ဂျွန်ဆင် ဆယ်မျူယယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆာ ဂျိုရှုဝါ ရေးနိုး ရေးဆွဲသော ဆယ်မျူရယ် ဂျွန်ဆင်၏ ပုံတူပန်းချီကား

ဂျွန်ဆင် ဆယ်မျူယယ် (ခရစ် ၁၇ဝ၉-၁၇၈၄)[ပြင်​ဆင်​ရန်​]

သာမန်လူများထက် အရပ်အမောင်း ထွားကျိုင်း၍ မျက်နှာ ပေါက် ဆိုးပြီးလျှင် ပတ်ဝန်းကျင်လောကကြီးကို မထီမဲ့မြင် ပြုကာ ကြီးမားလှသော မိမိ၏ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း လှုပ်ချည်ရမ်းချည် သွားလာတတ်သူအား မြင်သူတိုင်းက မျက်စောင်းထိုးကြ၏။ နှာခေါင်းရှုံ့ကြ၏။ သို့ရာတွင် ထိုသူ ကား မည်သူ့ကိုမျှ ဂရုမစိုက်၊ သူ့စိတ်ကူးနှင့်သူ ပါးစပ်က တတွတ်တွတ်ရွတ်ဆိုလျက် လမ်းလျှောက်ယင်းတွေ့ရသော ဝင်းတံခါးတိုင်ထိပ်များကို သူ၏လက်တံရှည်ကြီးဖြင့် လှမ်း၍ လှမ်း၍ပင် ပုတ်သွားတတ်၏။ တစ်ခါတစ်ရံတွင်လည်း လမ်း လျှောက်နေယင်းပင် စိတ်ကူးရကာ မိမိရောက်ရှိသည့်နေရာမှ ဝင်းခြံတစ်ခု၏ တံခါးဝအထိ ခြေလှမ်းမည်မျှရှိမည်ကို ရေတွက် လျက် လျှောက်သွားတတ်လေသည်။ သူ၏ အမူအကျင့်များ ကား ထူးဆန်းလှ၏။ ထူးဆန်းသည်ကိုလည်း သူကိုယ်တိုင် သိ၏။ သိလျက်နှင့်ပင် ထိုအကျင့်များကို သူမဖျောက်နိုင်ခဲ့ပေ။ ညနေချမ်းအချိန် လမ်းလျှောက်ထွက်သည့်အခါ သူ၏ဘေးမှ ဖြတ်ကျော်၍သွားသော မြင်းရထားများပေါ်မှ မိန်းမပျိုအိုတို့ သည် သူ့အား လူထူးလူဆန်းသဖွယ် ကြည့်၍ သွားကြ၏။ သူ့လက်ထဲတွင်လည်း လက်ရိုက်ကဲ့သို့သောတုတ်ကြီးတစ်ချောင်း အမြဲလိုပင် ပါတတ်လေသည်။ ဤမျှထူးဆန်းသော အမူအကျင့် များရှိသည့် ပုဂ္ဂိုလ်ကြီးကား အခြားမဟုတ်၊ အင်္ဂလိပ်စာပေ သမိုင်းတွင် ထင်ရှားကျော်ကြားသော စာရေးဆရာကြီး ဒေါက်တာဆယ်မျူယယ်ဂျွန်ဆင်ပင် ဖြစ်လေသည်။ ဂျွန်ဆင်ကို ၁၇ဝ၉ ခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် လစ်ချဖီးမြို့၌ ဖွားမြင်၏။ သူ၏ဖခင်ဖြစ်သူ မိုက်ကယ်ဂျွန်ဆင် မှာ စာအုပ်ကုန်သည်လည်း ဖြစ်၏။ တရားသူကြီးလည်းဖြစ်၏။ ဂျွန်ဆင်၏ ကလေးဘဝကား ဝမ်းနည်းဖွယ်တို့ဖြင့်သာလျှင် ပြည့်နှက်ခဲ့၏။ နို့စို့အရွယ်တွင် တစ်ကိုယ်လုံး ကျပ်နာများ ပေါ်ပေါက်ခဲ့ရာ မိခင်ဖြစ်သူ အမျိုးမျိုးပြုစုခဲ့သော်လည်း မသက် သာသည့်အဆုံး၌ ကလေးကို အန်ဘုရင်မကြီးထံသို့ ယူသွားကာ ဘုရင်မကြီး၏လက်ဖြင့် ကလေးအား ပွတ်သပ်ပေးစေခဲ့၏။ ဘုရင်မကြီးက သူ့လက်ဖြင့် ကလေးအား