ဂရိနတ်များ

ဝီကီပီးဒီးယား မှ
(ဂျူပီတာ မှ ပြန်ညွှန်းထားသည်)
ဂရိသုံးပါးပေါင်းတစ်ဆူနှင့်ကမ္ဘာမြေသုံးနိုင်ငံဖြန့်ဖြူးသော Zeus God (Heaven)၊ Poseidon (ပင်လယ်နှင့်သမုဒ္ဒရာ) နှင့်ဟေးဒီးစ် (Underworld)။ Theos (အသေးအဖွဲဘုရား) သည်ဤသုံးပါးပေါင်းတစ်ဆူ၏သားသမီးများဖြစ်သည်။
ဂရိနတ်ဘုရားများ စည်းဝေးနေပုံအား သရုပ်ဖော်ထားပုံ

ဂရိလူမျိုးတို့ ကိုးကွယ်သည့်နတ်များ နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

လောကဓာတ်ပညာ မထွန်းကားသေးသော ရှေးခေတ်တွင် ဂရိသူဟောင်းများသည် အဘယ်ကြောင့် မိုးရွာသည်၊ အဘယ်ကြောင့် နေပူသည် စသည်တို့ကို အကြောင်းမပြနိုင်ခဲ့ကြပေ။ ထို့ကြောင့် နေပူခြင်း၊ မိုးရွာခြင်း စသည့် ကမ္ဘာ့နိယာမတရား တို့သည် လူသားတို့ထက် တန်ခိုးကြီးလှသော နတ်မင်းများ၏ ဖန်တီးမှုကြောင့်သာ ဖြစ်ပေါ်ရသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း မိမိတို့က ထိုရေ၊ မြေ၊ လေ စသည်တို့ကို အစိုးရသော နတ်မင်းများအား ပူဇော်ပသကြလျှင် မိမိတို့အား ကူညီ စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်၍ နတ်တို့ကို ပူဇော် ပသကြလေသည်။

ရှေးဂရိသူဟောင်းတို့သည် စိတ်ကူးဉာဏ် အလွန်ကွန့်မြူး တတ်ကြ၏။ ထို့ကြောင့် တန်ခိုးရှင် နတ်များရှိသည်ဟူသော အယူအဆအတိုင်း ထိုနတ်များ၏ သဘာဝတို့ကို စိတ်ကူးဖြင့် မှန်းဆကာ ပုံပြင်များပြု၍ သားစဉ်မြေးဆက် ပြောပြခဲ့ကြလေ သည်။ နှစ်ပရိစ္ဆေဒ ရှည်လျားလတ်သော် ထိုပုံပြင်များမှာ စိတ်ကူးဉာဏ် ကွန့်မြူးချက်များသာ ဖြစ်သည်ဟု မည်သူကမျှ သတိမရကြတော့ချေ။ တန်ခိုးရှင်နတ်များ အကယ်ပင် ရှိသည် ဟု ထင်မြင်ယုံကြည်လာကြသည်။ နှစ်ပရိစ္ဆေဒကာလမြင့် လာခဲ့ သော်ငြားလည်း ထိုပုံပြင်များမှာ တိမ်ကော၍ မသွားသည့်အပြင် ထုံးဟောင်း ပုံပြင်များကို အခြေခံသော ဂရိစာပေထွန်းကားမှုကို အထောက်အပံ့ ပြုခဲ့လေသည်။

ရောမလူမျိုးတို့ ထွန်းကားလာသောအခါ တန်ခိုးရှင်နတ်များ ရှိသည်ဟု ဆက်လက် ယုံကြည်ခဲ့ကြပြန်၍ ဂရိနတ်များကိုပင် ရောမအမည်များ တပ်ကာ ကိုးကွယ်ပူဇော်သမှု ပြုခဲ့ကြပြန်လေ သည်။ ဂရိထုံးဟောင်းပုံပြင်လာ တန်ခိုးကြီးနတ်များ၏ အကြောင်းကို ရောမအမည်နှင့်ယှဉ်၍ အကျဉ်းမျှ ဖော်ပြသွား ပါအံ့။ ကွင်းပိတ်အတွင်းမှ အမည်သည် ရောမအမည် ဖြစ်၏။

ဇုစ်နတ်မင်းကြီး (ဂျူပီတာ)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဇုစ်နတ်မင်းကြီး

ဇုစ်နတ်မင်းကြီးသည် နတ်အပေါင်းတို့၌ စွမ်းအားအကြီးဆုံး နတ်အပေါင်းတို့၏ ဘုရင်ဖြစ်သည်။ လက်တွင်း၌ မိုးကြိုးစက်ကို ကိုင်ထားသည်။ သူ့ဖခင်ကို လုပ်ကြံ၍ ထီးနန်းနှင့် အာဏာကို ရယူခဲ့သည်။ ဇုစ်နတ်မင်းကြီးသည် ကောင်းကင်နတ်၊ မိုးလေဝသကို စောင့်ရှောက်သောနတ် ဖြစ်ရုံသာမက ဥပဒေ၊ တိုင်းပြည်၊ လူမှုအဖွဲ့အစည်း၊ မြို့တော်၊ မိသားစု စသည်တို့ကိုပါ စောင့်ရှောက်သည်ဟု ဂရိများက ယုံကြည်ကြသည်။ ဂရိနိုင်ငံ၏ မြောက်ဘက်နယ်ခြားတွင် အလွန်မြင့်မား၍ ဆီးနှင်းမပြတ် ဖုံးလွှမ်းကာ လူသူနှင့် ကင်းဝေးလှသော အိုလမ်ပတ်စ်တောင်ကြီး ရှိလေသည်။ ထိုတောင်ကြီး၏တောင် ထွတ်တွင် နတ်တကာတို့၏ ဘုရင် ဇုစ်နတ်မင်းကြီး စံပျော်တော်မူ၏။ ခမည်းတော် ကရိုးနပ် (ဆက်တန်) နတ်မင်းကြီးမှာ သားတော်တစ်ပါးပါးက မိမိ၏ စည်းစိမ်ကို လုမည်ဟူ၍ အဟောတွက်ချက် ရှိခဲ့သဖြင့် သားတော်ဖွားတိုင်း အကောင်လိုက် ဝါးမျိုပစ်လေ့ရှိရာ ဇုစ်မှာ မယ်တော်ရီအာ နတ်သမီး၏ ပရိယာယ်ကြောင့်သာ ခမည်းတော်၏ ဘေးရန်မှ လွတ်ကင်းခဲ့ရ၏။ ဇုစ်သည် အရွယ်ရောက်လာလျှင် ခမည်းတော်အား သူ ဝါးမျိုထားသော နောင်တော်များ ကို အန်ထုတ်စေပြီးနောက် ဇုစ်က ခေါင်းဆောင်၍ ခမည်းတော်အား နန်းချကာ ရိုက်ရာကို ဆက်ခံလေသည်။ ထို့နောက်တွင် သူ့အား ကူညီခဲ့သော နောင်တော်များအားလည်း နယ်ပယ်များ ခွဲဝေပေး၏။ ဤသို့ဖြင့် ရန်အပေါင်းကို အောင်မြင်ပြီးသော် လောကတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့၍ နတ်တကာ့ဘုရင် ဇုစ်နတ်ရှင်ဖြစ်လေသည်။

