ငရဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ငရဲ ကို များစွာသော ဘာသာတရားများ အရ၊ တမလွန်တွင် ခံစားရန် နေရာဟု အသိအမှတ် ပြုကြသည်။ ဘာသာအားလုံးနီးပါး၏ တညီတညွှတ်ထဲရှိသည့် သတ်မှတ်ချက်အရ ငရဲပြည်သည် အများအားဖြင့် မြေကြီးထဲတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ တွင် ငရဲကို ဆီပူအိုးကြီးထဲ့တွင် ချပြီး ငရဲသားများ၏ အချွန်များဖြင်ထိုးခြင်းကို ခံရသည်ဟု ဖေါ်ပြသည်။ ခရစ်ယာန်ဘာသာ နှင် အစ္စလာမ်ဘာသာ တွင်မူ အလွန် ခံစားစေရသော ညီးငြူမှုများဖြင် ဖော်ပြသည်။

ငရဲ။ ။


ဤကမ္ဘာလောက၌ မှီတင်းနေထိုင်ကြသော လူမျိုးအသီးသီး တို့တွင် အဆုံးအမ အသီးသီး ရှိကြကုန်၏။ ထို အဆုံးအမ တို့ကို ယေဘုယျအားဖြင့် အခြေအမြစ်ရှာကြည့်လျှင် ကောင်း သော အမှုကိုပြုသူတို့သည် ချမ်းသာ၏။မကောင်းသော အမှုကို ပြုသူတို့သည် ဆင်းရဲ၏။ ကောင်းမှုပြုသူတို့ကား ချမ်းသောဘုံ ၌ စံရ၍၊ မကောင်းမှုပြုသူတို့သည် ဆင်းရဲသောဘုံ၌ ခံရသည်။ ရှေးဂရိလူမျိုးများ၏ အယူဝါဒတွင် သေသောသူတို့၏ တမလွန် ဘဝတည်ရာဌာနသည် ဟေးဒီးဖြစ်သည်ဟူ၏။ နောင် မှ ပေါ်ပေါက်လာကြသော ခရစ်ယာန်တို့က ထိုဟေးဒီးအား ငရဲဘုံဟု ယူဆကြ၏။ ယဟူဒီလူမျိုးများကမူ ငရဲကို ဂီဟင်း နားဟု ခေါ်သည်။ ပါးရှင်းလူမျိုးတို့ ကိုးကွယ်သော ဇိုရိုအက် စတာ အယူဝါဒတွင်မူ ငရဲသည် အပြစ်ကျူးလွန် ဆိုးသွမ်းသူ များကို ခေတ္တဒဏ်ခတ်ရာ ဘုံဖြစ်၍ နောက်ဆုံး ကယ်တင်ရှင် ကြီး ပေါ်ထွက်လာသည့်အခါ ငရဲပျောက်ပျက်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်အယူဝါဒတွင် ငရဲဘုံသည် အပြစ် ကျူးလွန် ဆိုးသွမ်းသူများ သွားရာဘုံဖြစ်၍ ငရဲသို့လားသူများ မှာ လွတ်မြောက်ရာလမ်း မရှိချေ။ ခရစ်ယာန်ငရဲတွင် မည်သို့ မည်ပုံ ငရဲခံရသည်ကိုမူ ခရစ်ယာန်ဂိုဏ်းများ ကွဲပြားသလောက် ယူဆပုံ အမျိုးမျိုး ကွဲပြားသည်။

ဗရင်ဂျီဂိုဏ်းဝင်ခရစ်ယာန်များကမူ ငရဲဘုံအပြင်၊ ပါဂဂါထရီ ခေါ်သော ဘုံရှိသေးကြောင်း၊ ထာဝရ ဘုရားသခင်အား ပစ် ပယ်ခြင်း မဟုတ်ဘဲ ယုံကြည်အားထားလျက်နှင့်ပင် ပြစ်မှု အငယ်စား ကျူးလွန်သူများသည် ကွယ်လွန်သော် အဆိုပါ ပါဂါထရီဘုံတွင် ပထမအပြစ်ဒဏ်ခံရပြီးမှ ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်း၊ ပါဂါထရီဘုံတွင် ခံစားနေရခိုက် လူ့ဘုံ တွင် ကျန်ရစ်သူများက ဆုတောင်းခြင်း၊ ကွယ်လွန်သူအတွက် ဘုရား ရှိခိုးခြင်း ပြုလုပ်ပါက အပြစ်ဒဏ်ခံစားရမှု လျော့ပါး ကြောင်းဖြင့် ယုံကြည်ကြ၏။ ထို့အပြင် ခရစ်တော် မပေါ်ခင်က ကမ္ဘာတွင် နေထိုင်ခဲ့သူ လူများအနက်၊ သူတော်ကောင်းများ သည် ကောင်းကင်ဘုံသို့ မဝင်နိုင်ခဲ့သော်လည်း၊ ငရဲဘုံသို့ မရောက်ဘဲ၊ ငရဲနှင့်မနီးမဝေး လင်းဗိုးခေါ်သောဘုံတွင် နေခဲ့ကြ ရကြောင်း၊ ခရစ်တော်သေခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သောအခါမူ ထိုလင်းဗိုး၌ နေရသူများ အား ကောင်းကင်ဘုံသို့ ကယ်တင်သွားကြောင်းဖြင့်လည်း ခရစ်ယာန်ဝါဒပေါ်စ ခေတ်ဦးက ယုံကြည်ခဲ့ကြသည်။ မွေးခါစ သေသော ကလေးများ၊ ရေဖျန်း၍ ခရစ်ယာန်သာသနာသို့ မသွင်းခင် သေဆုံးသောကလေးများမှာလည်း ခရစ်ယာန် သေ ခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သော အခါမူ ထိုလင်းဗိုး၌ နေသူများအား ကောင်းကင်ဘုံသို့ ချမ်းသာ ခြင်းလည်း မရ၊ ဆင်းရဲ ည|ဉ်းပန်းခြင်းလည်း မခံရသော လင်း ဗိုးဘုံသို့ ရောက်သည်ဟု ယူဆခဲ့ကြသည်။ ဤအယူကို ဗရင်ဂျီ ခရစ်ယာန်ဂိုဏ်းသည် ယခုအထိ လက်ခံကြ၏။

ခရစ် ၁၂၆၅ ခုနှစ်၌ မွေး၍ ၁၃၂၁ ခုနှစ်တွင် ကွယ်လွန် သော အီတလီလူမျိုး ဒန်တီခေါ် ကဗျာဆရာတစ်ဦးက သူ၏ ဝိညာဉ်သည် ငရဲ၊ ပါဂါထရီနှင့် ကောင်းကင်ဘုံများသို့ အနှံ့ အပြား လှည့်ပတ်ကြည့်ရှုခဲ့ကြောင်းကို အီတလီဘာသာဖြင့် လက‡ာစပ်၍ 'ဒီဗိုင်းကော်မဒီ'ခေါ် ကဗျာရှည်ကြီးကို ရေးသားခဲ့ ရာ ငရဲနှင့် ပါဂါထရီဘုံများကို စာဖတ်သူစိတ်စွဲစေလောက် အောင် ဖော်ပြနိုင်သဖြင့် အလွန်နာမည်ကျော်ကြား သွားလေ သည်။ နေမိဘုံခန်းပျို့နှင့် နှိုင်းယှဉ်ဖတ်ရှုနိုင်လေသည်။ သိုး ဆောင်းစာပေတွင် ထိုဒန်တီ၏ကဗျာပါ ငရဲခန်း၊ ပါဂါထရီခန်း တို့မှ သရုပ်ဖော်အကွက်များကို အကြိမ်များစွာ ကိုးကား ဖော်ပြ ခြင်းများကို တွေ့နိုင်ပေသည်။ ထိုကဗျာရှည်ကြီးကို အနောက် နိုင်ငံ ဘာသာစကား အရပ်ရပ်များသို့ ပြန်ဆိုထားပေသည်။


ဗုဒ္ဓသာသနာ အဆုံးအမ၌ တည်ကြကုန်သော သူတို့က ငရဲဘုံကို ချမ်းသာမရှိ၊ ဆင်းရဲအတိပြီးသော အရပ်ဖြစ်သည်ဟု ယူဆကြ၏။ ငရဲဟူသော ဝေါဟာရမှာ အဘိဓမ္မာအလိုအားဖြင့် နိရိယဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု ဆို၏။ ပုဂံကျောက်စာ၌ ဆိုဝ်ငြယ်ဟု ရေး၏။ ဆိုးသော ငရဲဟု အဓိပ္ပါယ်ရ၏။ အဘိဓမ္မာအလို ဘုံ ၃၁ တွင် ကာမ ၁၁ ဘုံ ဟု ရှိ၏။ ထိုကာမဘုံတွင် အပါယ်လေးဘုံရှိိ၏။ ထိုအပါယ် လေးပုံတို့ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့ ဖြစ်ကြ၏။ ယခု ကျွနု်ပ်တို့ လူအများနေရာ ဇမ္ဗူဒီပါတောင် ကျွန်း၏ အောက်ဆုံးအထပ်၌ ဆင်းရဲအတိပြီးသော အရပ်ကြီး ရှစ်ပါးရှိသည်ဟု ဆို၏။ ယင်းကို ငရဲကြီးရှစ်ထပ်ဟု ခေါ်ကြ သည်။

