဝေါဟာရ အကြောင်း ဖြစ်သည်။ သိပ္ပံဘာသာရပ်ဆိုင်ရာ Universe အတွက် ခပ်သိမ်းလောက ကို ကြည့်ပါ။

ရှေးအိန္ဒိယ နက္ခတ်ဗေဒလာစကြဝဠာ (Pāli: Cakkavāḷa चक्कवाळ ; Thai: จักรวาล or จกฺกวาฬ) ဆိုသည်မှာ နေတစ်စင်း၊ တစ်စင်း၊ ကျွန်းကြီးလေးကျွန်းနှင့် သမုဒ္ဒဒရာကြီး လေးစင်း ပါဝင်သည် ဆိုသော် အချင်းအကျယ် ယူဇနာပေါင်း 1,203,450 ရှိသည့် ရပ်ဝန်းပမာဏ ဖြစ်သည်။[၁][၂] တစ်ယူဇနာလျှင် အများဆုံးအားဖြင့် 15 km ရှိသည်[၃][၄] ဟု အကိုးအကားယူလျှင် စကြဝဠာ၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။
နေနှင့်ကမ္ဘာဂြိုဟ်ကြားရှိ အကွာအဝေးမှာ ပျမ်းမျှအားဖြင့် ကီလိုမီတာပေါင်း သန်း ၁၅၀ ဝန်းကျင် ဖြစ်သည်။[၅] ထို့နောက် အင်္ဂလိပ်တို့ ရူပဗေဒ၌ သုံးနှုန်းသော Universe ၏ သတ်မှတ်ချက်မှာမူ ခပ်သိမ်းသော အာကာသအချိန် တို့နှင့်တကွ ၎င်းတို့အတွင်း ရှိသမျှသော ဒြပ်-စွမ်းအင်တို့ ဖြစ်လေရာ ခပ်သိမ်းလောကကို ဆိုလိုသည်။[၆]

စကြဝဠာနှင့်စပ်လျဉ်း၍ မြန်မာတို့၏ ရှေးအယူအဆများ[ပြင်ဆင်ရန်]

ဤအယူအဆများမှာ ရှေးဟိန္ဒူကျမ်းများမှ အဆင့်ဆင့် ဆင်းသက်လာသော အယူအဆများ ဖြစ်သည်။ သို့သော် ထိုအယူအဆများသည် ဗုဒ္ဓအယူဝါဒ ဆိုင်ရာ ကျမ်းဂန်များနှင့်ဆက်စပ်အကျုံးဝင်လျက်ရှိသည်ဟု အချို့က ယူဆကြ၏။ မြန်မာစာပေ အစဉ်အလာ တစ်လျှောက်တွင်လည်း အောက်၌ဖော်ပြအံ့သော အယူအဆများကို လက်ခံ ကိုးကားမှီငြမ်းပြု၍ ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည်တို့ကို ရေးသားခဲ့ကြ၏။ မြန်မာတို့ရေးခဲ့သည့် ရာဇဝင်တော်ကြီးများ၌လည်း ကမ္ဘာတည်ဟန်နှင့် ကမ္ဘာဦးလူတို့အကြောင်းမှ ချီ၍ ရေးသားဖော်ပြလေ့ရှိရာ စကြဝဠာတည်ပုံ၊ ပျက်ပုံ စသည်ကို ထည့်သွင်းဖော်ပြကြ၏။ စကြဝဠာနှင့်စပ်လျဉ်း၍ စစ်ကဲတော်ကြီးဦးရွှေနော် ပြုစုခဲ့သော အာဒိကပ္ပကမ္ဘာဦးကျမ်းသည် အကိုးကားခံရဆုံး၊ အပြည့်စုံဆုံးကျမ်း ဖြစ်ပေသည်။


စကြဝဠာ ဟူသော ဩကာသ လောကတွင် အပါအဝင်ဖြစ်သော ရေမြေတောတောင် အနေအထားအဖွဲ့အစည်းကို ပိုင်းခြား၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်သော ဝေါဟာရဖြစ်၏။ မြင်းမိုရ်တောင်ကို ဗဟိုပြု၍ ဝန်းရံလျက်ရှိသော ကျွန်းကြီးလေးကျွန်းနှင့် အရန်ကျွန်းငယ်နှစ်ထောင်ကို နေတစ်စင်း၊ လတစ်စင်းက အလှည့်ကျ အလင်းရောင် ပေးလျက်ရှိ၏။ ထိုသို့ နေတစ်စင်း၊ လတစ်စင်းနှင့် အတူတကွ၊ လေးကျွန်းတစ်မြင်းမိုရ်အစုအဝေးကို စကြဝဠာဟု ခေါ်သည်။ စကြဝဠာ များသည် မရေတွက်နိုင်လောက်အောင် မြောက်မြားစွာ တည်ရှိ၏။ တစ်ထောင်သော စကြဝဠာအစုကို စူဠလောကဓာတ်ဟု ခေါ်၏။ ထိုအစုဆယ်စု (ဝါ) စကြဝဠာတစ်သောင်းကို၊ မဇ္ဈိမလောကဓာတ်ဟု ခေါ်၏။ စကြဝဠာများသည် အမြဲတည်နေသည် မဟုတ်ပေ။ ဖြစ်ပေါ်လိုက် ပျက်စီးလိုက်ရှိ၏။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်၊ ပျက်ဖော် ပျက်ဖက်ဖြစ်ကုန်သော စကြဝဠာ ကုဋေတစ်သိန်းစုကို မဟာလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော စကြဝဠာအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော စကြဝဠာကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော စကြဝဠာ တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ စကြဝဠာ တစ်ခုလုံးကို အစိုးရသော မင်းကို စကြဝတေးမင်းဟု ခေါ်၏။