ဇုစ် ခေါ် ဂျူပီတာတွင် နတ်မိဖုရား၊ လူသား မိဖုရား များစွာရှိသဖြင့် သားသမီးလည်း များပြားလှသည်။ သူ၏ များစွာသော သားသမီးတို့တွင် ဒဏ္ဍာရီများ၌ ထင်ရှား သော နေနတ်သား အပိုလို၊ လနတ်သမီး အားတိမစ် (ဒိုင်ယာ နာ)၊ ဟားမီးစ် (မာကျူရီ)၊ အေးရီးစ် (မားစ်)၊ ဟီးဗီး စသည်တို့ အပြင် အတတ်အပညာ အမျိုးမျိုးကိုစောင့်သောနတ်သား၊ နတ်သမီးများလည်း ပါဝင်ပေသည်။ ဇုစ်ကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြရုံမက တန်ခိုးအမျိုးမျိုးရှိသည်ဟု ယုံကြည်ကြသည်။ လျှပ်စစ်မိုးကြိုးကိုလည်းကောင်း၊ ရာသီဥတုတို့ကိုလည်းကောင်း ဇုစ်က ပြုပြင်ဖန်တီးနိုင်၍ တိုင်းပြည်နိုင်ငံတို့၏ ကောင်းကျိုးများကိုလည်း စောင့်ရှောက်တတ်သည်ဟု အယူ ရှိကြသည်။ ထို့ကြောင့် ဇုစ်ကို အမြင့် ဆုံးတောင်ထိပ်များ၌ တည်ဆောက်အပ်သော ဗိမာန်ကြီးများ၌ ပူဇော်ပသခြင်းအမှုကို ပြုခဲ့ကြ၏။ တရားသူကြီးများ၊ အုပ်ချုပ် သူများနှင် စစ်ဘုရင်ကြီးများသည် တာဝန်ကို ဆောင်ရွက်ရာတွင် ဇုစ်ကို တိုင်တည်၍ သစ္စာဆိုလေ့ရှိကြသည်။

ဇုစ်နတ်မင်းကြီး၏ နတ်ကွန်းသည် Dodona အရပ်၌ ရှိသည်။ ထိုနတ်ကွန်း၌ မိမိ၏အနာဂတ်ကို ဝက်သစ်ချပင်များကို ဖြတ်၍ တိုက်ခတ်လာသော လေပြေများမှတစ်ဆင့် ဇုစ်နတ်မင်းကြီးက ပြောပြသည်ဟု ယုံကြည်ကြသည်။ ဝက်သစ်ချပင်သည်လည်း ဇုစ်နတ်မင်းကြီး၏ သင်္ကေတ တစ်ခုပင်ဖြစ်သည်။ အိုလံပီယာတောင် ပေါ်တွင်လည်း နတ်ကွန်းကြီးတစ်ခု ရှိသည်။ ထိုနတ်ကွန်းကြီးမှာ ကမ္ဘာ့အံ့ဘွယ်များ ထဲမှ တစ်ခုဖြစ်သည်။ သိန်းငှက်များသည်လည်း ဇုစ်နတ်မင်းကြီးအား ကိုးကွယ်သူများအတွက် အလေးအမြတ်ထားစရာဖြစ်သည်။ သိန်းငှက်သည် ဇုစ်နတ်မင်းကြီးထံသို့ အရောက်သွားပြီး မိမိတို့၏ အနာဂတ်အတွက် သတင်းစကားများကို ယူဆောင် လာမည်ဟု ယုံကြည်သည်။ ဇုစ် ဆိုသောအမည်မှာ သင်္ကတ ဘာသာမှဆင်းသက်လာပြီး ကောင်းကင်ဘုံ ဟုအဓိပ္ပာယ်ရှိမည် ဟုယူဆကြသည်။

ဟီရာ(ဂျူနို)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဟီရာ

ကရိုးနပ်နှင့် ရီအာတို့၏ သမီးဖြစ်၍ ဇုစ်နတ်မင်းကြီး၏ မိဖုရားတစ်ပါးဖြစ်၏။ အဆင်းသဏ္ဌာန် လှပတင့်တယ်၍ မာန် မာန ထောင်လွှားသော နတ်သမီး ဖြစ်၏။ နတ်မင်းကြီး၏ မိဖုရားကြီးဖြစ်သည့်အတိုင်းလည်း တန်ခိုးအာဏာ ကြီးမား၏။

စိတ်မာန်အလွန်ခက်ထန်သဖြင့် ဇုစ်နတ်မင်းကြီးနှင့် မကြာခဏ မသင့်မတင့်ဖြစ်ကြရသည်။ မြေငလျင်လှုပ်ခြင်း၊ တော်လဲမည်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း စသည့် အခြင်းအရာများကို ဟီရာနတ်သမီးက ဖန်တီးသည်ဟု ဆိုကြ၏။ ဇုစ်နတ်မင်းကြီးနှင့် ဟီရာတို့၏ သားတော်များအနက် တစ်ပါးမှာ စစ်ကိုအစိုးရသော အေးရီးစ် (မားစ်)ဖြစ်၍ ကျန်တစ်ပါးမှာ မီးကို အစိုးရသော ဟီဖက်စတပ် (ဗာလကန်)ဖြစ်၏။ ဟီဖက်စတပ်ကို ပန်းပဲဆရာတို့ ကိုးကွယ်ဆည်းကပ်ကြ၏။ ဟီရာနတ်သမီးသည် မိန်းမများအား အထူးကူညီစောင့်မ ကြည့်ရှုသည်ဟု ယုံကြည်ကြသည်။ မိန်းမများ သားသမီးရလို လျှင် ဟီရာအား ပူဇော်ပသကြသည်။ ထို့ပြင် လက်ထပ်ပွဲကိုစောင့်ရှောက်သော နတ်သမီးဖြစ်သည်ဟုလည်း အသိအမှတ်ပြုကာ နှစ်စဉ် မတ်လ ၁ ရက်နေ့တိုင်း ထိုနတ်သမီးကို ပူဇော် ပသသောပွဲများ ကျင်းပလေ့ရှိ၏။ လဆန်းစတွင် ဟီရာ နတ်သမီးကို ရည်စူး၍ ပူဇော်ပသလေ့ရှိ၏။

