ဂေါ်ကီ၊ မက္ကဇင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂေါ်ကီ၏ ပုံတူ

ဂေါ်ကီ မက္ကဇင်(ခရစ် ၁၈၆၉-၁၉၃၆)[ပြင်​ဆင်​ရန်​]

အလုပ်သမား လူတန်းစားတို့၏ တော်လှန်ရေးကို သရုပ် ဖော်၍ စာပေ၌ ရှေ့ဆောင်ပြုသည်ဟု ဆိုဗီယက်ရုရှားနိုင်ငံက အသိအမှတ်ပြု၍ ကမ္ဘာ၌လည်း ထင်ရှားကျော်ကြားသော မတ်ဆီယင်ဂေါ်ရကီသည် ၁၈၆၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ တွင် နစ်ဇနီနိုဂိုရော့မြို့၌ မွေးဖွားသည်။ ဂေါ်ရကီဟူသော အမည်မှာ အမည်ရင်း မဟုတ်ချေ။ သူ၏ ငယ်နာမည်ရင်းမှာ အလျက်ဆယေအီ၊ မတ်ဆယီမဗျစ်ပျေရှကတ် ဖြစ်သည်။ သူ၏ ဘဝဖြစ်စဉ်မှာ စိတ်နာကျည်းစရာတို့နှင့်သာ ပြည့်နှက်နေရကား ရုရှားဘာသာစကားဖြင့် စိတ်နာသူဟု အဓိပ္ပာယ်ရသော ဂေါ်ရကီ ဟူသော အမည်ကို ကလောင်နာမည်အဖြစ်နှင့်ယူ၍ စာများ ရေးသားခဲ့သည်တွင် ဂေါ်ရကီဟူသောအမည်မှာ ကမ္ဘာကျော်ကြားသွားလေသည်။

ဂေါ်ရကီ၏ ဖခင်မှာ စားပွဲ၊ ကုလားထိုင် အိမ်ထောင်ပရိ ဘောဂ အဖုံးတို့ကိုလုပ်သော အလုပ်သမားဖြစ်သည်။ မိခင်၏ မျိုးရိုးမှာ အထည်ဆေးဆိုးသောအလုပ်ကို လုပ်သူများ ဖြစ် သည်။ ဂေါ်ရကီ ၄၊ ၅ နှစ်သား အရွယ်၌ ဖခင်သေဆုံးသွား သောအခါ မိခင်သည် နောက်အိမ်ထောင်ပြုသောကြောင့် မိခင် ဖက်က အဖိုးနှင့် အတူနေရသည်။ သို့သော် ပညာကောင်းစွာ မသင်ရသေးမီ ဖိနပ်ချုပ်သမားလုပ်ရည်။ နောက် ၂ လမျှ မကြာမီ မြေပုံဆွဲသမား၏ အစေအပါးအဖြစ် အလုပ်လုပ်ပြီး လျှင် အိမ်မှ ထွက်ပြေးလေသည်။ ထိုနောက်၌ကား ပန်းကန် ဆေး၊ မုန့်ဖုတ်၊ ထမင်းချက်၊ ကူလီလိုက်စသော သောင်းပြောင်း ထွေလာ အလုပ်တို့ကို လုပ်ခဲ့ရသည့်အပြင် ဇာတ်သမားလည်း လုပ်ဘူးသည်။ ဘူတာရုံညစောင့်သမား၊ ရှေ့နေစာရေး၊ ပန်းဘဲ သမား စသဖြင့်လည်း အသက်မွေးခဲ့ရသည်။ ဤသို့ဘဝမျိုးစုံ၌ ကျင်လည်ခဲ့ရခြင်းသည် ဂေါ်ရကီအဖို့ သူရေးသားသော စာပေ ထဲ၌ အသုံးချစရာ အခြေခံများဖြစ်သည်သာမက ကမ္ဘာကျော် စာရေးဆရာဘဝသို့ ရောက်အောင်လည်း ပို့ဆောင်ခဲ့လေသည်။

ဂေါ်ရကီသည် အသက် ၁၆ နှစ်အရွယ်သို့ရောက်သောအခါ ကာဇန်တက္ကသိုလ်သို့ ဝင်ခွင့်ရအောင် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်သဖြင့် ဘီစကွတ်မုန့်လုပ်သော စက်ရုံ၌ အလုပ်လုပ် သည်။ ၁၈၈၈ ခုနှစ်၌ စိတ်ညစ်လွန်း၍ မိမိကိုယ်ကို မိမိ သတ်သေရန် ကြံခဲ့၏။ သို့သော် မအောင်မြင်ချေ။ ထိုမှစ၍ ခြေသလုံးအိမ်တိုင်နေခဲ့ရာမှ ၁၈၉၂ ခုနှစ်တွင် တစ်ဖလစ်မြို့ ထုတ် မထင်ရှားသော ဂျာနယ်ကလေးတစောင်တွင် သူ၏ ပထမဦးစွာ ရေးသားသော ဝတ္ထုတိုတစ်ပုဒ်ကို ထည့်သွင်း ထုတ်ဝေခွင့်ရရှိခဲ့လေသည်။

ထိုနောက်၌ကား ဂေါ်ရကီသည် ဝတ္ထုတို အများအပြားအပြင် ဝတ္ထုရှည်ကိုပါ ရေးသားလာခဲ့သည်။ ဝတ္ထုများသည် သူတွေ့ကြုံ ခဲ့ရသော ဘဝ၏ အရောင်ပြန်ဟပ်သော ဝတ္ထုများ ဖြစ်သည်။ မုန့်ဖိုတွင် အလုပ်လုပ်နေသော အလုပ်သများ ယောကျာ်းကြီး ၂၆ ယောက်နှင့် မိန်းကလေးတစ်ဦး၏ ပုံပြင်မှာ သူကိုယ်တိုင် မုန့်ဖုတ်သမားဘဝ၌ ကြုံတွေ့ခဲ့ရသောဘဝကို သရုပ်ဖော်ပြလေ သည်။ခရစ် ၁၉ဝဝ နှင့် ၁၉၁၄ ခုနှစ်အကြားတွင် ပြဇာတ်များ ရေးခဲ့ရာ သူ၏ 'အောက်ဆုံးလွှာ'(၁၉ဝ၃) ဟူသော ပြဇာတ် တွင် လေလွင့်နေသူများ၊ ခြေသလုံးအိမ်တိုင်များ၊ ရာဇဝတ် ကောင်များ၊ ပြည့်တန်ဆာများ၏ ဘဝအမှန်အဖြစ်အပျက်တို့ကို ဖော်ပြခဲ့သည်။ ၁၉ဝ၇ ခုနှစ်တွင် ရေးသားသော 'အမေ'ဟူသော ဝတ္ထုရှည်ကြီး၌ကား သူ၏အဖိုးဖြစ် သူ၏ရက်စက်ကြမ်းကြုတ်မှု နှင့် သူ၏ ချစ်လှစွာသော အမေ၏ ကြင်နာမှုတို့ကို ယှဉ်၍ ပြခဲ့သည့်ပြင် အလုပ်သမား လယ်သမားတို့၏ တော်လှန်ရေး စိတ်ဓာတ်ကို ဖွဲ့နွဲ့ခဲ့သည်။ 'ကလေးဘဝ'(၁၉၁၃)၊ 'လောက တစ်ခွင်' (၁၉၁၅)နှင့် ကျွန်ုပ်အတွက် တက္ကသိုလ်များ'(၁၉၂၃) ဟူသော စာတို့မှာမူ ဂေါ်ရကီ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများ ဖြစ်၍ များစွာကျော်ကြားလေသည်။ အားလုံးကိုခြုံ၍ပြောရလျှင် ဂေါ်ရကီသည် ရုရှစာပေ၏အစဉ်အလာထဲတွင် မတ်၏ သဘော တရားတို့ကို သွတ်သွင်းခဲ့သူ ဖြစ်သည်။


ဂေါ်ရကီသည် ရုရှနိုင်ငံကို အုပ်စိုးလျက်ရှိသော ဇာဘုရင့် အစိုးရအား ဆန့်ကျင်သည့် ဗော်လရှီဗစ် တော်လှန်ရေး အင် အားစုများနှင့် ပူးတွဲ၍ လွတ်မြောက်ရေးကို ကြိုးပမ်းဆောင် ရွက်ခဲ့သဖြင့်လည်း ၃ ကြိမ်တိုင်တိုက် အကျဉ်းချထားခြင်း ခံခဲ့ ရသည်။ ၁၉ဝ၇ ခုနှစ်၌ တော်လှန်ရေးကိစ္စဖြင့် ကပရီသို့သွား ရာ ကပရီ၌ လီနင်နှင့်တွေ့ဆုံ၍ ရင်းနှီးခင်မင်သွားသည်။ ၁၉၁၇ ခုနှစ် ရုရှပြည်တော်လှန်ရေးကြီး အောင်မြင်ပြီးနောက် ဂေါ်ရကီသည် အနုပညာဆိုင်ရ ပစ္စည်းထိန်းသိမ်းရေး အကြီး အကဲ ဖြစ်လာသည်။ ထိုနောက် ဆိုဗီယက်စာရေးဆရာသမဂ္ဂ ကို ဦးစီးရှေ့ဆောင်ခဲ့လေသည်။

၁၉၃၆ ခု ဇွန်လ ၁၈ ရက်နေ့၌ ဂျာမန်ဖက်ဆစ်သူလျှိုများ ၏ လက်ချက်ဖြင့် ကမ္ဘာကျော် ဆိုဗီယက်စာရေးဆရာကြီး ဂေါ်ရကီ ကွယ်လွန်လေသည်။ သူ့အား ဂုဏ်ပြုသောအားဖြင့် သူ၏မွေးဖွားရာ နစ်ဇနီနိုဂိုရော့မြို့ကို ဂေါ်ရကီမြို့ဟု ခေါ်တွင် စေခဲ့သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)