စကား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လူမှုပတ်ဝန်းကျင်းတွင် ဆက်ဆံရေးအတွက် အချင်းချင်း နားလည်စေရန် နုတ်ဖြင့် ပြောဆိုဆက်ဆံရာမှာ ထွက်ပေါ်သော အသံကို စကားဟုခေါ်သည်။

ဗုဒ္ဓဝါဒလာ စကား[ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘုရားက သမ္မာဝါစာဟူ၍ အကျိုးရှိစေမည့် စကားပြောဆိုနည်းကို ဟောကြားခဲ့ဖူးသည်။

သမ္မာဝါစာ

သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -

(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။

(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။

(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။

(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

စကား။ ။ လူတစ်ဦး၏အတွေးအခေါ်ကို အခြားတစ်ဦးကသိရှိ နားလည် စေရန် အလို့ငှာ စကားသည် အရေးပါ အရာရောက်သော 'ဆက်သွယ်ရေး'ပစ္စည်းတရပ်ဖြစ်သည်။ လူတစ်ဦးက အခြားလူ တစ်ဦးအား မိမိစိတ်၌ ဖြစ်ပေါ်သော အကြောင်းကိစ္စကို ဖွင့်ဟ ထုတ်ဖော်လိုလျှင်၊ စကားဖြင့် ထုတ်ဖော် ပြောကြားနိုင်သည်။ နားထောင်ရသောသူကလည်း ပြောဆိုသူ၏စကားကို ကြားရ လျှင်၊ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သည်။ မိမိက ပြန် လည်ပြောဆိုလိုသည့် ကိစ္စရှိကလည်း၊ စကားဖြင့်ပင် ပြန်လည် ပြောကြားနိုင်သည်။ စကားကို ကျွန်ုပ်တို့ နေ့တိုင်းပြောဆိုနေကြ ငြားသော်လည်း၊ အမှုမဲ့ အမှတ်မဲ့ကြောင့်သာ စကား၏ စူးရှ ထက်မြက်လှသော 'ဆက်သွယ်ရေး'တန်ခိုးအာနိသင်ကို ဂရု မပြုမိကြခြင်း ဖြစ်၏။ တကယ့် စေ့စေ့စပ်စပ် သုံးသပ်လျှင်မူ ကား၊ စကားသည် လူ့ဘောင်အဖွဲ့အစည်းတွင် မည်မျှကျေးဇူးပြု လျက်ရှိသည်ကို သိမြင်လာနိုင် ကြပေသည်။ အကယ်၍ လူ့ လောကတွင် စကားဟူ၍ မရှိပါက၊ လူတို့၏ ပေါင်းသင်း ဆက်ဆံရေးသည်၎င်း၊ ယဉ်ကျေးမှုသည်၎င်း၊ မည်မျှဆုတ်ယုတ် နိမ့်ကျသွားမည်ကို တွေးဆချင့်ချိန် နိုင်ပေသည်။

ဆက်သွယ်ရေးဆိုရာ၌ စကားမှအပ ဖြစ်သော ဆက်သွယ်ရေး တို့လည်း ရှိပေသေးသည်။ မိမိဆိုလိုသော အကြောင်းအရာ ကို လက်ဟန်၊ ခြေဟန်၊ အမူအရာအားဖြင့်လည်း ဖော်ပြနိုင် သည်။ ပန်းချီကား၊ အရုပ်ကားဖြင့်လည်း ဖော်ပြနိုင်သည်။ သို့ဖြစ်လင့်ကစား၊ အထက်ပါ ဆက်သွယ်ရေးကိစ္စတို့သည် လူ အချင်းချင်း နှုတ်ဖြင့် စကားပြောဆို ဆက်သွယ်ခြင်းလောက် ထိရောက်လှသည်မဟုတ်ချေ။

စကားဆိုသည်ကား အဘယ်နည်း[ပြင်​ဆင်​ရန်​]

