ဃနာနို့ဆွမ်း

ဝီကီပီးဒီးယား မှ

ဃနာနို့ဆွမ်းဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူ မည့်နေ့တွင် သူကြွယ်သမီး သုဇာတာသည် ဘုရားရှင်အား ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းလေသည်။ ရှေးရှေးသော ဘုရားတို့၌လည်း ဤနည်းတူစွာ ဃနာနို့ဆွမ်းကို အလှူခံရစမြဲ ဖြစ်၏။ ဃနာနို့ဆွမ်းဟူသော ဝေါဟာရတွင် 'ဃနာ'သဒ္ဒါသည် အစိုင်အခဲကို ဟောပေသည်။ ပါဠိဘာသာအားဖြင့် ဃနာနို့ဆွမ်း ကို ပါယာသဟုခေါ်သည်။ သုဇာတာနှင့် ဃနာနို့ဆွမ်း၏ အကြောင်းကို အပဒါန်အဋ္ဌကထာ၌ ဖော်ပြပါရှိပေသည်။ သုဇာတာသည် ဃနာနို့ဆွမ်းကို ဂေါတမမြတ်စွာဘုရား အလောင်းတော်အား လက်ကပ်လှူဒါန်းခဲ့သည့် အကြောင်းကား ဤသို့ဖြစ်လေသည်။

ဥရုဝေလတော၏အနီး သေနနိဂုံး၌ မဟာသေနအမည်ရှိသော သူကြွယ်၏သမီး သုဇာတာသည် အရွယ်သို့ရောက်သောအခါ တစ်ခုသော ညောင်ပင်ရင်းသို့ကပ်၍ 'ကျွန်ုပ်သည် အမျိုးတူ သော ယောက်ျားနှင့် ပေါင်းဖက်ရ၍ သားဦးယောက်ျားရပါက ညောင်စောင့် ရုက္ခစိုးအား တစ်နှစ်လျှင် တစ်သိန်းသော ဥစ္စာ တို့ကို စွန့်၍ ပူဇော်ပါမည်'ဟု ကတိထား၍ ဆုတောင်း၏။ တောင်းသည့်အတိုင်းပြည့်လေသော် ရုက္ခစိုးနတ်အား ပူဇော်ရန် နို့ဆွမ်းကို စီမံ၏။ မဏိကုဏ္ဍလဝတ္ထုအရ နို့ဆွမ်းကိုစီမံပုံမှာ နွားမ ၁၀၀၀ ကို နွယ်ချိုတောမှာကျောင်း၍ ထို ၁၀၀၀ သော နွားမတို့၏ နို့ရည်ကို နွားမ ၅၀၀ အား တိုက်၏။ တစ်ဖန် ထိုနွားမတို့၏ နို့ရည်ကို ၂၅၀ သော နွားမတို့ကို တိုက်၏။ ဤသို့ဖြင့် ၂၅၀ သော နွားမတို့၏ နို့ရည်ကို ၁၂၅ သော နွားမမှာ တိုက်၊ ၁၂၅ သော နွားမတို့၏နို့ရည်ကို ၆၄ ကောင် သော နွားမတို့မှာတိုက်၊ ၆၄ ကောင်သော နွားမတို့မှ နို့ရည်ကို နွားမ ၃၂ ကောင်မှာတိုက်၊ နွားမ ၃၂ ကောင်မှ နို့ရည်ကို နွားမ ၁၆ ကောင်မှာတိုက်ပြီး၊ ထိုနွားမ ၁၆ ကောင်မှ နို့ရည် ကို နွားမ ၈ ကောင်မှ တိုက်သည်။ ထို ၈ ကောင်သော နွားမ တို့မှ နို့ရည်ကို ခံယူ၍ ထူးကဲမွန်မြတ်သော အရသာဖြင့် ပြည့် စုံသည့် ဃနာနို့ဆွမ်း ချက်လေသည်။

ဇိနတ္ထပကာသနီကျမ်း၌မူကား နို့ဆွမ်းစီမံပုံကို ဤသို့ပြဆို ထား၏။ ၁၀၀၀ သောနွားမတို့ကို ၅ စုပြုပြန်၍ ၈၀၀ သော နွားတို့၏ နို့ရည်ကို ၂၀၀ သော နွားတို့၌ တိုက်သည်။ ထို ၂၀၀ ကို ၅ စုပြုပြန်၍ ၁၆၀ သော နွားတို့၏ နို့ရည်ကို ၄၀ သော နွားတို့၌ တိုက်သည်။ ထို ၄၀ ကို ၅ စုပြုပြန်၍ ၄ စုသော နွားတို့၏ နို့ရည်ကို ၈ ခုသော နွားမတို့၌ တိုက်သည်။ ထို ၈ ခုသော နွားတို့၏နို့ရည်ကို ဃနာနို့ဆွမ်းချက်သည်ဟူ၍ လာရှိလေသည်။

ယင်းတို့ ထူးမြတ်သောနို့ဃနာကိုချက်ပြီးမှ အသပြာ တစ်သိန်း ထိုက်သော ရွှေခွက်တွင်ထည့်၍ သုဇာတာသည် ရုက္ခစိုးအား ပူဇော်ရန် ညောင်ပင်သို့လာ၏။ ထိုနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဖြစ်၏။ ဘုရား လောင်းသည် တယ့်တယ်သော အသရေဖြင့် ညောင်ပင်ရင်းတွင် စံတော်မူသည်ကို သုဇာတာမြင်လျှင် အထူးကြည်ညိုသောစိတ် ဖြင့် ဃနို့ဆွမ်းကို ရွှေခွက်နှင့်တကွ ပူဇော်၏။ ဘုရားလောင်း သည်လည်း ရွှေခွက်နှင့်တကွပင် အလှူခံယူတော်မူ၏။ သုဇာတာ သူကြွယ်သမီး ပူဇော်သော ဃနာနို့ဆွမ်းကို ဘုန်းပေး ပြီးသည့် အရုဏ်တက်တွင် ဂေါတမဘုရားလောင်းသည် လောကသုံးပါး၏ အထွတ်အထိပ်ဖြစ်သော ဘုရားမြတ်စင်စစ် အဖြစ်သို့ ရောက်တော်မူလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)