ပွတ်သပ်ပေးလျှင် ဤရောဂါအမျိုးမျိုး ပျောက်ကင်းသည်ဟု ထိုခေတ်က ယုံကြည် ခဲ့ကြ၏။ သို့ရာတွင် ကလေး၏ ကျပ်နာကား မသက်သာခဲ့ပေ။ ကလေး၏ မျက်လုံးတစ်ဖက် ကွယ်သွားရုံမျှမက ကိုယ်အင်္ဂါတို့ လည်း အကြောဆွဲနေ၏။ ထိုကြောင့် ဂျွန်ဆင် လမ်းလျှောက် သည့်အခါ၌ သူ၏ခြေလက်တို့မှာ လှုပ်ရှားနေ၏။သို့သော်လည်း သူသည် ငယ်စဉ်ကပင် အခြားကလေးများထက် ထွားကျိုင်း လေ၏။ ဂျွန်ဆင်သည် ကလေးအရွယ်ကပင် စာဖတ်ခြင်းကို အထူး ဝါသနာပါခဲ့၏။ စာဖတ်လွန်း၍ သူ၏ဆရာက အလင်းရောင် နည်းလျှင် စာမကြည့်နှင့်ဟု တားမြစ်ခဲ့ရဘူးသည်။ သူသည် ဖတ်သမျှကိုလည်း တစ်လုံးမကျန် မှတ်သားမိသည်။ တစ်ခါက သူ့မိခင်ရှေ့တွင် စာပိုဒ်တစ်ပိုဒ်ကို တစ်ခေါက်မျှ ဖတ်ပြီးနောက် စာအုပ်ကိုပိတ်လိုက်ကာ ထိုစာအုပ်အတိုင်းပြန်၍ ရွတ်ဆိုပြခဲ့ရာ မိခင်သည် သားဖြစ်သူ၏ ဉာဏ်ကောင်းပုံကို အံ့ဩချီးကျူးခဲ့ ရလေသည်။ ဖခင်၏စာအုပ်ဆိုင်ရှိ စာအုပ်များကိုသာ ဂျွန်ဆင်သည် အချိန်ရှိသရွေ့ ဖတ်ရှုလေ့လာခဲ့ရလေသည်။ နှစ်နှစ်မျှအကြာတွင် သူ့အား အောက်စဖို့တက္ကသိုလ်ပို့ရန် စရိတ်ခံမည့် ပုဂ္ဂိုလ်ကြီး တစ်ဦး ပေါ်ပေါက်ခဲ့သဖြင့် ထိုတက္ကသိုလ်သို့ သွားရောက်လေ သည်။ ဆင်းရဲသားပညာသင်အဖြစ်ဖြင့် တက္ကသိုလ်၌ အခလွတ် ပညာသင်ခွင့် ရခဲ့လေသည်။ ကြေးတတ် လူကုံထံတို့သည် ဂျွန်ဆင်၏ အဝတ်အစားများကိုကြည့်ကာ သရော်လေ့ရှိကြသော် လည်း ဆရာများနှင့် ကျောင်းသားအများကပင် သူ့ကို ချစ်ခင် ကြ၏။ ဂျွန်ဆင်သည် ဆင်းဆင်းရဲရဲ နေရသော်ငြားလည်း မာနရှိ သူဖြစ်၏။ တစ်ခါက ကြင်နာသော မိတ်ဆွေတစ်ဦးက သူ၏ မာနကို သိပြီးဖြစ်၍ သူ့အား ကိုယ်ထိလက်ရောက် ပေးကမ်း လျှင် ငြင်းပယ်မည်စိုးသဖြင့် ဖိနပ်တစ်ရံကို သူ၏အခန်းတံခါး ဝတွင် ချထားခဲ့ဘူးသည်။ ထိုဖိနပ်ကို ဂျွန်ဆင်တွေ့ရာတွင် စိတ်ဆိုးမာန်ဆိုးဖြင့် လွှင့်ပစ်လိုက်ဘူး၏။ သူသည် မည်သူ၏ ကရုဏာသက်မှုကိုမျှ မလိုလားခဲ့ချေ။ အားလပ်လျှင် စာဖတ် မည်။ စာဖတ်ခြင်း၌သာ မွေ့လျော်ခဲ့သည်။ သို့သော်လည်း သူ ၏ ဖခင်မှာ စီးပွားပျက်သဖြင့် သူသည် တက္ကသိုလ်မှ ထွက်ခဲ့ ရလေသည်။ ဂျွန်ဆင်၏ ဖခင်သေဆုံးသောအခါ ကျန်ရစ်ခဲ့သော မိခင် မုဆိုးမကြီးကို ဂျွန်ဆင်က ဆင်းဆင်းရဲရဲဖြင့် လုပ်ကျွေးပြုစုခဲ့ရ ပေသည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခရောက်နေသည့် အချိန်မှာပင် ဂျွန်ဆင်သည် သူ၏အိမ်၌ လာရောက်နေထိုင်သူ ဒုက္ခသည် မိန်းမရွယ်တစ်ဦးကို စောင့်ရှောက်ထားခဲ့၏။ မစ္စက်အယ်လစ် ဇဗက်ပေါ်တာ အမည်ရှိ ထိုမိန်းမမှာ ဂျွန်ဆင်ထက် အသက် ကြီး၍ မုဆိုးမဖြစ်သော်လည်း ဂျွန်ဆင်သည် မကြာမီပင် ထို မိန်းမနှင့် လက်ထပ်လိုက်သည်။ ပရိယေသနဝမ်းစာ အလို့ငှါ ကြံရာမရသည့်အဆုံး၌ အလွတ်ပညာသင်ကျောင်းတစ်ကျောင်း ဖွင့်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သို့ဖြင့် ဂျွန်ဆင်သည် လန်ဒန်မြို့ကြီးသို့ တက်လာခဲ့သည်။ သို့သော်လည်း ထိုခေတ် အခါက လန်ဒန်မြို့ရှိ စာရေးဆရာများ၏ဘဝမှာ ယခုခေတ် မြန်မာစာရေးဆရာများ၏ ဘဝအခြေအနေအတိုင်းပင် ဖြစ် လေသည်။ သာမန်စာရေးဆရာတစ်ယောက်သည် စာရေး၍ ရသော ဝင်ငွေအပေါ်၌သာမှီ၍ မနေနိုင်ချေ။ ရံဖန်ရံခါ ကြေးရည်တက် စာပေလိုက်စားသူတို့က မေတ္တာအလျောက် ပေးကမ်းခြီးမြှင့် သောငွေကို လက်ခံကြရသည်။ ဂျွန်ဆင်မှာမူကား ထိုကဲ့သို့ ပုဂ္ဂိုလ်များ၏ အထောက်အပံ့ကို မာနကြီးစွာ ငြင်းပယ်လေ့ ရှိသဖြင့် ချို့ချို့တဲ့တဲ့ပင် နေရရှာလေသည်။ သို့ရာတွင် ဇွဲနှင့် ဝီရိယကို မလျှော့ဘဲ ကြိုးပမ်းလာခဲ့သဖြင့် တဖြည်းဖြည်း နာမည်ထင်ပေါ်လာခ့သည်။ ၁၇၄၉ ခုနှစ်တွင် ဂျွန်ဆင် မိမိစီစဉ်ရေးသားလိုက်သော 'အိုင်းရင်း'ပြဇာတ်အတွက် အထူးပင် မျှော်လင့်ချက်ထားခဲ့မိ ၏။ သို့ရာတွင် ပြဇာတ်ကို ရုံတင်သောအခါ ထင်သလောက် လူကြိုက်မများခဲ့ချေ။ သူ၏ကဗျာများမှာ အဆင့်အတန်း မနိမ့် လှသော်လည်း ဂျွန်ဆင်ကို ကဗျာဆရာတစ်ယောက် အဖြစ်ဖြင့် လူသိမများခဲ့ချေ။ သို့ရာတွင် ဂျွန်ဆင်သည် ဂျာနယ် ၂ စောင် ကို တစ်ပတ်လျှင် ၂ ကြိမ်ကျ ထုတ်ဝေသောအခါ လွန်စွာပင် လူကြိုက်များခဲ့၏။ ဂျွန်ဆင်၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ရာ စာအုပ်ထုတ်ဝေသူများနှင့် စာအုပ်ဆိုင်ရှင်များကလည်း ဂျွန်ဆင် ကို ကောင်းစွာ သိရှိလာကြသည်။ စာအုပ်ထုတ်ဝေသူတစ်ဦး၏ တောင်းပန်ချက်အရ ဂျွန်ဆင်သည် ၁၇၅၅ ခုနှစ်တွင် အင်္ဂလိပ် အဘိဓာန်စာအုပ်တအုပ်ကို ပြုစုရေးသားလေသည်။ ထိုသို့ ပြုစု ရေးသားသည့်အတွက် ဉာဏ်ပူဇော်ခငွေ ပေါင်ပေါင်း ၁,၅၇၅ ရရှိခဲ့၏။ ထိုငွေမှာ ရုတ်တရက်သော် များသည်ဟု ထင်ရ၏။ သို့ရာတွင် ဆင်မျူယယ်သည် ထိုအဘိဓာန်ကို ၈ နှစ်တိုင်တိုင် ပြုစုရေးသားခဲ့ရသဖြင့် ထိုငွေနှင့် မလုံလောက်သောကြောင့် သူ၏ လက်ထောက်များအား သူ၏ အိတ်ထဲမှပင် စိုက်ထုတ် ပေးရသေးသည်။ ယခုခေတ် အမြင်နှင့်ကြည့်လျှင်ကား