စကားဆိုသည်မှာ လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် အဓိပ္ပါယ်ပေါ်အောင် နှုတ်မှပေါင်းစပ်ဖွဲ့စည်းကာ ထွက်ပေါ် လာသောအစီအစဉ် စည်းစနစ်ရှိသည့်အသံ 'သင်္ကေတ' များ ပင်ဖြစ်သည်ဟု ဆိုဖွယ်ရာရှိသည်။ လွယ်သောဥပမာကိုဆောင်ရ သော် 'ထမင်းစားကြဆို့ဟေ့'ဟူသော ဝါကျပြည့်စကားတွင် (၁) ထမင်း-စား-ကြ-စို့-ဟေ့ စသော စကားလုံး တို့သည် သင်္ကေတ နှုတ်သံများ ဖြစ်ကြ၏။ (၂) ယင်းစကားသံတို့သည် စနစ်တကျ အစီအစဉ်ဖြင့် ပေါင်းစပ်ဖွဲ့စည်း၍ ထွက်လာသည်။ အကယ်၍ 'ထမင်း-ဟေ့-ကြ-စို့-စား'ဟု အစီအစဉ်ကင်းမဲ့ သော အသံတို့ကို ရွတ်ဆိုခဲ့ပါလျှင် ထို အသံစဉ်တို့သည် အဓိပ္ပာယ် ကင်းမဲ့ပေလိမ့်မည်။ ထိုကြောင့် စည်းစနစ်တကျနှင့် အဓိပ္ပါယ်ပေါ်အောင် အသံစဉ်၍ ထွက်လာရသော နှုတ်သံ (ဝါ) စကားသံများ ဖြစ်ရပေသည်။

လူ၏နှုတ်မှ ထွက်သော အသံတိုင်းသည်လည်း စကားမဟုတ် ပေ။ ဥပမာ လေချဉ်တက်သောအသံ၊ ချောင်းဆိုးသံ၊ နှာချေသံ၊ ညည်းတွားသံ စသောအသံတို့သည် နှုတ်ထွက်အသံများ ဖြစ်ကြ သော်လည်း လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ် ပြောကြားရာ၌ အသုံးပြုသော 'စကားသံ'များ မဟုတ်ကြချေ။ ထိုသို့ 'စကားသံ'မဟုတ်သည့် သာမန် နှုတ်သံများမှာမူ တိရစ္ဆာန် လောက၌ပင် ရှိပေသည်။ ဥပမာ ဆိုလျှင်၊ ခွေး ဟောင်သံ၊ ကျားဟိန်းသံ၊ ကြောင်အော်သံ၊ ကြက်တွန်သံ၊ မြင်းဟီသံ အစရှိသည်တို့ ဖြစ်ကြ၏။ စကားကို ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း ပြောနေကျဖြစ်၍ အမှုမဲ့အမှတ်မဲ့ဖြင့် လွယ်လွယ်ကူကူ ပြောဆိုလိုက်ကြသော် လည်း၊ စကားလုံးများ မည်သို့မည်ပုံ ထွက်လာရသည်၊ လူ တစ်ဦးနှင့်တစ်ဦးစကားဖြင့်ဆက်သွယ်ရာ၌ စကားမပြောမီအချိန် နှင့်စကား ပြော၍ ဆုံးသည့်အချိန်အကြားတွင် လူ၏စိတ်နှလုံး၌ မည်သို့မည်ပုံ လှုပ်ရှား ထိခိုက်ခြင်း ဖြစ်ပေါ်ရသည် တို့ကိုမူ တစ်စေ့တစ်စပ် လေ့လာစူးစမ်းကြည့်မှသာလျှင် အံ့ဩဖွယ်ရာ အချက်အလက်များကို သိရှိကြရသည် ဖြစ်ပေသည်။

