ငုရွှေဝါပင်

Wikipedia မှ
(ငုပင် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plant ae
မျိုးစဉ် Fabales
မျိုးရင်း Fabaceae
မျိုးစု Cassia (genus)
မျိုးစိတ် C. fistula
ဒွိနာမ
Cassia fistula

ငုပင်[ပြင်​ဆင်​ရန်​]

ငုပင်တွင် (၁) ငုပင်သို့မဟုတ် ငုကြီးပင်၊ (၂) ငုရွှေ သို့မဟုတ် ငုစပ်ပင်၊ (၃) ငုသိန်ပင် ဟူ၍ ၃ မျိုးကွဲပြားသည်။ မိုးကုတ်နယ်တွင်မူ ငုရွှေပင်ကို ငုရွှေအဖိုပင်ဟူ၍၎င်း၊ ငုပင် (ငုကြီးပင်)ကို ငုရွှေအမပင်ဟူ၍၎င်း ခေါ်ကြသည်။ ငုပင်တို့ သည် ပင်လတ်မျိုးဖြစ်၍ ယင်းတို့ကို မြန်မာနိုင်ငံ အနှံ့အပြား မှာပင် တွေ့နိုင်ပေသည်။ အမျိုးချင်းနွယ်သော်လည်း တစ်မျိုးစီ တွင် ထူးခြားကွဲလွဲချက်များ အသင့်အတင့် ရှိကြ၏။ ဤငုပင် ၃ မျိုးအနက် အသုံးဝင်ဆုံးကား ငုပင်(ငုကြီးပင်)ပင် ဖြစ်လေ သည်။

ငုပင် (ငုကြီးပင်) (ကက်ဆီယာဖစ္စတျူလာ)[ပြင်​ဆင်​ရန်​]

ငုကြီးပင်သည် ပေ ၅ဝ အထိမြင့်နိုင်၍ အကိုင်းအခက်နှင့် အရွက်များ ခပ်ကျဲကျဲသာ ထိုးထွက်နေသဖြင့် အရိပ်ကောင်း ကောင်း မပေးနိုင်ချေ။ သို့သော် နွေဥတုအကုန်လောက်၌ ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ထွက်ပြူစအချိန်နှင့် မရှေး မနှောင်းတွင် တစ်ပင်လုံး ဝင်းထိန်နေအောင် အဆုပ်လိုက် အခိုင်လိုက် တွဲလျားကျပွင့်လေ့ရှိသော အပွင့်ဝါများကြောင့် ဤငုပင်မျိုးကို ခြံဥယျာဉ်များတွင် အလှအပအတွက် စိုက်ပျိုး ထားတတ်ကြသည်။ ငုပင်သည် ကြီးခဲသော အပင်ဖြစ်သည်။ သို့သော် အမြစ်စွဲမိလျှင် ခိုင်ခံ့လာသည်။ ငုပင်ကို အစေ့မှ မျိုးပွားနိုင်သော်လည်း အောင်မြင်သည့်အစေ့များ နည်းပါး ခြင်းကြောင့် မြေဩဇာ ကျွေး၍ ဂရုတစိုက် စိုက်ပျိုးရသည်။ ပြောင်းရွှေ့စိုက်ပျိုးလျှင်လည်း မျိုးပင်များ နုနယ်ခြင်းကြောင့် ၂ နှစ်သား မျိုးပင်များကိုသာ ပြောင်းရွှေ့ စိုက်ပျိုးသင့်လေသည်။ အသက်နုစဉ် ငုပင်၏ပင်စည်သည် အဝါမွဲရောင်ရှိ၍ ချော မွတ်သော်လည်း ကြီးရင့်လာသောအခါ နီညိုရောင်ဖြစ်ကာ ကြမ်းလာသည်။ အရွက်များမှာ ၃ လက်မမှ ၇ လက်မအထိ ရှည်၍ ချောမွှတ်သည်။ အပွင့်များမှာ ဖော်ပြခဲ့သည့်အတိုင်း ဝါ၏။ အသီးတောင့်လုံးရှည်များမှာ ၂ ပေ၊ ၃ ပေခန့်ရှည်၍ မှည့်လျှင် အနက်ရောင်ဖြစ်လာသည်။ ငုသား၏ အရောင်မှာ နီညစ်ညစ်ဖြစ်၍ တာရှည်ခံပြီးလျှင် ပြောင်လက်လာအောင် အရောင်တင်ပေးနိုင်သည်။ ငုသားကို အိမ်ဆောက်လုပ်ရန်နှင့် လှေ၊ လှည်း၊ လှည်းဘီး၊ ထယ်၊ ထွန်များ၊ ဆန်ထောင်းကျည်ပွေ့ စသည်များ ပြုလုပ်ကြသည်။ ငုခေါက်ကို သားရေနယ်ရာ၌ အသုံးပြုရသည်။ ငုသီးမှည့်၏ အသားနှင့် ငုမြစ်တို့ကိုမူ ဝမ်းနုတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။