ဂရိနှင့် ရောမနိုင်ငံများတွင် ဟီရာ (ဂျူနို)နတ်ကွန်းများ အများအပြား ရှိသည်။ ကျွန်ုပ်တို့ နေ့စဉ် ခေါ်ဝေါ်သုံးစွဲနေသော အင်္ဂလိပ်လ အမည်များအနက် ဇွန်လမှာ ဂျူနိုနတ်သမီးကိုစွဲ၍ သမုတ်ထားသောအမည် ဖြစ်သည်။

အေသီနာ(မီနားဗား)[ပြင်ဆင်ရန်]

ဇုစ်နတ်မင်းကြီး၏ ဦးနှောက်တွင်းမှ ချပ်ဝတ်တန်ဆာ အစုံအလင်ဝတ်ဆင်ကာ လက်နက်စွဲကိုင်လျက် စစ်သံကြွေး၍ မွေးဖွားခဲ့သော သမီးတော်တစ်ပါး ဖြစ်၏။ စစ်ပွဲများတွင် ပါဝင် စောင့်ရှောက်ပေး၏။ သို့သော် လူ့ပြည်မှ မြို့တော်ကြီးများကို ချစ်မြတ်နိုးသူဖြစ်ပြီးလျှင် ထိုမြို့တော်ကြီးများကို ကာကွယ်ရန်သာ စစ်ပွဲများတွင် ပါဝင်စောင့်ရှောက်တတ်သည်။ ထိုနတ်သမီး ကို ဂုဏ်ပြုမှည့်ခေါ်ထားသော အေသင်မြို့တော်ကိုကား အထူး ကာကွယ် စောင့်ရှောက်ပေးလေသည်။ စစ်မက်လိုလားသလောက် ဉာဏ်ပညာ ထက်မြက်လှသော ပညာရှိ နတ်သမီးလည်း ဖြစ် သည်။ မိန်းကလေးများအား ဗိုင်းငင်၊ ရက်ကန်းစသည့် လက်မှုပညာများကို တတ်မြောက်စေရန်လည်းကောင်း၊ယောက်ျားများအား စာပေပညာ ဆည်းပူးကြစေရန်လည်းကောင်း အားပေးစောင့်ရှောက်သည်။ ဇုစ်နတ်မင်းကြီး၏ အမြတ်နိုးဆုံးသမီးတော်ဖြစ်၍ အပျိုစင် နတ်သမီးလည်း ဖြစ်ပေသည်။

စာပေများ၌ လေနတ်သမီး Athena သည် မိဘတစ်ဦးတည်းရှိသူ ဟုဖော်ပြသည်။ သူသည် ဇုနတ်မင်းကြီး၏ ဦးခေါင်းမှ ဖွားမြင်သည်ဟု ဆိုသည်။ သူ့ကို များသောအားဖြင့် Pallas Athena သို့မဟုတ် Parthenos ဟုခေါ်သည်။ အပျိုစင် နတ်ဘုရားမ ဟူ၍ဖြစ်သည်။ အေသင်မြို့၊ ပါသီနွန်ဘုရားကျောင်း တို့သည် လေနတ်သမီး Athena အတွက် ရည်စူး၍ ထိုအမည်များ မှည့်ခဲ့ခြင်းဖြစ်သည်။ ဂရီလူမျိုးများ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ပြီးသည့် အချိန်တွင် ထိုပါသီနွန် ဘုရားကျောင်းမှာ မယ်တော်မာရီ၏ church ကျောင်းဖြစ်လာသည်။ Athena ကို အေသင်မြို့၏ မျိုးချစ်နတ်ဘုရားမ ဟုတင်စားသည်။ အကြောင်းမှာ အေသင်မြို့ကို သိမ်းပိုက်လိုသည့် ပိုဆိုက်ဒန် (Poseidon) ကို အနိုင်တိုက်နိုင်ခြင်း ကြောင့်ဖြစ်သည်။ ပိုဆိုက်ဒန်က အေသင်မြို့သားများကို ရေတွင်းတစ်တွင်းလက်ဆောင်ပေးသည်။ သို့သော် ပင်လယ်နှင့်ဆက်နေသောရေတွင်းဖြစ်နေသောကြောင့် အသုံးမဝင်ပေ။ ထို့နောက် Athena က ပထမဆုံးသော သံလွင်ပင်ကို လက်ဆောင်ပေးသည်။ သံလွင်ပင်သည် အလွန်အသုံးဝင်သည်။ ထို့ကြောင့် ပိုဆိုက်ဒန်ကို နိုင်ခဲ့သည် ဟုဆိုသည်။ စစ်ပွဲ၏နတ်သမီး၊ ဉာဏ်ပညာ၏နတ်သမီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ရက်ကန်း စသည့် အနုပညာ၊ လက်မှုပညာ အပေါင်းတို့၏ နတ်သမီးဟု ဆိုကြသည်။ ဇီးကွက် မှာ သူ၏ သင်္ကေတဖြစ်သည်။

အပိုလို (ဝါ) ဖီးဗပ် (ဝါ) ဟီလီအော့[ပြင်ဆင်ရန်]

ရှေးဂရိတို့၏ တန်ခိုးကြီးနတ် ၁၂ ပါးအနက် လူအများ ဆုံး၏ ကိုးကွယ်ခြင်းခံရသော နတ်မင်းတစ်ပါးဖြစ်သည်။ နတ်မင်းကြီး၏ နတ်မိဖုရားတစ်ပါးဖြစ်သော လီတို၏ သားတော်ဖြစ်၍ အားတိမစ်နတ်သမီးနှင့် အမြွှာမွေးဖက် ဖြစ်၏။ အပိုလိုသည် လူသတ္တဝါတို့အပေါ် အကြင်နာတရား ကြီးမား လှ၍ နေ့စဉ်နေ့တိုင်း ကောင်းကင်ဝယ် နေစကြာယာဉ်ရထား ကို စီးနင်းမောင်းနှင်ကာ လူအပေါင်းအား အလင်းရောင်နှင့် အပူဓာတ်ကို ပေးလေသည်။ သူ့ကို အလင်းရောင်နတ်မင်းဟု ကိုးကွယ်ကြသည်။

ဂရိလူမျိုးတို့အဖို့ အပိုလိုမှာ လှပချောမွေ့ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်သဘောဖြူစင်ခြင်း၊ ဉာဏ်ထက်မြက်ခြင်း စသည့် အရည်အချင်းများ စုဝေးရာ ဖြစ်သည်။ သို့ဖြစ်၍ သူ့အား ဂီတ နှင့်ကဗျာ၊ ကျန်းမာမှု၊ အနာဂတ် ကြိုတင်ဟောပြောနိုင်မှုနှင့် လေးမြားအတတ်ဆိုင်ရာ နတ်မင်းဟု ခေါ်ဝေါ်ကြ၏။ ထို့ပြင် လယ်ယာ စိုက်ပျိုးမှုနှင့် ဆက်သွယ်နေသော နတ်မင်းဟုလည်း ယုံကြည်ကြလေသည်။ အပိုလိုမှာ ခန့်ညားလှပသည်တွင် စံပြဖြစ်သည်။