၁၂၆၃ ခုနှစ်တွင် ဘီးလင်းမြို့နေ စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်းအလိုအားဖြင့် ငရဲဘုံ ဖြစ် တည်ခြင်းအကြောင်းမှာ ဤသို့တည်း။ 'ကမ္ဘာဖြစ်တည်ခြင်းနှင့် တစ်ပြိုင်နက်ဖြစ်သော အပါယ်ငရဲ ရှစ်ထပ်တို့၏ တည်ရာအရပ် အစောက်သည်ကား အပေါ်ပထမ ဖြစ်သော သိဉ္ဇိုဝ်းငရဲ၏ တည်ရာဌာနသည်ကား ယူဇနာ ရှစ် ထောင့်ခြောက်ရာရှိ၏။ ယင်းအောက် ဒုတိယဖြစ်သော ကာလ သုတ်ငရဲ တည်ရာဌာနသည်ကား ယူဇာနာရှစ်ထောင့်ရှစ်ရာရှိ၏။ ယင်းအောက် တတိယဖြစ်သော သဃ‡ာငရဲတည်ရာဌာနသည် ကား ယူဇနာ ကိုးထောင်ရှိ၏။ ယင်းအောက် စတုတ္ထငရဲ ဖြစ်သော ရောရုဝ ငရဲတည်ရာဌာနသည်ကား ယူဇနာကိုးထောင့် နှစ်ရာ ရှိ၏။ ယင်းအောက် ပဉ္စမဖြစ်သော မဟာရောရုဝငရဲ တည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့်လေးရာ ရှိ၏။ ယင်း အောက် ဆဋ္ဌမဖြစ်သောတာပန်ငရဲသည်ကား ယူဇနာကိုးထောင့် ခြောက်ရာ ရှိ၏။ ယင်းအောက် သတ္တမဖြစ်သော မဟာတာပန ငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့် ရှစ်ရာရှိ၏။ ယင်းအောက် အဋ္ဌမဖြစ်သော မဟာအဝီစိ ငရဲ တည်ရာဌာန သည်ကား ယူဇနာ တစ်သောင်းရှိ၏။ ထိုငရဲ တစ်ဘုံနှင့် တစ်ဘုံအခြား အကွာယူဇနာ ခုနစ်ရာစီချည်းနှင်နှင်ခြား ကွာ၏။ ထိုငရဲရှစ်ထပ်တို့၌ တစ်ခဲနက် သံမြေခံကုန်၏။ နံရံ လေးဖက်သည်လည်း တစ်ခဲနက် သံမြေပင်ကာရံလျက် ဖြစ်၏။ အထက် အပေါ်ကလည်း ထို့အတူ တစ်ခဲနက် သံမြေ လွှမ်းမိုး ၏။ ထိုငရဲဲရှစ်ထပ်နှင့် တစ်ပြိုင်နက်တည်ရာ အသူရကာယ် တို့သည် ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံမှ မိမိတို့ ကုသိုလ်ကံကုန်သည် ဖြစ်၍၊ မိမိတို့ ပြုဘူးသော ကုသိုလ်ကံ တိုက်တွန်းသဖြင့်၊ ကမ္မက္ခယစုတေခြင်းဖြင့် စုတေခဲ့ပြီးလျှင်၊ မိမိတို့အကုသိုလ်ကံ နှင့် လျော်သင့်ရာ၊ နှစ်ကြိမ် သုံးကြိမ်ကာလ အခြားမရှိ၊ စုတိ ပဋိသန္ဓေဖြစ်၍ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သဃ‡ာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူသော ငရဲကြီးရှစ်ထပ် တို့၌ အသူရကာယ်ဖြစ်သော ငရဲသူတို့သည် ရွှေအဆင်းကဲ့သို့ ချည်းနှင်နှင် အသီးအသီး များစွာ ဖြစ်ကြ ကုန်၏။ ထိုနှင့် တစ်ပြိုင်နက် ဘုံနန်းဗိမာန်၊ ရေကန်ဥယျာဉ်၊ သစ်ပင်နွယ်ကြိမ်၊ တောအုံ ချုံမြက်၊ အိုင်အင်း တောင်ကမ်းနှင့် တကွ၊ ဓား၊ လှံ၊ ခက်ရင်း၊ ရဲတင်း၊ ပုဆိန်၊ သံတံကျင်၊ သန်လျက်၊ သနတည်းဟူသော အသုံးအဆောင်မျိုးတို့သည် ဖြစ် ကြကုန်၏။ အဝန်း ယူဇနာ ကိုးဆယ်၊ အစောက်ယူဇနာ သုံးဆယ်ရှိသော တစ်ခဲနက် သံအိုးကင်းကြီးတစ်ခု၊ ယင်း သံအိုးကင်းကြီးတစ်ခုကို အဝန်း ယူဇနာသုံးဆယ်၊ အစောက် ယူဇနာ တစ်ဆယ်၊ တစ်ခဲနက် ပြီးသော သံအိုးကင်းငယ် တစ်ဆယ့်ခြောက်လုံး စီရံလျက်၊ ငရဲကြီးတစ်ထပ် တစ်ထပ်တို့ ဖြစ်ကြကုန်၏။ ထိုပြင် ငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ် တစ်ထပ်မှာ ရှစ်မျက်နှာ၊ ရှစ်မျက်နှာတို့တွင် အငယ်ဖြစ်သော ဥဿဒ္ဒရက်ငရဲ၊ တစ်မျက်နှာကို နှစ်လုံးနှစ်လုံးစီ၊ ယူဇနာ တစ်ထောင့်ငါးရာစီ ခြားလျက် ရံ၍ ဖြစ်ကြကုန်၏။' ငရဲကြီးရှစ်ထပ်တို့တွင် မည်သို့ပင် သတ်ဖြတ် ည|ဉ်းဆဲသော လည်း ကံမကုန်သမျှ အဖန်ဖန် အသက်ရှည်၍ ခံရသောငရဲ ကား၊ သိဉ္ဇိုဝ်းငရဲတည်း။ မည်းနက်သော တစ်မျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေ သကဲ့သို့ လှီးဖြတ်ခြင်းခံရသော ငရဲကား ကာလသုတ် ငရဲတည်း။ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန် လှိမ့်မွှေကြိတ်ချေ ည|ဉ်းဆဲခြင်းခံရသော ငရဲကား သဃ‡ာတ ငရဲတည်း။ မီးတောက် မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်း နှိပ်စက်ခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးသော အသံ ရှိသည့် ငရဲကား ရောရုဝ ငရဲတည်း။ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံး နှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာ အော်မြည်နေရသော ငရဲ ကား မဟာရောရုဝတည်း။ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက် ခြင်းကို ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲထဲ၌ အမြဲကင်ဖုတ် ခံရေသော ငရဲကား တာပနငရဲတည်း။ အလျှံ ရဲပြောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက် မောင်းတင် ခြင်း ခံနေရ၍ မြေထက်၌ စိုက်ထောင်ထားသော လှံသွားများ ပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျသော ငရဲကား မဟာတာပန တည်း။ မီးလျှံနှင့် ငရဲသားပါ ဆင်းရဲဒုက္ခနှင့်အတူ အကြားမရှိ ပြည့်နှက်နေသော ငရဲကား အဝီစိငရဲတည်း။

ဒေဝဒူတသုတ်အရ ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ လေးမျက်နှာစီရှိရာ တစ်မျက်နှာလျှင် ဥဿဒ္ဒရက် ငရဲငယ် ငါးမျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂ဝ ရှိလေသည်။ ထိုငရဲငါးမျိုးကား ဂူထပုတိက ခေါ် ဘင်ပုတ်ငရဲ၊ ကုက္ကုလုဏှခေါ် ပြာပူငရဲ၊ သိမ္ဗလိခေါ် လက်ပံတော်ငရဲ၊ အသိပတ္တခေါ် သန်လျက်တောငရဲ၊ ခါရောဒက ခေါ် ကြိမ်ပိုက်မြစ်ငရဲ ဟူလေသည်။ မန်လည်ဆရာတော်ဘုရား၏ မဃဒေဝလက‡ာစကားအရ တစ်နည်းအားဖြင့် ငရဲငယ် ဆယ်ပါးရှိ၏။ ယင်းတို့ကား သား ငါးတို့ကို ကျိုဘိသကဲ့သို့သော လောဟကုမ္ဘီခေါ် ကြေးနီအိုးငရဲ၊ သင်ဓုန်းဓားဦးဖျားကဲ့သို့ အဆူးရှိသော လက်ပံငရဲ၊ သန်လျက် ဖြင့် ဖြတ်သကဲ့သို့သော အသိခနငရဲ၊ ပွက်ပွက်လျှံဝေ၊ ကြေးနီ ရေဖြင့် လောင်းသကဲ့သို့သော တမ္ဗောဒကငရဲ၊ မီးကျီလျှံသို့ ပူသော အယောဂုဠငရဲ၊ သံမီးရောင်ထသော ကျောက်တောင် ကဲ့သို့သော သေလပဗ္ဗတငရဲ၊ ဆူပွက်သည့် မြစ်ချောင်းကဲ့ သို့သော ဘုသနဒီငရဲ၊ ရိုးတွင်းခြင်ဆီ ချမ်းအောင်အေးသော သီတနဒီငရဲ၊ ခွေးဘီလူးတို့ ကိုက်ခဲသော ခွေးငရဲ၊ သွေးချောင်း စီးသော ယန္တပါသာငရဲဟူတည်း။