ငုရွှေပင်(ငုစပ်ပင်) (ကက်ဆီယာရင်နီဂျားရား)[ပြင်​ဆင်​ရန်​]

ငုရွှေပင်သည် အမြင့်ပေ ၃ဝ အထိ ရှိသည်။ အခက်နှင့် အရွက်များမှာ ကတ္တီပါရောင် ထနေသည်။ အရွက်များ ထူထပ် ပေါများ၍ ၁ လက်မ၊ ၂ လက်မခန့်ရှည်သည်။ အသီးမှာ ငုသီး (ငုကြီးသီး)နှင့် အလားတူဖြစ်သော်လည်း ၁၅ လက်မမှ ၁၈ လက်မအထိသာ ရှည်သည်။ အပွင့်များသည် ပန်းရောင်ဖြစ်၍ ငုကြီးပင်နှင့် မခြား၊ အဆုပ်လိုက် အခိုင်လိုက်ပွင့်ကြသဖြင့် တစ်နည်းတစ်ဖုံ လှပကြပေသည်။

ငုသိန်ပင် (ကက်ဆီယာနိုဒိုဆာ)[ပြင်​ဆင်​ရန်​]

ငုသိန်ပင်သည် ငုရွှေပင်နှင့် ခပ်ဆင်ဆင်တူသည်။ ထိုအပင်၌ ချောမွတ်တောက်ပသော အရွက်ချွန်များ ပိုမိုများပြား၍ အပွင့် မှာ မွှေးကြိုင်လျက် အဖြူနှင့် ပန်းရောင်အစင်းကြောင်းများ ပါရှိ၏။[၁]

Pudding Pipe Tree; Purging Cassia (ငုရွှေ ၊ ငုပင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Cassia fistula Linn
  • Species/Family : Caesalpiniaceae


