စက်သေနတ်

ဝီကီပီးဒီးယား မှ
ပွိုင့် .၅၀ ကယ်လီဘာ အမ်တူး စက်သေနတ်

စက်သေနတ်သည် ကျည်ခါးပတ် သို့မဟုတ် ကျည်အိမ် အသုံးပြု၍ ပစ်ခတ်နိုင်ပြီး ကျည်ထွက်နှုန်း မြင့်မားသော သေနတ်အမျိုးအစား ဖြစ်သည်။ ခြေလျင်စစ်သည်များ တစ်ဦးချင်း ကိုင်ဆောင် ပစ်ခတ်နိုင်သော စက်သေနတ်များ ရှိသကဲ့သို့ စစ်သင်္ဘော၊ လေယာဉ်တို့တွင် တပ်ဆင် ပစ်ခတ်ရသော အရွယ်အစားကြီးမားသည့် စက်သေနတ်များလည်း ရှိသည်။

စက်သေနတ်သည် ကျည်ဆန်ပေါင်းများစွာကို ဆက်တိုက် အဝေးသို့ပစ်နိုင်သော စစ်သုံးသေနတ် ဖြစ်သည်။ အဦးဆုံး စက်သေနတ်ကို ခရစ် ၁၈၆၁ ခုနှစ်က အမေရိကန်လူမျိုး ဒေါက်တာ ရစ်ချတ် ဂတ်တလင် ဆိုသူ တီထွင်သည်။ ထို စက်သေနတ်တွင် တစ်မိနစ်လျှင် အချက်ပေါင်း ၅ဝဝ အထိ ပစ်နိုင်သော ပြောင်း ၁ဝ လုံးပြူး ပါရှိ၏။

ဂတ်တလင်သေနတ် ပေါ်ပေါက်ပြီးနောက် နှစ် ၂ဝ ခန့် ကြာသောအခါ အမေရိကန်ပြည်ထောင်စုသား အင်္ဂလိပ်လူမျိုး ဆာဟိုင်ရမ် မက္ကဆင်သည် စက်သေနတ် အသစ်တစ်မျိုးကို တီထွင်လေသည်။ မက္ကဆင်သေနတ်၏ ထူးခြားချက်မှာ ပြောင်း တစ်လုံးတည်းမှ ကျည်ချက်ပေါင်းများစွာ ဆက်တိုက်ပစ်နိုင်ခြင်း ဖြစ်သည်။ ထိုသေနတ်တွင် ကျည်ဆန်ခွံကို ကန်ထုတ်ခြင်း၊ ကျည်ဆန်တောင့် အသစ်ထိုးခြင်း၊ မောင်တင်ခြင်းတို့သည် အလိုအလျောက် ပြီးစီး၏။ ကျည်ထွက်ဖန်များ၍ ပူသော ပြောင်းလုံးကို ရေဖြင့် အေးစေ၏။ မက္ကဆင်သေနတ်ပေါ်ပြီး နောက်တွင် ဗစ်ကာစက်သေနတ် ပေါ်လာသည်။ ထိုစက် သေနတ်ကို နိုင်ငံအများအပြားတွင် သုံးကြသည်။ ပထမ ကမ္ဘာစစ်ကြီးအတါင်းကစ၍ ဗြိတိသျှစစ်သားတို့သည် ထို ဗစ်ကာစက်သေနတ်ကို သုံးစွဲလာခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်သည်။

စက်သေနတ်များအနက် လူးဝစ်ဂန်းခေါ် လူဝစ်၏ စက် သေနတ်သည်လည်း အလွန်ထင်ရှားသည်။ ထိုစက်သေနတ်ကို အမေရိကန်စစ်ဗိုလ် ကာနယ်အိုင်ဇက်နျူတန်လူးဝစ်ဆိုသူ တီထွင်ခဲ့သည်။ ထိုစက်သေနတ်ကို အမေရိကန်စစ်တပ်များတွင် မသုံးကြချေ။ အင်္ဂလန်ပြည်၊ ပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ်နိုင်ငံ များ၌ အများအပြား သုံးလေသည်။ လူးဝစ် စက်သေနတ်၏ ပြောင်းဝမှာ ၃ဝ၃ လက်မရှိ၏။ လူးဝစ်စက်သေနတ်ထက် ပိုမိုကောင်းမွန်သော စက်သေနတ်တစ်မျိုးကို ချက်ကိုဆလို ဗားကီးယားနိုင်ငံမှ ဘရင်းဆိုသူက တီထွင်သည်။ ထိုစက် သေနတ်ကို အင်္ဂလန်ပြည်၌ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်၍ အသုံးပြုခဲ့၏။ ထိုသေနတ်ကို ယခုတိုင် အသုံးပြု လျက်ရှိ၍ ဘရင်းဂန်းဟု ကျော်ကြားသည်။ ဘရင်းစက်သေနတ် မျိုးသည် လူးဝစ်စက်သေနတ်မျိုးနှင့် ပြောင်းအရွယ်ချင်း တူ သည်။ ဘရင်းသေနတ်ကို ထောက်ဖြင့်လည်း ပစ်နိုင်သည်။ ပြောင်းပူလာလျှင် လေဖြင့် အေးစေရန် စီမံထားရုံမက ဖြုတ်၍ လဲလှယ်နိုင်ရန် ပြောင်းအပိုလည်း တပ်ဆင်ထားသည်။

ထိုစက်နတ်များ ပေါ်ပေါက်ပြီးနောက် စက်သေနတ် အမျိုး မျိုး ဆက်ကာဆက်ကာ ပေါ်ပေါက်လာသည်။ ဒုတိယ ကမ္ဘာ စစ်ကြီးအတွင်းက စတင်းဂန်းခေါ် စက်သေနတ် အငယ်စား များ ပေါ်ပေါက်ခဲ့သည်။ စတင်းဂန်းသည် အကိုင်ရပေါ့၍ အပစ်ရလွယ်ကူသည်။ ပြောင်းဝမှာ၉မီလီမီတာရှိသည်။ ကိုက် ၂ဝဝ အတွင်းပစ်နိုင်၍ တစ်မိနစ်လျှင် ကျည်ဆန် ၅ဝဝ ထွက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)