လူတစ်ဦးသည် မိမိ ပြောဆိုလိုသည့် အကြောင်းတစ်ခုကို နှုတ်ဖြင့် ဖွင့်ဟပြောဆိုရန် ကြံဆလိုက်သည်နှင့်တပြိုင်နက်၊ နဗ် ကြော(ဝါ)အာရုံကြောများနိုးကြွလာ၍ ပါးစပ်မှ စကားသံ ထွက် လာသည့်တိုင်အောင် ထိုနဗ်ကြောများက သက်ဆိုင်ရာကြွက် သားများကို လှုပ်ရှားစေသည်ဟု ဆိုသည်။

နဗ်ကြောများကြောင့် လှုပ်ရှားလာသော ကြွက်သားတို့မှာ လူ၏ ခါးလယ်မှနားရွက်အထိဖြစ်သော ကိုယ်ခန္ဓာဒေသ အပိုင်းအခြား အတွင်းရှိ ကြွက်သားများဖြစ်သည်ဟု ဆိုသည်။ ဤနည်းဖြင့် စကားကို ပြောဆိုလိုက်ရာ၌ အသံလှိုင်းများသည် နားထောင်သူ ၏ နားစည်သို့ ရောက်လေသည်။ ထိုမှတဆင့် အသံလှိုင်းများ သည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ကာ နားထောင်သူ၏ အတွင်းနား သို့ ရောက်ပြီးလျှင် ထိုမှတစ်ဆင့် နဗ်ကြောများသို့ ရောက်ရှိ သွားလေသည်။ထိုအခါ သက်ဆိုင်ရာ ဦးနှောက်အင်္ဂါစုသည် စကားပြောသူ၏ ဆိုလိုသော အဓိပ္ပါယ်ကို အာရုံခံယူသဖြင့် သိမှုသည် ဖြစ်ပေါ်လာ၏ဟု ဆိုကြသည်။

စကားကို လူ့ယဉ်ကျေးမှု အင်္ဂါရပ်ကြီးတစ်ခု အနေဖြင့်အသိ အမှတ်ပြု၍ ထားကြပေသည်။ အမှန်ဆိုလျှင် စကားကိုမည်သူ မဆို အမိဝမ်းမှ ကျွတ်ကတည်းက တတ်မြောက်လာကြ သည် မဟုတ်ပေ။ ကလေးသူငယ်အရွယ်မှစ၍ တစ်ဆင့်တစ်ဆင့်သင်ကြား မှတ်သား၍သာ တတ်မြောက်လာကြခြင်း ဖြစ်သည်။ ထိုကြောင့် လည်း လူ့ဘောင် အဖွဲ့အစည်း၏ အလေ့အထ ဖြစ်သော စကားပြောမှုကို လူတိုင်းတတ်ကျွမ်းရသည့် အခြင်းအရာမှာ လူ့ယဉ်ကျေးမှုအင်္ဂါရပ်တစ်ခု ဖြစ်လေသည်။

စကား၌ အင်္ဂါတရပ် ရှိသေး၏။ ထိုအင်္ဂါရပ်မှာ အခြားမဟုတ်။ လူ့ဘောင်အဖွဲ့အစည်းကြီးကို ဘာသာစကားအလိုက် နယ်ပယ် ခွဲခြား၍ သွေးစည်းသတ်မှတ်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်ကား၊ ဘာသာစကားတစ်ခုကို နားလည်တတ်ကျွမ်းသူ အချင်းချင်းသည် လူ့ဘောင် အဖွဲ့အစည်း တစ်ခုအနေဖြင့် စည်းစည်း လုံးလုံး ပေါင်းသင်းဆက်ဆံနိုင်ကြ၍၊ အခြားဘာသာစကားကို ပြောကြား သောသူတို့နှင့်မူ ဘာသာစကား အခက်အခဲကြောင့် မိမိတို့ အချင်းချင်း ဆက်ဆံပေါင်းသင်းရသကဲ့သို့ ချောမောပြေပြစ် ခြင်း မဖြစ်နိုင်ချေ။