နေနတ်ဘုရား (apollo) သည် ရွှေရောင်ဆံပင် ကောက်ကောက်နှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ သင်္ကေတများမှာ နေ၊ ကိုင်ထားသော ဗျပ်စောင်း၊ လေး နှင့် နေ့စဉ် ကောင်းကင်၌ သွားလာရာတွင် အသုံးပြုသော စစ်ရထား စသည်တို့ ဖြစ်သည်။ သူ့ကို delo ကျွန်းပေါ်၌ မွေးဖွားသည် ဟုဆိုသည်။ ဖခင်မှာ ဇုနတ်မင်းကြီးဖြစ်သည်။ မိခင်မှာ leto ဖြစ်သည်။ အမျိုးသမီး များစွာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော်လည်း အိမ်ထောင်မရှိပေ။ သို့သော် calliope နှင့် ကလေးတစ်ယောက်ထွန်းကားသည်။ အမည်မှာ orpheus ဖြစ်သည်။ Apollo ၏ နတ်ကွန်းမှာ Delphi တောင်ပေါ်တွင်ရှိသည်။ ပုရောဟိတ်အတက်၊ မန်းမှူတ်ခြင်းအတက်၊ ဂီတ၊ သီချင်း၊ ကဗျာ၊ လေးပစ်အတက် စသည်တို့နှင့်ပတ်သက်၍ ကိုးကွယ်ကြသည်။ လူငယ်များကို စောင့်ရှောက်သည် ဟုဆိုသည်။ အပိုလိုသည် delphi တောင်တန်း ပေါ်ရှိ python စပါးကြီးမြွေကြီး အားသူ၏ လေးနှင့်မြားကိုသုံးကာ နှိမ်နှင်းနိုင်ခဲ့သည်။ အပိုလို၏ မြားသည် ရောဂါအချို့ကို ပျောက်ကင်းစေနိုင်သည် ဟုဆိုသည်။ ဂရိပြည်တွင် ကပ်ရောဂါကျရောက်စဉ်က အပိုလို၏မြားများကို လူများသို့ပစ်လွှတ်ရန် တောင်ဆိုခဲ့သည်။ ထိုအခါ ရောဂါများပျောက်ကင်းခဲ့သည်။ ထို့ကြောင့် နာမကျန်း ဖြစ်သူများ apollo ကိုဆုတောင်းကြသည်။ ထို့ကြောင့် apollo ကိုအကြောင်းပြု၍ မြွေသည် ဆေးပညာ၏ သင်္ကေတ ဖြစ်လာသည်။

အားတိမစ်(ဒိုင်ယာနာ)[ပြင်ဆင်ရန်]

လနတ်သမီးဖြစ်၍ အပိုလိုနှင့် အမြွှာမွေးဖက် နှမတော်ဖြစ် သည်။ နောင်တော်ကဲ့သို့ကား မထင်ရှားလှပေ။ အမဲလိုက်မှုကို နှစ်ခြိုက်သော်လည်း တောတိရစ္ဆာန်များကို ချစ်ခင်စောင့်ရှောက် တတ်သည်။ အနာရောဂါတို့ကို ပျောက်ကင်းအောင် စွမ်းဆောင် နိုင်သူဖြစ်၍ အထူးသဖြင့် မီးဖွားနေသော မိန်းမသားတို့အား စောင့်ရှောက်တတ်၏။ ယင်းအားတိမစ်နတ်သမီးသည် အပျိုစင် နတ်သမီးဖြစ်၏။ နောင်တော် အပိုလိုနတ်မင်းကဲ့သို့ပင် ကမ္ဘာသူ ကမ္ဘာသားတို့အား သနားကရုဏာ ကြီးမားသူ ဖြစ်သည်။

အေးရီးစ် (မားစ်)[ပြင်ဆင်ရန်]

စစ်မက်နှင့်ဆိုင်သော နတ်ဖြစ်၍ သွေးထွက်သံယိုမှုကို လိုလားကာ ကြမ်းကြုတ် ရက်စက်သည့် စိတ်ဓာတ်ရှိသည်။ ထို နတ်မင်းကား ဇုစ်နတ်မင်းကြီးနှင့် ဟီရာမိဖုရားကြီးတို့၏ သားတော် ဖြစ်၏။ ရောမလူမျိုးတို့က မားစ်နတ် တစ်နည်း အေးရီးစ်နတ်အား ရောမမြို့တော်ကို တည်ထောင်သူ ရိုမျူလပ်၏ ခမည်းတော် ဖြစ်သည်ဟုယူဆသဖြင့် ဇုနတ်မင်း ကြီး(ဂျူပီတာ) မှလွဲလျှင် ဒုတိယနေရာထားကာ ကိုးကွယ်ကြလေသည်။

အက်ဖရိုဒိုက်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အက်ဖရိုဒိုက်

ဤနတ်သမီးမှာ ပင်လယ်လှိုင်းတံပိုး၏ ရေမြှုပ်မှဖွား၍ ရေနန်းသူဇာ အဓိပ္ပာယ်ရှိသည့် အက်ဖရိုဒိုက်ဟူသောအမည်ကို ရသည်။ ဇုနတ်မင်းကြီး၏ အမြတ်နိုးဆုံး သမီးတစ်ပါး ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် အလှအပဆိုင်ရာ နတ်သမီးတည်း။ ကြော့ရှင်းလှပသော ရုပ်ဆင်း ရူပကာကြောင့် လူနှင့်နတ်တို့ ယောက်ျားသားမှန်သမျှမှာ ထိုနတ်သမီးအား အလွန်စွဲလန်းကြသည်။ ပင်လယ်ထဲမှ ပေါက်ဖွားလာသူဖြစ်၍ ပင်လယ်သမုဒ္ဒရာနှင့် ဆိုင်ရာ ရေသတ္တဝါ အပေါင်းကို စောင့်ရှောက်သည်။ အဆင်းမာန်တက်ကာ မာနထောင်လွှားသဖြင့် ဇုစ်နတ်မင်းကြီးက မိဖုရားကြီး ဟီရာမှ မွေးဖွားသော ခြေမသန်သည့် သားတော် ဟီဖက်စတပ်နှင့် သူ့အား လက်ဆက်ပေးခဲ့၏။

ထိုနတ်သမီးသည် လက်ထပ်ထိမ်းမြားရေး၌ အကူအညီပေး၍ သားဖွားကိစ္စ၊ အိမ်ထောင်ရေးကိစ္စတို့၌ စောင်မကြည့်ရှု သူဟု အယူရှိကြ၏။ အချစ်နတ်သမီးဖြစ်သည့်အလျောက် ယောက်ျားတို့၏ စိတ်ကို စိုးပိုင်နိုင်သည်ဟုလည်း ဂရိလူမျိုးတို့ ယုံကြည်ကြလေသည်။