ဂျွန်ဆင် ၏ အဘိဓာန်မှာ ရှေးဆန်သည်ဟု ဆိုရမည်ဖြစ်သော်လည်း ထိုခေတ်ကမူ အတော်ပင်ကောင်းမွန်သော အဘိဓာန်တစ်ဆူ ဖြစ်ပေသည်။ ဤအဘိဓာန်ကျမ်းကြောင့်ပင် ဂျွန်ဆင်သည် အောက်စဖို့တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ကို ရရှိခဲ့လေသည်။ အဘိဓာန်ကျမ်းကြီးကို ရေးသားပြုစုခဲ့ပြီးနောက် ဂျွန်ဆင် သည် 'ရမ်ဆဲလာ့'ခေါ် ဝတ္ထုတစ်ပုဒ်ကို ၁၇၅၉ ခုနှစ်တွင် ရေးသားခဲ့ပြန်၏။ ထိုဝတ္ထုကို ရေးရခြင်းအကြောင်းကား ဂျွန်ဆင်သည် သူ၏မိခင်ကြီး ကွယ်လွန်ရာတွင် မိခင်ကြီး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ရန် စရိတ်ကြေးငွေလိုနေသောကြောင့် ဖြစ်လေသည်။ ၁၇၇၃ ခုနှစ်တွင် ဂျွန်ဆင်သည် စကော့တလန်ပြည်နယ် ဟက်ဗရိဒီးကျွန်းစုသို့ နှစ်လကြာ သွားရောက်လည်ပတ်ပြီး နောက် 'ဟက်ဗရိဒီးခရီးစဉ်'အမည်ဖြင့် ခရီးသွားမှတ်တမ်းကြီး တစ်စောင် ရေးသားခဲ့လေသည်။ ဂျွန်ဆင် ရေးသမျှစာအုပ်တို့တွင် အကောင်းဆုံးစာအုပ်ကား 'ကဗျာစာဆိုတို့၏ အတ္ထုပ္ပတ္တိ'ပင် ဖြစ်သည်။ ထိုစာအုပ်မှာ ၁ဝ တွဲရှိသဖြင့် ၁၇၇၉ ခုနှစ်တွင် ပထမ ၄ တွဲ၊ ၁၇၈၁ ခုနှစ်တွင် ကျန် ၆ တွဲ ထွက်လေသည်။ ဤကျမ်းကို ဖတ်ရှုရခြင်းအား ဖြင့် ဂျွန်ဆင်သည် မည်မျှစာဖတ်ကြောင်း ဗဟုသုတနှင့် ပြည့်စုံ ကြောင်းတို့ကို သိရှိနိုင်ပေသည်။ တတိယအရွယ်သို့ ရောက်သည့်အချိန်၌ကား ဂျွန်ဆင်မှာ စာပေလောကတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်သို့ ရောက်ရှိနေလေပြီ။ သူ့မိတ်သင်္ဂဟများမှာလည်း ပြဇာတ် မင်းသားမှအစ နိုင်ငံရေးခေါင်းဆောင်အထိ ပုဂ္ဂိုလ်အမျိုးမျိုးပင် ဖြစ်လေသည်။ သူသည် ဂစ်ဗန်၊ ဂိုးစမစ် အစရှိသော နာမည် ကျော် စာရေးဆရာကြီးများ ပါဝင်သည့်အသင်းတစ်ခုကို တည် ထောင်ခဲ့၏။ သူ၏ထောက်ခံမှုဖြင့် စကော့လူငယ်တစ်ဦး ဖြစ် သော ဂျိန်းဗော့ဇဝဲသည်လည်း ထိုအသင်းသို့ ဝင်ခွင့်ရရှိခဲ့လေ သည်။ ဂျွန်ဆင်၏ အာဝဇ္ဇန်းရွှင်မှုကြောင့် ထိုအသင်းမှာနောင်၌ 'ဂျွန်ဆင်အသင်း'ဟူ၍ ခေါ်ဝေါ်ကြလေသည်။ ဗော့ဇဝဲသည် သူ၏ဆရာ ဂျွန်ဆင်၏ အတ္ထုပ္ပတ္တိနှင့် စကားဆိုချက်များကို ရေးသားမှတ်တမ်းတင်ခဲ့ရာ ထိုစာအုပ်မှာ အင်္ဂလိပ်စာပေ လောကတွင် အထူးပင် ကျော်ကြားခဲ့လေသည်။ ဂျွန်ဆင်သည် ၁၇၈၄ ခုနှစ်၊ အသက် ၇၅ နှစ်အရွယ်တွင် အနိစ္စရောက်လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)