ထိုကြောင့်လည်း ဘာသာစကားသည် လူ့အဖွဲ့အစည်းတစ်ခုကို ဒေသတစ်ခုအနေနှင့် သီးခြား၍ ဖွဲ့စည်းပေးတတ်သော သဘော ရှိသည်ဟု ဆိုအပ်သည်။ ထိုသို့သော ဘာသာစကား စည်းမျဉ်း နယ်ပယ်များကို ကျော်ဖြတ်၍ အခြားလူ့အဖွဲ့အစည်းများနှင့် ပေါင်းသင်းဆက်ဆံနိုင်သူမျိုးမှာကား အခြားမဟုတ်၊ မိမိဘာသာ စကားအပြင် အခြားဘာသာစကားများကိုလည်း တတ်ကျွမ်းပြောဆို နိုင်သော ပုဂ္ဂိုလ်များပင် ဖြစ်ချေသည်။

စကား၏ စွမ်းအင်သတ္တိကြီးတစ်ရပ်လည်း ရှိသေးသည်။ လူတိုင်း လူတိုင်းသည်အချင်းချင်း ဆက်သွယ်ပေါင်းသင်းရာတွင် စကားဖြင့် ပြောကြား နားလည်ကြသည်ကား မှန်၏။ စကားကို လူတိုင်း ပြောတတ်သော်လည်း ပြောရာတွင်ထိရောက်မှုချင်းကား မတူကြ ချေ။ လေယူလေသိမ်းတွင် သူတစ်ပါးထက် ထူးချွန်ကောင်းမွန် အောင် ပြောနိုင်သူများလည်း ရှိသည်။ မိမိပြောလိုသည့်အဓိပ္ပါယ် ကို သူတစ်ပါးထက် ရှင်းလင်းပြတ်သားအောင် ပြောနိုင်သူများ လည်းရှိသည်။ သူတစ်ပါး၏နားတွင်စွဲငြိ၍ သွားလောက်အောင် ပြောနိုင်သူများလည်း ရှိသည်။ အခြားတစ်ဖက်က ကြည့်ပြန် လျှင်လည်း၊ သူတစ်ထူးနားမခံသာအောင် အပြောကြမ်းသူများ လည်း ရှိသည်။ မိမိပြောဆိုသည့် အဓိပ္ပါယ်ကို မရောက်ဘဲ၊ ရှုပ်ထွေးသွားခြင်းဖြင့် နားထောင်သူ၏အာရုံကို ပျက်ပြားစေသော စကားပြောသူများလည်းရှိသည်။

ထိုကြောင့်လည်း စကားအရာနှင့် ပတ်သက်၍ 'နှုတ်ချိုလျှို တစ်ပါး'၊ 'ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်း လက်လေးသစ်'ဟူသော စကားပုံဆိုရိုးများ ရှိနေသည်မဟုတ် ပါလော။


မည်သို့ပင်ဖြစ်စေ စကား၏အခြေခံ အဓိကဂုဏ်ပုဒ်ကြီး သည် လူ့ယဉ်ကျေးမှု တည်သမျှ ကာလပတ်လုံး တည်မြဲနေမည် ဖြစ်၏။ ထိုဂုဏ်ပုဒ်ကြီးကာ အခြားမဟုတ်၊ လူအချင်းချင်းကို လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာအောင် ပေါင်းစည်းပေးသည့် 'ဆက်သွယ်ရေး' သဘောပင် ဖြစ်သည်။ လူတို့ ရေးသားအသုံးပြုသော 'စာ'မှာ 'စကား'၏ နောက် ကာလအတန်ကြာမှ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စကားသည် မူရင်းဒြဗ်ဝတ္ထု၊ မူရင်းအတွေးအခေါ်၊ မူရင်းစိတ်လှုပ်ရှားမှုတို့၏ အသံသင်္ကေတများဖြစ်သကဲ့သို့၊ ထိုနည်းအတူ စာသည် စကား ၏ သင်္ကေတလက္ခဏာပင် ဖြစ်တော့သည်။ စာသည် ပင်ရင်း မဟုတ်၊ စကားသာ ပင်ရင်းဖြစ်သည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)