ပုံသဏ္ဌာန် : ပင်လတ်မျိုး ဖြစ်ပြီး ကိုင်းဖြာသည်။ ရွက်ပေါင်း ဖြစ်ပြီး ရွက်မြွှာများ သည် ၃စုံမှ ၆စုံ အထိ ရှိသည်။ အပွင့် များသည် အဝါရောင် ဖြစ် ပြီး သီးတောင့်ရှည် ဖြစ်သည်။ အပင်ပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ ထိမြင့်နိုင်သည်။ လုံးပတ် ၃ ပေ မှ ၅ ပေ အထိရှိ၏။ အကိုင်းများမာ၍ တောင့်တင်းသည်။အခေါက်အပင်ငယ်စဉ် ချောမွတ်၍ အပင်ကြီးသော် ကြမ်းလာသည်။ အရွက်ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်၏။ ၁ ပေ သို့မဟုတ် ၁ ပေ ကျော်ကျော် ရှည်၏။ ရွက်မြွာ ၅-၇ စုံထိပါရှိ၍ မျက်နှာချင်းဆိုင်ထွက်၏။ ၁-၆ လက်မထိရှည်၏။ ရှည်မျောမျော ဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ကြောများထင်ရှားသည်။ အရွက်အောက်မျက်နှာပြင်၌ အမွေးနုကလေးများ ရှိသည်။ ရွက်နားညီပြီး လှိုင်းအနည်းငယ်တွန့်၏။ အပွင့်ရွှေဝါရောင် ရှိ၏။ အခိုင်လိုက်ပွင့်သည်။ အပွင့်ကြီးသည်။ ပွင့်ခိုင် ၁ ပေကျော်ရှည်သည်။ တန်ခူး ၊ ကဆုန်လတွင် ပွင့်သည်။ အသီးအသီးတောင့် ၁ ပေ ၁ ပေခွဲခန့် ရှည်၏။ မှည့်လျှင် အရောင် နက်လာသည်။ ဆောင်းရာသီတွင် အသီးမှည့်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်၊ အသီး၊ အနှစ်၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ ပူပြင်းစိုစွတ်သော ရာသီဥတုမျိုးကို နှစ်သက်သော်လည်း ပူပြင်းခြောက်သွေ့သော ရာသီဥတုမျိုး၌လည်း ဖြစ်ထွန်းသည်။ အမြင့်ပေ၄၀၀၀ အထိ စိုက်ပျိုးပေါက်ရောက်နိုင်သည်။ ပေါက်ရောက်ပုံ။။ သဘာ၀အလျောက် ပေါက်ရောက်၏။ ပန်းဥယျာဉ်တို့၌လည်း အလှ စိုက်ပျိုးကြ၏။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာ့ဆေးကျမ်းများအလိုအရ အသီးသည် ချိုသက်သက်ဖြစ်၏။လေး၏။ ဝမ်းကို စင်ကြယ်စေသည်။ အရွက်သည် နူးညံ့စွာ ဝမ်းသက်စေသည်။ အပွင့်သည် အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ချို၏။ ဝမ်းသက်စေ၏။ လေသည်းခြေကို နိုင်၏။အသီးသည် နှုတ်မြိန်စေ၏။ နူနာကို ပယ်တတ်၏။ သလိပ်ကို နိုင်၏။ အသုံးပြုပုံ- ပဉ္စငါးပါး ၁။ပဉ္စငါးပါး(အမြစ်၊ အခေါက်၊အသီး၊အပွင့်၊အရွက်) ကို ရေနှင့် သွေးလိမ်းသော် ပွေးနာ၊ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါတို့ကို ပျောက်၏။ အရွက် ၁။အရွက်ကိုကြိတ်၍ ရသော အရည်နှင့် လိမ်းကျံပေးပါက ရေယုန်ကြီးနာပျောက်၏။ ၂။အဆစ်ရောင်ရာ၌ အရွက်ကို ပူအောင်လုပ်၍ ကြပ်ထုပ်ထိုးပေးက ပျောက်၏။ ၃။အရွက်ကို ရှာလကာရည်နှင့် ကျောက်ပြင်တွင် ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့်လူးသော် နူနာနှင့် အခြားအရေပြားရောဂါများ ပျောက်၏။ ၄။ဝမ်းချုပ်လျှင် အရွက်နုကို ဟင်းချိုချက်သောက်ရ၏။ အသီးအနှစ် ၁။အသီးအနှစ်ကို သွေး၍ နေ့ဘက်တွင် ချက်၌ လိမ်းပေးသော် ဆီးအောင့်ဆီးချုပ်နှင့် ဆီး၌ သွေးပါသော ရောဂါပျောက်၏။ ၂။မန်ကျည်းနှင့် ငုနှစ်တို့ကို အညီအမျှယူ၍ ညဦးတွင်ရေစိမ်ပြီး ညအိပ်ရာဝင်စစ်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်ပြီးဝမ်းချုပ်ရောဂါပျောက်၏။ ၃။ငုနှစ်ပြုတ်ရည်ကို နား၌ ခတ်ပေးသော် နားနှင့်ပတ်သက်သော ရောဂါပျောက်၏။ ၄။ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။ အမြစ် ၁။အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၃)
  2. http://arogyamonline.com/commodity/materials/?raw=123