သိုးဆောင်းစာပေတွင် ဒန်တီ၏ ငရဲခန်းသည် ထင်ပေါ် ကျော်ကြားသကဲ့သို့ မြန်မာစာပေတွင် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်က ရှင်အဂ္ဂသမာဓိ ရေးသားသော နေမိငရဲခန်းပျို့သည် ထင်ပေါ် ကျော်ကြားပေသည်။ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ် တော်ကို နိက္ခမခန်း (နေမိမဂ္ဃစိုးခန်း)ပျို့၊ ငရဲခန်းပျို့၊ ဘုံခန်း ပျို့ဟူ၍ သုံးပိုင်းခွဲကာ ပျို့သုံးစောင် စီရင်ခဲ့ရာ၊ ယင်းပျို့ သုံးစောင်စလုံးသည် မြန်မာစာပေသမိုင်းတွင် ဥဒါန်းတွင်ရစ် ခဲ့ပေသည်။ အထူးသဖြင့် ငရဲခန်းပျို့နှင့် ဘုံခန်းပျို့တို့ကို 'ငရဲ ခန်းက ခြောက်လွန်းသည်၊ ဘုံခန်းက မြေ|ာက်လွန်းသည်'ဟု မြန်မာတို့ ဆိုစမှတ်ပြုကြကုန်၏။ သို့သော် ရှင်အဂ္ဂသမာဓိ၏ ရည်ရွယ်ချက်ကား ငရဲခန်း၌ သတိသံဝေဂ ရကြစေ၍ ဘုံခန်း၌ ကောင်းမှုကုသိုလ်ဖြင့် ကောင်းမြတ်ရာ သုဂတိသို့ လားကြရန် ရည်သန်ရင်းဖြစ်လေရာ အထူးသဖြင့် ငရဲခန်းကို ထိတ်လန့်၍ ကြက်သီးမွေးညင်း ထလောက်သော စကားတို့ဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့ လေသည်။ ငရဲ၏ ဒုက္ခကို လူတို့စိတ်၌ ကွင်းကွင်းကွက်ကွက် ပေါ်လေအောင် ဖွဲ့နွဲ့ရာ၌ 'မျက်ဆန်ခါတုတ်လေ၏တည်း'၊ 'အရေခွာဆုတ်လေ၏တည်း'၊ 'လွေ့လွေ့သတ်ပုတ်လေ၏ တည်း'၊ 'ဦးခေါင်းဖြတ်ခုတ်လေ၏တည်း'၊ 'ဆင်းရဲ အလှေ အလှောင်းတည်း'၊ 'ကြွေးဟစ်ငိုကြ သောင်းသောင်းတည်း' ဟူသော သာမန် အရပ်သူအရပ်သားတို့ အဓိပ္ပါယ် သိလွယ် မြင်လွယ်သော စကားတို့ကို သုံးနှုန်းထားလေရာ လူ၏စိတ်ကို များစွာ ထိခိုက်စေလေသည်။ ယင်းသို့ သံဝေဂတရား ပွားများ စေသော စိတ်ကို နှိုးဆွပြီးမှ၊ 'ထွေထွေပြားပြား၊ မှတ်သားကုန်ပါ၊ လူတကာတို့၊ ဇရာ မရဏ၊ အနိစ္စသည်၊ မြဲမတည်သည့်၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာ မလွတ်၊ ဖြစ်ပျက်တတ်၏၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ခန္ဓာ ဟူသည်၊ အတည်မရ၊ မရဏတည့်၊ ဒုက္ခရောက်မည်၊ အမှတ် တည်၍၊ ရွှေပြည်နိဗ္ဗာန်၊ ချမ်းသာမွန်သို့၊အမှန်ရောက်ကြောင်း၊ ဘုန်းသစ်လောင်း၍၊ ကောင်းကောင်း ကျင့်ကုန်ကျရာ၏တည်း' ဟု သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်း ကြောင်းကို ညွှန်ပြလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)