စကီးစီးခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အယ်လ်ပ်တောင်တန်း ပေါ်တွင် စကီးစီးသူတစ်ဦး ကွေ့နေပုံ

စကီးစီးခြင်း[ပြင်​ဆင်​ရန်​]

ရေခဲသော တိုင်းပြည်များတွင် ရေခဲပြင်ပေါ်၌ စကီးဟုခေါ် သော သစ်သားလျှောဖိနပ် စီးနင်း၍ ခရီး သွားလာကြသည်ကို စကီးစီးခြင်းဟု ခေါ်သည်။ ထိုလျှောဖိနပ်မှာ သာမန်အားဖြင့် ၃ လက်မမှ ၅ လက်မအထိ ဗြက်ရှိသည်။ အလျားမှာ ၅ ပေမှ ၈ ပေအထိ ရှည်သည်။ အထူမှာ တစ်လက်မနှင့် တစ်မတ်ခန့် ထူသည်။ ဖိနပ်၏ ဦးရောနောက်ပါ ရှည်မျောမျော ရှိသည်။ စကီးနှင့်စကိတ်တို့ ခြားနားချက်မှာ စကီးသည် သစ်သားဖိနပ် ဖြစ်၍၊ စကိတ်မှာ ရိုးရိုးသားရေဖိနပ် အောက်တွင် တပ်ဆင် ထားနိုင်သော သံမဏိပြားကိရိယာဖြစ်သည်။ (စကိတ်စီးခြင်း လည်း။) လျှောဖိနပ်ကို စီးမည်ပြုသည့်အခါ ထိုဖိနပ်ကို ခြေဖမိုးနှင့် ခြေမျက်စိတို့တွင် အခိုင်အမာ ချည်နှောင်တုပ်ပိုး၍ စီးရသည်။

ရေခဲသော တိုင်းပြည်များတွင် လျှောဖိနပ်စီးခြင်း ဓလေ့မှာ ရှေးဟောင်းကပင် ရှိနှင့်ပြီဟု သိရသော်လည်း လျှောဖိနပ်စီး ခြင်းကို ကစားခုန်စား တစ်ရပ်အနေဖြင့် တီထွင်ကြသည်မှာ များစွာ မကြာသေးချေ။ခရစ် ၁၈၆ဝ ပြည့်နှစ်လောက် နော်ဝေး နိုင်ငံတွင် စကီးစီးခြင်းကို ကစားခုန်စားပြိုင်ပွဲတစ်ရပ်အနေနှင့် ကျင်းပခဲ့ရာမှ အစပြု၍ စကန်ဒီနေးဗီးယား ကျွန်းဆွယ် တစ်လျှောက်ရှိ နိုင်ငံများသို့ ထိုစကီးစီးခြင်း အလေ့အထသည် ပျံ့နှံ့သွားလေသည်။ ထိုနောက်၌ကား ဥရောပတိုက်တွင်သာမက ဩစတြေလျတိုက်နှင့် နယူးဇီလန်ပြည်တို့တွင်လည်း စကီးစီး ခြင်း ခေတ်စားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်သည်။ စကီးစီးခြင်း၌ တောင်ထိပ်မှ တောင်အောက်သို့သာ လျှောချစီးဆင်းနိုင်သည်မဟုတ်၊ တောင်အောက်မှလည်း တောင်ထိပ်သို့ စီးတက်နိုင်သည်။ ဤသို့ အနိမ့်မှ အမြင့်သို့ တက်နိုင်ရန်၊ တောင်ဝှေးများကို အသုံးပြုရသည်။ များသော အားဖြင့် ထိုတောင်ဝှေးတို့၏ အောက်ခြေ၌ ဘီးတပ်လျက် ပါရှိသည်။ သို့ရာတွင် အမြင့်သို့ တက်သောအခါ၊ စကီးဖိနပ် ကို တည့်တည့် မတ်မတ်စီး၍ လျှောက်ရန် မဖြစ်နိုင်ချေ။ ထိုအခါ၌ ကျွမ်းကျင်မှု လိုလေသည်။ စကီးစီး သူသည် ခြေကိုခွင်၍၊ စကီး ဖိနပ်ကို သွားရာလမ်းကြောင်း၌ ကန့်လန့် ဖြတ်၍ ချပြီးလျှင် လျှောက်ရသည်။ ဤသို့ လျှောက်သည့်အခါ စကီး ဖိနပ်ရာသည် ဆီးနှင်း ဖွေးဖွေးထဲတွင် ကင်းခြေများ လျှောက်သွား၍ ကျန်ရစ်သော ကင်းခြေများ ခြေရာသဏ္ဌာန် ကျန်ရစ်သည်။


စကီးစီး ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်တို့သည် သတ်မှတ်ထား သော တာထွက်မှ ပန်းတိုင်သို့ အတိုဆုံးခရီးဖြင့် အမြန်ဆုံး ရောက်အောင် လျှောစီးကြရသည်။ အတိုဆုံးခရီးဖြင့် ရောက်ရ လေအောင် မတ်စောက်သောချောက်များကို ခုန်ဆင်းရသည်မှာ စွန့်စားခြင်းတရပ်ပင် ဖြစ်သည်။ အချို့ကစားနည်းမှာ တောင် ကုန်းမှ မိုင် ၆ဝ နှုန်းမျှဖြင့် လျှောဆင်းပြီးလျှင် သတ်မှတ်ထား သော နေရာသို့ ရောက်လျှင် လေထဲတွင် ခုန်တက်ရသည်။ အချို့သော ကစားပွဲ တို့၌ကား၊ တောင်ကမ်းပါးစောင်း တစ်လျှောက်တွင် ခုန်၍ဆင်းရသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)