ဟီဖက်စတပ်(ဗာလကန်)[ပြင်ဆင်ရန်]

မီးနတ်ဖြစ်သည့်ပြင် အိုလမ်ပတ်စ်နတ်ဘုံမှ ပန်းပဲနတ်လည်း ဖြစ်သည်။ ဇုစ်နတ်မင်းကြီးနှင့် မိဖုရားကြီး ဟီရာတို့၏ ရင်သွေးတော်ဖြစ်၍ ခြေမသန်ရှာပေ။ နတ်အပေါင်းတို့ စွဲကိုင်သည့် လက်နက်များ၊ လှပဆန်းကြယ်သည့် နတ်ဘုံနတ်နန်းများမှာ ထိုနတ်မင်း၏ ဖန်တီး လုပ်ကိုင်ပေးမှုများ ဖြစ်၏။ အက်ဖရိုဒိုက် နတ်သမီး၏ ကြင်ယာတော် ဖြစ်၏။ ပန်းပဲသမားများ ကို စောင့်ရှောက်သောနတ်လည်း ဖြစ်၏။ အေသီနာ နတ်သမီးမှာ ဇုနတ်မင်းကြီး၏ ဦးနှောက်တွင်းမှ ဟီဖက်စတပ် နတ်မင်း၏ ကျေးဇူးကြောင့်သာလျှင် ဖွားနိုင် ခဲ့သည်။ တစ်ခါသော် နတ်မင်းကြီးမှာ ခေါင်းခဲဝေဒနာ စွဲကပ်လေရာ မခံမရပ်နိုင်အောင် ဖြစ်လာသဖြင့် သားတော် ဟီဖက်စတပ်နတ်အား မိမိ၏ဦးခေါင်းကို တူနှင့် ရိုက်ခွဲစေရန် အမိန့်ပေး၏။ ဟီဖက်စတပ်မှာ ခမည်းတော်အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ခေါင်းကို ရိုက်ခွဲရပေသည်။ ခမည်းတော်၏ ဦးနှောက်အတွင်းမှ အေသီနာ နတ်သမီးသည် ချပ်ဝတ်တန်ဆာ ဆင်၍ လက်နက် အစုံစွဲကိုင်ကာ တစ်ခဲနက်သောအသံကို မြည်ဟီးစေလျက် ပေါ်ထွက်လာခဲ့၏။

ပိုဆိုက်ဒွန်(နက်ပ်ကျွန်း)[ပြင်ဆင်ရန်]

ဇုစ်နတ်မင်းကြီးသည် ခမည်းတော် ကရိုးနပ်မင်းကြီး၏ ရိုက်ရာကို သိမ်းပိုက်လိုက်ပြီးနောက်တွင် မိမိအား ကူညီခဲ့သူ နောင်တော်တို့အား နယ်ပယ်များကို ခွဲဝေပေးသည်။ ဤသို့ပေးရာတွင် နောင်တော်တစ်ပါး ဖြစ်သူ ပိုဆိုက်ဒွန်နတ်မင်းအား ပင်လယ်သမုဒ္ဒရာဟူသမျှကို စိုးပိုင်ခွင့်ပေး၍ ရေပြင်အောက်တွင် စံမြန်းရန် ခမ်းနားကြီးကျယ် တင့်တယ်လှပသော နတ်နန်း ဗိမာန်ကြီးတစ်ဆောင်ကိုလည်း ပေးအပ်၏။ ယင်းသို့ဖြင့် ပိုဆိုက်ဒွန်မှာ ရေပြင်အပေါင်းကို စိုးမိုးစောင့်ရှောက်ရသော နတ်မင်း ဖြစ်လာ၍ ရေကြောင်းခရီးသွားများသည် သူ့အား ကိုးကွယ်ပသ လေ့ရှိ၏။ ထိုနတ်မင်းသည် အသွား ၃ ခွရှိ လက်သုံးတော် ခက်ရင်းလှံတံကိုဝင့်လိုက်လျှင် ကျောက်ဆောင်များကို ပြိုကွဲစေနိုင်၏။ လှိုင်းတံပိုး ထစေနိုင်၏။ မြေငလျင် တုန်လှုပ်စေ နိုင်၏။ မုန်တိုင်းကျစေနိုင်၏။ ထိုမျှ တန်ခိုးရှိသော နတ်မင်း ပေတည်း။ မြင်းဟူသည့် သတ္တဝါကို ထိုနတ်မင်းက ပထမဆုံး ဖန်ဆင်းခဲ့၍ မြင်းများကိုလည်း စောင့်ရှောက်သည့်နတ် ဖြစ်၏။

ဟားမီးစ်(မာကျူရီ)[ပြင်ဆင်ရန်]

ဇုစ်နတ်မင်းကြီးနှင့် တောင်စောင့်နတ်သမီး မေယာတို့မှ ဖွားမြင်သည်။ ထိုနတ်ကား စေတမန်နတ်သားဖြစ်သည်။ ထို့ကြောင့် ဟားမီးစ်နတ်၏ ရုပ်တုများတွင် ခေါင်း၊ ခြေထောက်တို့ကို အတောင်များတပ်ကာ ထုလုပ်လေ၏။ ထိုနတ်သားသည် သေသူ များ၏ ဝိညာဉ်များကို ငရဲနှင့် တန်သူကို ငရဲကိုလည်းကောင်း၊ နတ်ပြည်နှင့် တန်သူကို နတ်ပြည်သို့လည်းကောင်း ပို့ဆောင်ပေးတတ်သည်။ ထိုနတ်မင်းသည် ခရီးလမ်းပန်းများနှင့် ခရီးသည်များကို စောင့်ရှောက်တတ်သည်။ စကားအရာ၌လည်း ကျွမ်းကျင်လိမ္မာ ၍ စကားပြောမှုနှင့် အသက်မွေးသူတို့၏ ကိုးကွယ်ပသခြင်း ခံရသောနတ်လည်း ဖြစ်သည်။ ကျန်းမာရေး ကစားခုန်စားပွဲ များကို နှစ်သက်၍ အားပေးကူညီတတ်၏။ စည်းစိမ်ဥစ္စာတို့ကို ပေးစွမ်းနိုင်သည့် နတ်ဟူ၍လည်း ယုံကြည်ကြသည်။ အချို့ ပုံပြင်များတွင် ဟားမီးစ်နတ်သည် သူခိုးဓားပြတို့ကို ကာကွယ် စောင့်ရှောက်ပေးသူ ဟူ၍ ဆိုလေသည်။

