ဘန် ဂျွန်ဆင်

ဝီကီပီးဒီးယား မှ
(ဂျွန်ဆင်၊ ဗင် မှ ပြန်ညွှန်းထားသည်)
ဘင်ဂျမင် ဂျွန်ဆင်၏ ပုံတူပန်းချီကား

ဗင်ဂျွန်ဆင်ကား ဒေါက်တာ ဆယ်မျူယယ်ဂျွန်ဆင် မပေါ် ပေါက်မီ နှစ်ပေါင်း ၁၅ဝ လောက်က ထွန်းကားခဲ့သော အင်္ဂလိပ်လူမျိုး စာရေးဆရာကြီးတစ်ဦး ဖြစ်သည်။ သူသည် ရှိတ်စပီးယား၊ ဗိုးမွန့်၊ ဖလက်ချားစသော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများနှင့် ရေးဖော်ရေးဖက် တစ်ယောက်ဖြစ်သဖြင့် ဂျွန်ဆင်၏ အရည်အသွေးကို မှန်းဆနိုင်ပေသည်။ ဤသို့ ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦးဖြစ်သော ဗင်ဂျွန်ဆင်ကား ပထမ၌ မထင်ရှားသော ပန်းရန်သမားတစ်ဦးသာလျှင် ဖြစ်ခဲ့၏။ ဂျွန်ဆင်သည် ပန်းရန်အလုပ်ကို လုပ်ကိုင်နေယင်း အားလပ်ချိန်များတွင် ဖတ်ရန်စာအုပ်တစ်အုပ်ကို သူ့အိတ်တွင် အမြဲဆောင်ထားလေ့ရှိလေသည်။ သို့သော် ဗင်ဂျွန်ဆင် နာမည်ကျော်ကြားလာရခြင်းမှာ စာပေထူးချွန်သောကြောင့်သာ မဟုတ်ဘဲ၊ မူလဓာတ်ခံပါရမီထူးခြားမှုနှင့် ဥပဓိရုပ်ခန့်ညားမှုတို့ကြောင့်လည်း ဖြစ်ပေသည်။ ငယ်ရွယ်စဉ်က ဆိုးတေခဲ့၍ အိမ်ပြေး အဖြစ် လေလွင့်နေရာမှ ဂျွန်ဆင်သည် စစ်ထဲသို့ဝင်ရောက်ခဲ့၏။ ထိုမှတစ်ဖန် ထောင်ကျခဲ့၏။ ငယ်ရွယ်သူတို့ဘာဝ သူနှင့် ပြိုင်ဖက်တစ်ဦးအား နှစ်ယောက်ချင်း ထိုးခုတ်ပွဲ၌ အနိုင်ယူခဲ့ ဘူးလေသည်။ သို့သော်လည်း ပညာပါရမီထူးချွန်သူဖြစ်သည့် အလျောက် နောင်တစ်ခေတ်တွင် နာမည်ကျော် ကဗျာဆရာ၊ ပြဇာတ်ဆရာ၊ စာရေးဆရာတစ်ယောက် ဖြစ်ခဲ့လေသည်။ ရှိတ်စပီးယားကဲ့သို့သော ပြဇာတ်ဝိဇ္ဇာကြီးကပင် အရေးတယူ ပြုမူဆက်ဆံခဲ့ရလေသည်။ ဂျွန်ဆင်ရေးသော ပြဇာတ်တစ်ခုကို ရုံတင်ကပြရာတွင် ရှိတ်စပီးယားကိုယ်တိုင်ပါဝင် အသုံးတော်ခံခဲ့သည်။ ၁၆ဝ၃ ခုနှစ်တွင်လည်း ရှိတ်စပီးယား၏ ဝိုင်းတော်သား များသည် ဂျွန်ဆင်၏ ပထမဆုံး အလွမ်းဇာတ်လမ်းတစ်ခု ဖြစ် သော 'ဆက်ဂျေနပ်'ခေါ် ပြဇာတ်ကို လန်ဒန်မြို့ ဂလုပ်ရုံတွင် ရုံတင်ခဲ့ကြသည်။ ထို့နောက်တွင် ဂျွန်ဆင်သည် ကဗျာသီချင်းများကို ရေးသား ခဲ့ရာ သူ၏သီချင်းများကို လူကြိုက်များခဲ့၏။ စကားပြေ အရေး အသားဖက်၌လည်း နာမည်ရသူဖြစ်၏။ ဂျွန်ဆင်သည် လူချစ် လူခင်များသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ ထိုခေတ်က လန်ဒန်မြို့တွင် ထမင်းဆိုင်များ၌ ဝိုင်းဖွဲ့ စားသောက်လေ့ရှိရာ ထိုစားပွဲသောက်ပွဲများတွင် ဂျွန်ဆင်သည် ထင်ရှားခဲ့လေသည်။ လန်ဒန်မြို့ ချိပဆိုက်ရပ်ကွက်ရှိ ရေသူမထမင်းဆိုင်သို့ ဂျွန်ဆင်သည် မကြာခဏ သွားရောက်စကားပြောလေ့ ရှိ၏။ ထိုအခါ စာရေးဆရာလောင်းများသည် ဂျွန်ဆင်ကို ဂရုတစိုက် နားထောင်ကြ၏။ ဤထမင်းဆိုင်၌ပင် ဂျွန်ဆင်ကို ရှိတ်စပီးယား၊ ဗိုးမွန့်၊ ဖလက်ချားစသည့် စာရေးဆရာကျော်များနှင့်အတူ တွေ့မြင်နိုင်ပေသည်။ တစ်ခါသော် ဂျွန်ဆင်သည် စကော့လူမျိုးတို့အကြောင်းကို စောင်းပါးရိပ်ခြည် ရေးသားခဲ့ရာ အလွန်ထိမိလှသဖြင့် ပထမ ဂျိမ်းဘုရင်နှင့်အခြွေအရံတို့သည် ဒေါသူပုန်ထကာ ဂျွန်ဆင်အား ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလေသည်။ သို့ရာတွင် မိတ်ဆွေသင်္ဂဟတို့ ကူညီသဖြင့် မကြာမီပင်ထောင်မှ လွတ်လာ ခဲ့သည်။ ထိုနောက် ဂျွန်ဆင်သည် ဘုရင်၏ယုံကြည်မှုကို ရရှိရန် ထပ်မံ ကြိုးစားခဲ့သဖြင့် နောက်ဆုံးတွင် နန်းတွင်းစာဆိုဘွဲ့ထူးနှင့်တကွ ရိက္ခာတော်အဖြစ် တစ်နှစ်လျှင် ပေါင် ၂ဝဝ ကို ချီးမြှင့်ခြင်း ခံရလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)