ဂျော့ရှ် ဘားနတ်ရှော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျော့ ဘားနတ်ရှော

ရှော၊ ဂျော့ဗားနတ် (ခရစ် ၁၈၅၆-၁၉၅ဝ)[ပြင်​ဆင်​ရန်​]

ဂွသမား စာရေးဆရာကြီးဟု ကျော်ကြားလှသော ဂျော့ ဗာနတ်ရှောသည် ခေတ်သစ်အင်္ဂလိပ်စာပေလောကတွင် အထက် မြက်ဆုံးသော စာပေပညာရှင်ကြီးအဖြစ် အချို့သောစာအကဲဖြတ် ပုဂ္ဂိုလ်များက ယူဆကြသည်။ ဂါလစ်ဗာ၏ ခရီးစဉ် ဝတ္ထုကြီး ကို ရေးသားခဲ့သူ ဂျွန်နသန် ဆွစ်မှလွှဲလျှင် လောကကြီးကို ပြက်ရယ်ပြုသော စာပေများကို အထိအမိဆုံး ရေးသားနိုင်စွမ်း သူ ဖြစ်သည်။ သူခေတ်တွင် ပေါ်ပေါက်နေသည့်အယူအဆ၊ လုပ်ပုံကိုင်ပုံများကို ထိလှမိလှသော စကားလုံးများ အာဘော် များဖြင့် သရော်ပြောင်လှောင်ပြီးလျှင် ကလိလေ့ ဆွလေ့ ရှိရာ သူ၏ဆွလုံးထေ့လုံးများကို ဖတ်ရှုရသူများသည် အလွန်စွဲငြိကြ ရသည်။ ထေ့လုံး ချိတ်လုံးများဖြင့် စာအရေးကောင်းသလောက် စကားအခြေအတင် အပြောကောင်းလှသူလည်း ဖြစ်သည်။ ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ အကျိုးအကြောင်း သင့်တင့် ဆီလျော်သည်ဟု ထင်မြင်လာအောင် စကားလုံးပြောင် ပြောင်ဖြင့် အခြေအလဲ ကောင်းလှသည်။ ထိုကြောင့် သူ့ခေတ် သူ့အခါက အင်္ဂလန်ပြည်၌ အခြေအတင် စကားပြောအကောင်း ဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့်လည်း အသိအမှတ်ပြုကြရလေ သည်။

ရှောသည် စာပေပညာရှင် တစ်ဦးဖြစ်သည်သာမက ဟာသ ဉာာဏ်ရွှင်သူလည်း ဖြစ်သည်။သူ၏ဟာသ ရွှင်၍ ပြောင်မြောက် သော စကားလုံးများကို သူ၏စာပေနှင့်အဆိုအမိန့်များ၌ ဖတ်ရှု ကြားနာကြရသည်။ရှောပြော်သမျှ၊ ဆိုသမျှ၊ လုပ်သမျှ၊ ကိုင်သမျှ ကို ကမ္ဘာက စောင့်ကြည့် အကဲခတ်ခဲ့ကြရသည်။ ရှောသည် ဖခင် ထံမှ ရွှင်သော ဟာသဉာာဏ်ကိုလည်းကောင်း၊ မိခင်ထံမှ ရင့်သန်သော အနုပညာစိတ်တို့ကိုလည်းကောင်း အမွေခံယူခဲ့ လေသည်။

ကလောင်စွမ်း၊ လျှာစွမ်းထက်လှသော ရှောသည် အိုင်းရစ် လူမျိုးဖြစ်၍ အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့၌ ၁၈၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် မွေးဖွားလာခဲ့သည်။ရှောကို မွေးဖွား စဉ်က စ၍ ရှောတို့မိသားစု၏ စီးပွားရေးအခြေအနေသည် ယိမ်းယိုင်စပြုလာသဖြင့် ရှော၏ငယ်စဉ်က ပညာရေးသည် ရေရေရာရာ မရှိခဲ့ချေ။