ဟေးဒိစ် (ပလူတို)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဟေးဒီးစ်

ဇုစ်နတ်မင်းကြီး၏ နောင်တော်တစ်ပါးဖြစ်၍ သုန်မှုန်သော မျက်နှာထားအမူအရာရှိ၏။ ခမည်းတော်အား နန်းချပြီးသည့် နောက်တွင် ဇုနတ်မင်းက ဟေးဒိစ်အား မြေအောက်ကမ္ဘာ တစ်ခွင်ကို စိုးမိုးအုပ်ချုပ်သော ငရဲမင်းအဖြစ် ခံယူစေသည်။ ထိုဟေးဒိစ်နတ်မင်းကြီး၏ ရုပ်သွင်သည် ဇုနတ်မင်းကြီးနှင့် တူသော်လည်း ပို၍ ဣန္ဒြေကြီးပြီးလျှင် ခက်ထန်သည်။ ဟေးဒိစ် နတ်မင်းသည် မြေဩဇာကောင်းအောင် ကူညီမှိုင်းမ ပေးနိုင်သဖြင့် လယ်သမားတို့က ကိုးကွယ်ပသကြသည်။ အခါတစ်ပါး၌ ရံရွေတော်ဖော်တစ်သင်းနှင့် ပန်းခူးထွက်ခဲ့သော ပါဆက်ဖိုနီ နတ်သမီး ကို ဟေးဒိစ်သည် မြင်း ၄ ကောင်ကသော ရထားထက်သို့ ရုတ်တရက် အတင်းပွေ့တင်ကာ မိမိစံရာ ငရဲပြည်သို့ ခေါ်ဆောင်ခဲ့ပြီးသော် မိဖုရား မြှောက်လေသည်။ ပါဆက်ဖိုနီ နတ်သမီးကား ဒီမီတာနတ်သမီး၏ သမီးတည်း။

ဒိုင်ယာနိုက်ဆပ်စ်(ဘက်ကပ်စ်)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒိုင်ယာနိုက်ဆပ်စ်

ဇုနတ်မင်းကြီးနှင့် လူသားမင်းသမီးတစ်ပါးတို့မှ မြင်သော သားတော်ဖြစ်၍ ဝိုင်အရက်ချိုနှင့် အသီးအနှံပင်ကလေးများကို စောင့်သော နတ်ဖြစ်သည်။ အစဉ်အမြဲ စိတ်လက်ကြည်သာ ရွှင်လန်းစွာနေတတ်၍ ငြိမ်းချမ်းသာယာမှုကို လိုလားသော နတ်သားဖြစ်၏။ ထိုနတ်သား ငယ်ရွယ်စဉ်ကပင် မယ်တော် မင်းသမီးမှာ ဇုနတ်မင်းကြီး၏ မိဖုရားဟီးရ၏ပရိယာယ်ကြောင့် မိုးကြိုးခ၍ ကွယ်လွန်ခဲ့ရာ ထိုသားတော်ကလေးကိုသာ ခမည်း တော်က သူ၏တန်ခိုးဖြင့် ကာကွယ်လိုက်သဖြင့် ချမ်းသာရာ ရခဲ့လေသည်။

ဒီမီးတာ(ဆီးရီး)[ပြင်ဆင်ရန်]

ဇုနတ်မင်းကြီး၏ နှမတော်ဖြစ်၍ ဂရိနတ်တို့တွင် တန်ခိုးအကြီးဆုံး နတ်သမီးတစ်ပါးဖြစ်၏။ ထိုနတ်သမီးကြီးသည် ကမ္ဘာလောကဓာတ်ကြီး သာယာဝပြောစေရန် ကောက်ပဲသီးနှံနှင့် သစ်ပင်ပန်းပင်တို့ကို ဖန်တီး စောင့်ရှောက်ပေး၏။ ထို့ကြောင့် ထိုနတ်သမီးအား လယ်တော် နတ်သမီးဟူ၍လည်းကောင်း၊ မြေဆီဩဇာ နတ်သမီးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။ ငြိမ်းချမ်းရေးမှာ စည်ပင် သာယာဝပြောရေးအပေါ်၌ တည်ပေရာ ဒီမီတာနတ်သမီးအား ဥစ္စာစီးပွားနှင့် ငြိမ်းချမ်းရေးကို ပေးသူဟူ၍ ယူဆကြ၏။ ဒီမီတာတွင် ပါဆက်ဖိုနီ အမည်ရှိ သမီးတော်ကလေး တစ်ပါး ရှိ၏။ လောကဓာတ်တစ်ခုလုံးတွင် စည်ပင်သာယာ ရေးကို ဆောင်ရွက်ရသဖြင့် ဒီမီတာမှာ အလွန်အလုပ်များလှ ပေရာ သမီးတော်ကလေးအား ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက် ထိန်းသိမ်းခြင်း မပြုနိုင်ရှာဘဲ အပျိုဖော်တစ်သင်းနှင့် သမီးတော် အား နေစေ၏။ တစ်နေ့သော် ပန်းခူးထွက်ခဲ့သည့် ပါဆက် ဖိုနီအား အပျိုဖော်များအလစ်တွင် မြေအောက်ဘုရင် ဟေးဒိစ်က ရထား နှင့်တင်၍ ငရဲပြည်သို့ ခိုးပြေးလေရာ ဒီမီတာလည်း သမီးတော် အတွက် ရတက်ပွေကာ လောကဓာတ်ကြီးကို သာယာအောင် မပြုစုနိုင်တော့ချေ။ ထို့ကြာင့် လောကအလုံးမှာ အဖူးအပွင့် အသီးတို့ကင်းကာ ဆိတ်သုဉ်းခြောက်သွေ့နေခဲ့၏။ ထို့နောက် သမီးတော်ကလေးအား စကြဝဠာတစ်ခုလုံး အထပ်ထပ်လိုက်ရှာသော် ငရဲပြည် ဟေးဒိစ်၏ မိဖုရားဖြစ်နေကြောင်းကို တွေ့ရသည်။ ဤတွင် သမီးတော်အား နတ်ပြည်သို့ ပြန်ခေါ်နိုင်ရန် ကြိုးစားရှာ၏။ သို့သော် တစ်နှစ်လျှင် ၆ လမျှသာ နတ် ပြည်သို့ ပြန်ခေါ်ရန် ဟေးဒိစ်က ခွင့်ပြုလေသည်။ ထို့ကြောင့် ဒီမီတာသည် သမီးတော်ကလေး နတ်ပြည်သို့ ပြန်လာသည့် ၆ လတွင်သာ လောကကြီးကို စိမ်းလန်းသာယာအောင်ပြု၍ သမီးတော်နှင့် ကင်းကွာနေရသည့် ၆ လတွင် သာယာစည်ပင်မှု ကို မပြုစုနိုင်သဖြင့် တစ်နှစ်ရာသီတွင် ၆ လမှာ ထိုင်းမှိုင်း မှုန်ပြာဝေနေခြင်း ဖြစ်သည်ဟု ဂရိတို့က အယူရှိကြ၏။

ပဲဆဲဖိုနီ(ပရိုဆဲပီနာ)[ပြင်ဆင်ရန်]