ကမ္ဘာတည်ပြီးနောက် ဗြဟ္မာတို့သည် ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဥပပတ်ကိုယ်ထင် ဖြစ်လာ၏။ ထို့နောက် သူတို့၏ ဘုန်းကံဓမ္မတာကြောင့် နေ၊ လ ပေါ်လာ၏။ ဤသို့ပေါ်သောနေ့၌ပင်လျှင် မြင်းမိုရ်၊ သတ္တရဘန်၊သီတာ၊ သမုဒ္ဒရာ လေးဆင်း၊ ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ ဟိမဝန္တာတာ၊ မြစ်ကြီး၊ အိုင်ကြီးနှင့် စကြဝဠာတောင်သည် ပေါ်လာ၏။ ထိုစကြဝဠာတောင်သည် မြင်းမိုရ်၊ သတ္တရဘန်၊ သမုဒ္ဒရာ လေးစင်း၊ ကျွန်းကြီး လေးကျွန်းစည်ကို ပတ်ပတ်လည် တံတိုင်းကြီးသဖွယ် ဝန်းရံထား၏။ ရေမှပေါ်ထွက်လာသော ဤ စကြဝဠာတောင်ကြီးကို အစွဲပြု၍ လေးကျွန်း တစ်မြင်းမိုရ် အစုအဝေးကို စကြဝဠာဟု ခေါ်ဝေါ်၏။ စကြဝဠာတောင်၏ အမြင့်ကား၊ ရေပေါ်၌ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ရေအောက်သို့လည်း ဇောတပထဝီအထိ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ဇောတပထဝီကို လွန်လျက် သီလာပထဝီအထိ ယူဇနာ ခုနှစ်သောင်းရှစ်ထောင် ထပ်မံ၍ အောက်သို့ နက်လျက်တည်ရှိ၏။ စကြဝဠာတောင်သည် သီလာပထဝီပေါ်တွင် အခြေစိုက်လျက် ရှိ၏။ သိလာ ပထဝီ၏ နိမိတ်အဝန်းသည် စကြဝဠာတောင်ပင်ဖြစ်၏။ သီလာပထဝီမျက်နှာပြင်မှ စကြဝဠာတောင်ထွတ်အထိ ယူဇနာပေါင်း နှစ်သိန်းလေးသောင်း နှစ်ထောင်ရှိ၏။ စကြဝဠာတောင်အထွတ်များတို့သည် ကျေးနှုတ်သီးကဲ့သို့အတွင်း၌ ကွေးညွှတ်ယောင်ယောင်ရှိ၏။

စကြဝဠာတောင်နှင့် စကြဝဠာအပါအဝင် ကမ္ဘာကြီး ပျက်ပုံ၊ တည်ပုံကို မည်သို့သိရှိရသနည်းဟူမူ လောကဘိနဝိဒ္ဓရသေ့သည်၊ စကြဝဠာတံတိုင်းမှ ဆင်မြင်းအရွယ်ပမာဏရှိသော အက္ခရာများကို ဖန်ပုရပိုက်ပုလဲ ကညစ်တို့ဖြင့် ရေးကူးခဲ့၍ ရသေ့ အဆင့်ဆင့်တို့ ရေးသားဟောခဲ့သည်မှ သိရသည်။ ထိုလောကဘိနဝိဒ္ဓရသေ့သည် ပထမ မဟာသမ္မတမင်း၏တူ ဖြစ်၏။ မဟာသမ္မတမင်းသည် စကြဝဠာတောင်ခြေ၌ရှိသော ဓမ္မသတ် ကျမ်းဂန်များကို ရေးကူးစေ၍ ထိုကျမ်းဂန်များနှင့် အညီ တရားဆုံးဖြတ်စီရင်တော်မူ၏ဟုဆိုလေသည်။ [၇]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. http://tibetanbuddhistencyclopedia.com/en/index.php/Cakkavala
  2. ပဏ္ဍိတဝေဒနီယဒီပနီကျမ်း
  3. Thapar၊ Romila (1997)။ Aśkoa and the decline of the Mauryas (PDF) (Revised ed.)။ Oxford University Press။ pp. 250–266။
  4. Gupta, C. C. Das (1951). "A NOTE ON AN EXPRESSION IN ROCK EDICT XIII OF AŚOKA". Proceedings of the Indian History Congress 14: 68–71. ISSN 2249-1937. 
  5. https://solarsystem.nasa.gov/news/1164/how-big-is-the-solar-system/#:~:text=As%20noted%20earlier%2C%20Earth's%20average,That's%201%20AU.
  6. Zeilik, Michael; Gregory, Stephen A. (1998). Introductory Astronomy & Astrophysics (4th ed.)
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)