ကျောင်းတွင် နေစဉ်က ထူးထူးချွန်ချွန် ဖြစ်မည့်အစွမ်းအစ ကို မပြခဲ့ချေ။ သို့သော် ဂီတ၊ အနုစာပေနှင့် ပန်းချီပညာရပ် တို့ကိုမူ စိတ်ပါလက်ပါ လေ့လာခဲ့သည်။ ဖခင်ကြီးသည် မိမိ၏ အိမ်ထောင်စုကို ကောင်းစွာ လုပ်ကျွေးခြင်း မပြုသဖြင့် မိခင် နှင့် နှမများကို လုပ်ကိုင်ကျွေးမွေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၅ နှစ်သားအရွယ်တွင် ရှောသည် ကျောင်းမှ ထွက်လိုက် သည်။ စာရေးအလုပ်တစ်ခုတွင် လေးငါးနှစ်ခန့် ဝင်ရောက် လုပ်ကိုင်မိလျှင် ဝါသနာမပါသော အလုပ်ဖြစ်သဖြင့် ငြီးငွေ့လာ သည်။ ထိုကြောင့် အလုပ်မှထွက်လိုက်ပြီးလျှင် မိခင်ဖြစ်သူ ရောက်ရှိနေသော လန်ဒန်မြို့သို့ လိုက်သွားလေသည်။ လန်ဒန်မြို့တွင် ရှောသည် ဂီတဝေဖန်ရေးဆရာအဖြစ် ဆောင်ရွက်ရာ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေ၍ မိခင်ကြီးက စန္ဒရားတီးသင် ဆရာမအဖြစ် ဆောင်ရွက်ကာ ရှောအား ထောက်ပံ့ခဲ့ရသည်။ မိခင်၏ အထောက်အပံ့ကို ယူနေရစဉ် ၁၈၇၉ ခုနှစ်မှ ၁၈၈၃ ခုနှစ်အထိ နှစ်များအတွင်း ရှောသည် ဝတ္ထုငါးပုဒ် ရေးသည်။ သို့သော် ပုံနှိပ်ထုတ်ဝေသူများက လက် မခံချေ။ နောင်အခါတွင်မူ ရှော၏ ပညာဉာာဏ် ရင့်သန်လာ သည့်အလျောက် သူ၏အရေးအသားများသည် ပြောင်မြောက် လာလေသည်။

၁၈၈၂ ခုနှစ်တွင် အမေရိကန်လူမျိုး ဟင်နရီဂျော့၏ ဟောပြောချက်များကို ကြားနာရသဖြင့် ရှောသည် ဝါဒစိတ် ပြင်းထန်သော ဆိုရှယ်လစ်တစ်ဦး ဖြစ်လာသည်။ ထိုပြင် ကားလမတ်၏ အရင်းအနှီးကျမ်းကြီးကိုလည်း အလွန် နှစ်ခြိုက် သဘောကျခဲ့သည်။ ထိုကြောင့် ဟိုက်ပတ်ဥယျာဉ်တွင် အလုပ်သမားလူတန်းစားတို့အား အရင်းရှင်ဝါဒ တိုက်ဖျက်ရေး တရားများကို အပတ်စဉ် ဟောသည်။ သို့သော် အလုပ်သမား လူတန်းစားက ရှောအား ပေါကြောင်ကြောင် လူတစ်ယောက်ဟု ယူဆသည်မှအပ သူ့တရား၌ သဘောမကျကြပေ။ ထိုအခါ ပညာတတ်လူတန်းစားကို တရားဟောရန် ရည်ရွယ်ကာ ၁၈၈၄ ခုနှစ်တွင် ဖေဗီယန်အသင်းတည်ထောင်သောအခါ၌ အသင်းဝင် အဖြစ် ဆောင်ရွက်သည်။ ထိုအသင်းဝင်အဖြစ်ဖြင့် အရင်းရှင် စံနစ်ကို ပယ်ပယ်နယ်နယ် ရှုံ့ချတရား ဟောသည်။ မိမိ၏ ငေါ့သံ၊ ချိတ်သံ၊ စောင်းသံ၊ ထေ့သံများ၊ သာသာနှင့် နာနာ နှက်သော စကားလုံးများကို ပရိသတ်က လက်ခံလာသောအခါ ရှောသည် အားတက်လာသည်။ ထိုအခါမှ စ၍ သူတစ်ပါး မခံ ချည့်မခံသာဖြစ်အောင် ကလိသော၊ ဆွပေးသော စကားအသုံး အနှုန်းများကို ဟောပြောရာ၌လည်းကောင်း စာပေရေးသား ရာ၌လည်းကောင်း အသုံးပြုခဲ့လေသည်။