ဒီမီတာနတ်သမီး၏ သမီးတော်ဖြစ်၍ မြေအောက်ဘုရင် ဟေးဒိစ်၏ မိဖုရားဖြစ်သည်။ မယ်တော် အလုပ်များနေခိုက် ရံရွေတော်အပျို ဖော်တစ်သင်းနှင့် ပန်းခူးထွက်ရာမှ တစ်ဦးတည်း အဖော်ကွဲနေခဲ့စဉ် ဟေးဒိစ် ပေါ်ပေါက်လာပြီးလျှင် ငရဲပြည်သို့ ရထားနှင့် တင်ဆောင်သွားကာ မိဖုရား မြှောက်ထား၏။ မယ်တော်မှာ သမီးတော်အတွက် ပရိဒေဝမီးတောက်လောင်ကာ လောကကြီး ကို သာယာတင့်တယ်အောင် မပြုနိုင်တော့ချေ။ ထိုကြောင့် ဇုစ်နတ်မင်းကြီးက ဟေးဒိစ်အား ပါဆက်ဖိုနီကို သူ့မယ်တော်ထံသို့ တစ်နှစ်တွင် ၆ လမျှ ပြန်စေခွင့်ပြုရန် အမိန့်ပေးသည်။ မယ်တော်သည် သမီးတော်ပြန်လာချိန်တွင် လောကအလုံးကို သာယာစိုပြည်အောင် ပြုတတ်သည်။ ပါဆက်ဖိုနီမယ်တော်ထံ ပြန်နေချိန်ဖြစ်သည့် နွေဦးရာသီမှာ စိမ်းလန်းစိုပြည်၍ အလွန်သာယာသည်။

ဟက်စရှာ(ဗက်စတာ)[ပြင်ဆင်ရန်]

ဇုနတ်မင်းကြီး၏ နှမတော်တစ်ပါး ဖြစ်သည်။ အပျိုစင်နတ် သမီးဖြစ်၍ ဇုနတ်မင်းကြီး၏ နတ်နန်းတွင် အတူစံရ၏။ ထို နတ်သမီးကို အိုးအိမ်စောင့်သူ နတ်သမီးဟု ခေါ်ဝေါ်ကြ သည်။ ဟက်စရှာ၏ တာဝန်ဝတ္တရားမှာ အချမ်းပြေမီးလှုံသည့် မီးဖိုများ မည်သည့်အခါမျှ မီးမငြိမ်းစေရန် စောင့်ရှောက်ပေး ရခြင်း ဖြစ်၏။ ထိုမီးဖိုမီးငြိမ်းပါက အိုးအိမ်နှင့်မတူ၊ အိုးအိမ် မပီမသ ဖြစ်ရ၏။ ထိုနတ်သမီး၏ နတ်ကွန်းများတွင် သူ့အား ပူဇော်သည့် ဆီမီးသည် မည်သည့်အခါမျှ ငြိမ်းမသွားစေရချေ။ ဆီမီးမပြတ် ပူဇော်ပေးရသူများမှာ အပျိုစင်များသာ ဖြစ်ရ သည်။

အီးရော့(ကျူးပစ်)[ပြင်ဆင်ရန်]

သတ္တဘာဂ ဖူးစာနတ်ဟု ခေါ်ကြသော ထိုနတ်ကလေးမှာ အချစ်နတ်သမီး ဗီးနပ်၏သားတော် ဖြစ်၍ လေးနှင့်မြားကို စွဲကိုင်ကာ မယ်တော်၏ နောက်တော်ပါးမှ ဖဝါးထက်ကြပ် လိုက်ပါနေတတ်သည်။ အီးရော့သည် သူ၏မြားကို စိတ်ကူး တည့်ရာသို့ လွှတ်တတ်သည်။ သူ့မြားချက်ထိသူမှာ သေလောက် သောဝေဒနာကို မခံစားရစေကာမူ ထိုမြားချက်ဒဏ်ရာ ကုသ၍ ပျောက်ခဲလှသည်။ လူနတ်မဟူ မြားချက်ထိသူတို့တွင် ချစ် မေတ္တာစိတ်များ ဝင်စားလာတတ်သည်။ မြားနတ်မောင် အီးရော့ သည် သူ့မြားကို စူးစူးစမ်းစမ်းပြုပြီးမှ ပစ်ခတ်ခြင်း မပြုဘဲ သူပစ်ချင်သလို ပစ်တတ်သဖြင့် အဆင်မပြေသော အချစ်ကိစ္စ များ ပေါ်ပေါက်ရသည်ဟုဆိုကြ၏။ ထို့ကြောင့် မြားနတ်မောင် ၌ မျက်စိမရှိသဖြင့် အချစ်၌လည်း မျက်စိမရှိဟု အချို့က ဆို စမှတ်ပြုကြ၏။

သူတစ်ပါးတို့အား ချစ်ဒုက္ခ အနည်းနှင့်အများ ပေးတတ်သူ အီးရော့မှာ သူကိုယ်တိုင် အချစ်ဒုက္ခကို ခံစားခဲ့ရ၏။ တစ်ခါ သော် မယ်တော် အချစ်နတ်သမီးက ဘုရင်တစ်ပါး၏ သမီးတော် ဆိုက်ကီးမင်းသမီးကလေးမှာ ချောမွေ့လှပသဖြင့် မနာလိုဖြစ်ကာ ထိုမင်းသမီး၏ အချစ်ကိစ္စတွင် မဖွယ်မရာ ဖြစ်အောင်ပြုချေဟု သူ့အားစေခိုင်းလိုက်၏။ သို့သော် သူ့ကိုယ်တိုင် မင်းသမီး ကလေးအား မေတ္တာသက်ဝင်ခဲ့၍ သူသည် မည်သူမည်ဝါဖြစ် သည်ကို သိအောင်မပြုရဟုပြောကာ ဇနီးပြုခဲ့၏။ ဆိုက်ကီး မင်းသမီးကလေးမှာ သူ့အားမနာလိုနေသော အစ်မတော်များ၏ စကားကို နားယောင်ကာ ညအချိန် အီးရော့အိပ်နေခိုက်တွင် သူမည်သူဖြစ်သည်ဟု စူးစမ်းလေသည်။ ထိုအခါ အီးရော့က မျက်မာန်တော်ရှကာ သူ့အား စွန့်ခွာထွက်သွားလေသည်။ ဆိုက်ကီးမင်းသမီးလေးမှာ ကြင်ယာတော်၏ အထင်မှားချက် ပြေပျောက်ပါရန် သာမန်လူသားတို့ စွမ်းဆောင်နိုင်ခဲသော အလုပ်များကို ဆောင်ရွက်ခဲ့ရှာ၏။ နောက်ဆုံးတွင်မှ အီးရော့မှာ ကြင်ယာတော်ကလေး၏ဖြစ်ပုံကို သနားကရုဏာစိတ်ဝင်လာ သောကြောင့် ချစ်သူနှစ်ဦးမှာ ပြန်လည် ပေါင်းဖက်မိကြ၏။


