ဂျီဘရော်လ်တာ
[ပြင်ဆင်ရန်] ဂျီဗရောတား
ဂျီဗရောတားမှာ မြေထဲပင်လယ်အနောက်ဘက်ဝ၌ ရှိသော ဗြိတိသျှ ကရောင်းကိုလိုနီတစ်ခု ဖြစ်၏။ စပိန် ပြည်တောင် ဘက် မြေထဲပင်လယ်ထဲသို့ ထိုးထွက်လျက်ရှိသော သန်လျက် စွန်း အငူပေါ်တွင် တည်ရှိလျက် ၁ မိုင်ခန့် ရှည်ပြီးလျှင် ၁ မိုင်ခန့် ကျယ်ပြန့်၍ ပေပေါင်း ၁၄ဝ မြင့်လေသည်။ ဂျီဗရော တားမြို့ကား ခံတပ်မြို့ ဖြစ်သည်။ အာဖရိကတိုက်၏ မြောက် ဘက်ဖျားနှင့် ဥရောပတိုက်ရှိ စပိန်နိုင်ငံ တောင်ဖျားမှာ ၁၂ မိုင်ခန့်သာ ကွာဝေးလျက် ဂျီဗရောတား ကျောက်စွန်းကြီးသည် မြေထဲပင်လယ်ရေပြင်ထဲသို့ မြင့်မြင့်မားမား ထိုးထွက်လျက်ရှိရာ မြေထဲပင်လယ်နှင့်တကွ ဆူးအက်တူးမြောင်းကို ဖြတ်၍ အရှေ့ ဖျားသို့သွားရာ ရေလမ်းကြောင်းကို စောင့်ရှောက်ကာကွယ်သော ခံတပ်ဖြစ်သည်။
ဂျီဗရောတာမြို့မှာ အနောက်မြောက်ထောင့်တွင် တည်ရှိ၍ စစ်တပ်အပြင် လူဦးရေ အရပ်သား ၁၇ဝဝဝ ခန့် ရှိ၏။ ကျောက်ဆောင်၏ မြောက်ဖက်ဆုံးတွင် ဗြိတိသျှနယ်နှင့် စပိန်နယ်ကိုခြားထားသော ကြားနယ်မြေလွတ် ရှိလေသည်။ ခရစ် ၇၁၁ ခုနှစ်က မွတ်စလင်စစ်ဗိုလ်ချုပ်တစ်ဦးသည် ရေလက်ကြားကိုဖြတ်၍ ဂျီဗရောတားကို သိမ်းယူခဲ့ရာ ထို ကျောက်တောင်ကုန်းကို 'ဂျဗယ်အယ်တာရစ်'၏ ကျောက် တောင်ကုန်းဟု စစ်ဗိုလ်၏အမည်ကို အစွဲပြု၍ ပေးခဲ့ရာမှ ဂျီဗရောတားဟု ခေါ်တွင်လာသည်။ ထိုသူသည် ထိုနေရာ၌ပင် ခံတပ်တည်ဆောက်ခဲ့၏။ ၁၇ဝ၄ ခုနှစ်တွင် ဂျီဗရောတားကို ဗြိတိ သျှတို့က စပိန်တို့ထံမှ သိမ်းယူပြီး ခံတပ်အခိုင်အခံ့ ပြုလုပ်ထားသည်။ သို့ဖြစ်၍ ၁၇၇၉-၁၇၈၃ ခုနှစ်များအတွင်း ပြင်သစ်နှင့် စပိန်တို့ ပူးပေါင်းလုပ်ကြံသော်လည်း မရခဲ့ချေ။
ခံတပ်မှ ပစ်ခတ်သော အမြောက်ကြီးများကြောင့် ရန်သူ သင်္ဘောများသာ မီးလောင်ပျက်စီးသွားကြရလေသည်။ ခံတပ်မှာ ဖောက်ခွဲ၍ မရသော ကျောက်သားပကတိဖြစ်၍ အထူးခိုင်ခံ့ပြီး လျှင် ဖြိုခွင်းရန် ခဲယဉ်းလှလေသည်။ သင်္ဘောဆိပ်မှာ သင်္ဘော ကြီးများပင် ဆိုက်ကပ်နိုင်၍ ကုန်သင်္ဘောများကို ကျောက်မီး သွေး ဖြည့်တင်းရာစခန်းလည်း ဖြစ်၏။ မြေထဲပင်လယ်၏ တံခါးဝတွင် ခန့်ညားထည်ဝါစွာ တည်ရှိသဖြင့် ဗြိတိသျှတို့ အတွက် အရေးကြီးသော ချက်ကောင်းရေတပ်စခန်းတစ်ခု ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ရန်သူဂျာမန်ဩဇာခံ ဗီရှီ ပြင်သစ်အစိုးရနှင့် အီတလီတို့က တိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့ချေ။
ဂရိတို့သည် ထိုဂျီဗရောတားကျောက်တောင်စွန်းနှင့်အာဖရိက တိုက်ဖက်ရှိ အငူစွန်းတို့ကို ကမ္ဘာကြီး၏ အနောက်ဘက် တံခါးဝများဟုပင် ရှေးအခါက မှတ်ယူခဲ့ကြဘူးသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)