ထိုကာလအတွင်း ရှောသည် မိမိဝါသနာပါရင်း ပညာရပ် များကိုလည်း ဆက်လက်ဆည်းပူးရာ လိုက်စားသမျှ ပညာရပ် များတွင် ခြေခြေမြစ်မြစ် ရှိခဲ့သည်။ ၁၈၈၅ ခုနှစ်၌ ပေါမော ဂေဇက်သတင်းစာတွင် သတင်းဝေဖန်သူအဖြစ် စတင်လုပ် ကိုင်သည်။ မကြာမီ လန်ဒန်မြို့ရှိ ဂီတနှင့် ပြဇာတ်အကဲဖြတ် များထဲတွင် ရှော၏နာမည်သည် ထင်ပေါ်လာလေသည်။ ပြဇာတ်အကဲဖြတ်အဖြစ် ဆောင်ရွက်လျက်ရှိစဉ် ရုံတင် ကပြကြသော အင်္ဂလိပ်ပြဇာတ်များကို စိတ်တိုင်းမကျစရာ အများအပြား တွေ့ရသည်။ ထိုကြောင့် ပြဇာတ်အဆင့်အတန်း မြင့်ရန် ရည်ရွယ်ချက်ဖြင့် ပြဇာတ်များကို ရေးသားခဲ့ရာ မကြာမီ သူ၏မှန်းခြေအတိုင်း ပေါက်၍ သူ့ခေတ်တွင် ထူးခြား အောင်မြင်ဆုံးသော ပြဇာတ်ရေး ဆရာကြီးတစ်ဦး ဖြစ်လာ သည်။

ရှောသည် သူ၏ပြဇာတ်များတွင် သူ၏ဝါဒ အာဘော်များ ကို ထည့်သွင်းအသုံးပြုသည်။ သူ၏ပြဇာတ်များသည် စင်စစ် ဇာတ်လမ်း အတွက်မဟုတ်ဘဲ သူ၏အာဘော်များအတွက် ကျော်ကြားကြလေသည်။ ရှောသည် ပြဇာတ်များကိုသာမက ဝတ္ထုပေါင်းများစွာကိုလည်း ရေးသားခဲ့သည်။ သူ၏ပြဇာတ်နှင့် အခြားစာအုပ် စာတန်းများအတွက် အကျိုးခံစားရ၍ ရှောသည် ကြွယ်တောင့်ကြွယ်ဝ နေနိုင်ခဲ့သည်။ သူ၏ထူးခြားပြောင် မြောက်သော အရေးအသားများကြောင့် ၁၉၂၅ ခုနှစ်တွင် ကမ္ဘာ့ စာပေဆုဖြစ်သော နိုဗဲဆုကြီးဖြင့် ချီးမြှင့်ခံရသည်။ ရှောသည် ထိုဆုကို လက်ခံသော်လည်း ဆုငွေဖြစ်သော ဒေါ်လာ ၃၅ဝဝဝ (မြန်မာငွေ တစ်သိန်းကျော်)ကိုမူ လက်မခံချေ။

ဗားနတ်ရှောသည် သူ၏ထူးခြားသော အယူအဆများ၊ ယုံကြည်သူများကို ပြဇာတ်များမှလည်းကောင်း၊ စာအုပ်စာတမ်း များမှလည်းကောင်း ဖြန့်ဝေခဲ့သည်။ သူ၏အယူအဆများသည် သူများနှင့်မတူ ထူးခြားသကဲ့သို့ သူ၏ဥပတိရုပ်နှင့် အမူအကျင့် တို့သည်လည်း ထူးခြားသည်။ သူသည် အမဲသားငါး မစား၊ အရက်သေစာနှင့် ဆေးလိပ်ကိုလည်း သောက်သူမဟုတ်ချေ။ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခဲ့သဖြင့် အသက် ၉ဝ ကျော်၍ ဇရာဖိစီးလာခဲ့သော်လည်း အခြားသူများ၏ အယူအဆ နှင့် မတူသဖြင့် ဂွကျသည်ဟုဆိုကြသော ထူးခြားပြောင်မြောက် သည့် စာပေများကို ဆက်လက်ရေးသားနိုင်ခဲ့သည်။ မည်သို့ပင် ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ပါသော်လည်း သင်္ခါရ တရားကို ရှောင်ကွင်းမရသည့်အတိုင်း မတော်တဆလဲကျ၍ ဒဏ်ရာရသည်မှ ရောဂါဖောက်ပြန်ကာ ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)