အီးအော့(ဩရိုရာ)[ပြင်ဆင်ရန်]

အရုဏ်နတ်သမီးဖြစ်၏။ နံနက်အရုဏ်ကျင်း၍ လင်းလုနီး သည့်အချိန်တွင် တောက်ပသော နနွင်းရောင် ဝတ်စားတန်ဆာ တို့ကို ဆင်ယင်ကာ နှင်းဆီသွေးရှိသော လက်များကို ဆန့်တန်းလျက် ညဉ့်လွှာရုံကိုပင် တင်လေ့ ရှိသည် ဆိုလေ သည်။ သူ့၌ အလွန်နူးညံ့ သိမ်မွေ့သော စိတ်နေသဘောထားရှိ သော်လည်း သူ၏သားတော်များမှာ အလွန် ထိန်းသိမ်းရခက် သည်။ သားတော်များကား ဇက်ဖာခေါ် နောက်လေနတ်သား၊ ဗိုရီယတ်ခေါ် မြောက်လေနတ်သား၊ ဩစတာခေါ် တောင်လေ နတ်သားနှင့် ယူးရပ်ခေါ် အရှေ့လေနတ်သားတို့ ဖြစ်ကြသည်။ အီးအော့သည်လည်း အဆင်မပြေသော ချစ်ကိစ္စနှင့် ကြုံခဲ့ရ ၏။ အရုဏ်နတ်သမီးသည် တောစောင့်နတ်သမီး ပရော့ကရစ် ၏ ကြင်ယာ၊ ဆက်ဖလပ်အမည်ရှိ မုဆိုးကို ချစ်ခင်စွဲလမ်းမိ၍ ထိုမုဆိုးကလည်း အမူအရာ နူးညံ့သိမ်မွေ့သူ အီးအော့အား ခင်မင်နှစ်သက်မိ၏။ မုဆိုးတောလိုက်ပြီး၍ အပန်းဖြေသည့်အခါ အီးအော့သည် မုဆိုးအား ချစ်ခင်ယုယစွာ ပြုစုပြီး ချစ်တင်းဆို လေ့ရှိသည်။ ပရော့ကရစ်သည် မိမိ၏ကြင်ယာ၏ အပြုအမူ ကို သင်္ကာမကင်းရှိ၍ တစ်နေ့တွင် လိုက်၍ ချောင်းသော် မုဆိုး နှင့် အရုဏ်နတ်သမီးတို့၏အဖြစ်ကို မြင်တွေ့ရလေ၏။ ထိုအခါ စိတ်မချုပ်တည်းနိုင်၍ ပုန်းကွယ်နေရာမှ ထွက်ခွာခဲ့သည်။ ပရော့ ကရစ်ချုံပုတ်ထဲမှ ပြေးထွက်သံကို သမင်ထင်သော မုဆိုးသည် အမှတ်မဲ့ သူ၏လှံတံနှင့် ပစ်လိုက်လေရာ ပရော့ကရစ်အား ထိမှန်သဖြင့် အသက်ကုန်လေသည်။ ထိုအခါ မုဆိုးသည် မိမိသတ်မိသည်ကို နောင်တရကာ နောက်နောင် အသက်ရှည် သမျှ ကာလပတ်လုံး မည်သူ တစ်ယောက်အားမျှ ချစ်ခြင်း မေတ္တာပေးအပ်တော့မည် မဟုတ်ဘဲ မိမိကြင်ယာအပေါ် ထားရှိသောသစ္စာကို စောင့်စည်းပါတော့မည်ဟု သန္နိဋ္ဌာန် ချလိုက်၏။ ထို့ကြောင့် အရုဏ်နတ်သမီးမှာ မိမိချစ်သူ ဆက် ဖလပ်၏မေတ္တာကို နောက်ထပ် မခံယူရရှာတော့ဘဲ အသည်းကွဲ မတတ် ချစ်ဒုက္ခ ခံစားရရှာသည်။

အရုဏ်နတ်သမီးသည် အပိုလိုနတ်မင်း၏ အစေအပါး တစ်ဦးလည်း ဖြစ်၏။ ကမ္ဘာသူ ကမ္ဘာသားတို့အား အလင်း ဓာတ်ပေးရန် အပေါ်လို နတ်မင်းက နေစကြာရထားဖြင့် အသင့် ရှိသောအခါ အရုဏ်နတ်သမီးက ညဉ့်လွှာရုံတည်းဟူသော ကန့်လန့်ကာကို မ တင်ကာ နေစကြာ ရထားကို လွှတ်သူ ဖြစ်သည်။

ပန်(ဖောနပ်)[ပြင်ဆင်ရန်]

သိုးကျောင်းသူ၊ ဆိတ်ကျောင်းသူများကို စောင့်ရှောက်သော နတ် ဖြစ်သည်။ ဟားမီး(မာကျူရီ)နတ်မင်းနှင့် သစ်ပင်စောင့် နတ်သမီး တစ်ပါးတို့၏ သားတော်ဖြစ်၏။ သို့သော် ရုပ်ရည်ရူပ ကာ မလှရှာချေ။ ထို့ပြင် ပလွေမှုတ် အလွန်တော်သော်လည်း မည်သည့် တောစောင့်နတ်သား နတ်သမီးကမှ သူ့ပလွေသံကို နားမဆင်လိုကြချေ။ သို့သော် သိုးကျောင်းသား၊ ဆိတ်ကျောင်း သားကလေးများကမူ သူ့ပလွေသံကို နှစ်ခြိုက်မြတ်နိုးကြ၍ သူတို့ ၏ ဆိတ်ကလေး၊ သိုးကလေးများ ပျောက်ဆုံးသည့်အခါ ပန်းနတ်ကိုသာ ကူညီမှိုင်းမရန် တိုင်တည်ပသကြ၏။

ကရိုးနပ်(ဆက်တန်)[ပြင်ဆင်ရန်]

ဇုနတ်မင်းကြီး၏ ခမည်းတော်ဖြစ်၍ တိုင်တန်နတ်မျိုးနွယ် ဖြစ်သည်။[၁]

ကိုးကွယ်ယုံကြည်မှူ[ပြင်ဆင်ရန်]

ဂရိတို့သည် နတ်များစွာကို ကိုးကွယ်ယုံကြည် ကြသည်။ ကောင်းကင်နတ် (Zeus)၊ နေနတ် (Apollo)၊ လေနတ် (Athena) စသည့် တန်ခိုးကြီးနတ်များကို ကိုးကွယ်ကြသည်။ တမလွန်ဘဝနှင့် ပတ်သက်၍လည်း ယုံကြည်ချက် ထားရှိသည်။ မိမိတို့ အသက်ရှင်စဉ်က ပြုလုပ်ခဲ့သော ကောင်းမွေ၊ ဆိုးမွေ အလျောက် နောင်တမလွန်တွင် ရောက်ရှိရမည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)