ဂီးလဗတ်နှင့် ဆာလီဗန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂီးလဗတ်နှင့် ဆာလီဗန်[ပြင်​ဆင်​ရန်​]

အနောက်နိုင်ငံပြဇာတ်အနုပညာ၌ အဆိုနှင့်အကကိုသာ ရောဖက်၍ပြသော ဇာတ်ရွှင်ဇာတ်မြူး ဟူ၍ ရှိသည်။ ယင်း ဇာတ်များကို ကောမစ်အော်ပရာဟုခေါ်သည်။ မြန်မာလို တေးသံစုံက ဇာတ်ရွှင်ဟု ခေါ်ဆိုနိုင်သည်။ ထိုဇာတ်တို့တွင် သီချင်းစာသားရေးသားခြင်းနှင့် သီချင်းတေးသံသွင်းခြင်းသည် အရေးပါအရာရောက်ပေသည်။ ဆာဘွဲဲ့ရ ဆွင့်ဂီးလဗတ်သည် နာမည်ကျော် ပြဇာတ်ရေးဆရာဖြစ်၍ ဆာဘွဲ့ရ အာသာဆာ လီဗန်သည်လည်း နာမည်ကျော် ဂီတဆရာ ကြီးဖြစ်လေရာ၊ ထိုပုဂ္ဂိုလ် ၂ ဦးတို့က ပြဇာတ်စာသားနှင့် ဂီတအသံကို စပ်တူ ရေးသားသီဆိုကြသည်မှာ အထူးပင် သဟဇာတဖြစ်ကြ၍ ဂီးလဗတ်နှင့် ဆာလီဗန်ဟူသော အမည် ၂ ခုမှာ ပြဇာတ် သမိုင်းတွင် ဒွန်တွဲလျက် ထင်ပေါ်ကျော်ကြားခဲ့လေသည်။ ထိုပုဂ္ဂိုလ် ၂ ဦး၏ ဇာတ်ရွှင်ဇာတ်မြူးများမှာ လူ့ဘဝကို ရွှင်မြူးဖွယ်ဖြစ်အောင် သရုပ်ဖေါ်နိုင်သဖြင့် ယနေ့တိုင် အများ က နှစ်သက်ကြပေသည်။

လန်ဒန်မြို့ရှိ ဆဗွိုင်းရုံတော်၌ နာမည်ကျော်ပုဂ္ဂိုလ် ၂ ဦးတို့ ၏ ဇာတ်မြူးများကို ရုံတင်ပြသခဲ့ဘူးသည်။ သူတို့ ၂ ဦးသည် နှစ်ပေါင်း ၂ဝ ကျော်မျှ တွဲဖက်လုပ်ကိုင်ခဲ့ရာ ပြဇာတ်အနုပညာ တွင်သာမက ငွေရေးကြေးရေးဖက်တွင်လည်း အလွန်ပင်ကျေးဇူး များခဲ့သည်။

ဂီးလဗတ်သည် ခရစ် ၁၈၃၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ ပထမတွင် အစိုးရအမှု ထမ်းခဲ့သည်။ နောင်သော် ဝတ်လုံအဖြစ်နှင့် အသက်မွေးယင်း ၁၈၆၁ ခုနှစ်တွင် ရယ်ရွှင်ဖွယ်ကဗျာများ ရေးခဲ့ရာမှ စာဆို လောကတွင် နာမည်ကျော်လာခဲ့၍ နောက်တွင် ဂီတနာမည် ကျော် ဆာလီဗန်နှင့် တွဲဖက်မိခဲ့ကြသည်။ ၁၉၁၁ ခုနှစ်တွင် ဆာဝီလျံဂီးလဗတ်သည် ရေနစ်သေဆုံးသည်။

အာသာဆာလီဗန် (ခရစ် ၁၈၄၂-၁၉ဝဝ)သည် အင်္ဂလန် ပြည် ဆင်းဟတ်မြို့ စစ်တပ်တီးဝိုင်းဆရာ၏သားဖြစ်၍ ငယ်စဉ် ကပင် ဘခင်၏ တီးဝိုင်းသို့လာရောက် နားထောင်လေ့ရှိသဖြင့် တီးမှုတ်သူများနှင့် အကျွမ်းဝင်ခဲ့သည်။ ထိုကြောင့် တူရိယာ အသီးသီး တီးမှုတ်သူများသည် သူ့အားတတ်စွမ်းသမျှ သင် ကြားပေးကြသဖြင့် အသက် ၈ နှစ်သို့ ရောက်သောအခါ တီးဝိုင်းမှ သီချင်းအားလုံးကို အလွတ်ရနေ၍ မည်သည့်တူရိယာ ကိုမဆို တီးမှုတ်နိုင်လေသည်။ ဘခင်သည် သားအတွက် ဂုဏ် ယူသော်လည်း တူရိယာဝိုင်းတွင် အတင်းဝင်ရောက် အသက် မွေးရန် မတိုက်တွန်းချေ။ မိခင်မှာ ကျောင်းဆရာမဖြစ်ရာ သားငယ်အား ဂီတပညာတတ်သလို စာပေပညာတတ်မြောက် စေရန် ဂရုစိုက်လေသည်။ သားငယ်၏ ရှေးအမျိုးသားသီချင်း များ၊ ရှေးဟောင်းကဗျာများကို နှစ်သက်ခြင်းမှာ မိခင်ထံမှ ရသောအမွေပင် ဖြစ်တော့သည်။

အသက် ၁၂ နှစ် အရွယ်တွင် ဆာလီဗန်သည် ဘုရင့်ဝတ် ကျောင်းတော် ဓမ္မသီချင်းဝိုင်းတွင် ဝင်ရောက်အမှုထမ်းလေ သည်။ အသက် ၁၄ နှစ်ခန့်တွင် ပညာတော်သင်စရိတ်ရရှိ၍ လန်ဒန်မြို့ရိ တော်ဝင်ပန်တျာပညာတံခွန်အသင်းနှင့် လိုက်ပဆစ် ပန်တျာကျောင်းများတွင် ဆရာကောင်းများနှင့် သင်ကြားခွင့် ရရှိခဲ့သည်။ နောင်အခါ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီး ယား၏ သီချင်းစာသားတို့ကို တေးသံသွင်းပေးရာ၌ ပိုမိုထင်ရှား ကျော်စောလာသည်။ ၁၈၆၄ ခုနှစ်တွင် သူ၏ဗယ်လေခေါ် ကဇာတ်ကို ရုံတင်ပြခဲ့ရာ နိုင်ငံကျော်ဖြစ်လာလေသည်။


၁၈၇၁ ခုနှစ်တွင် ပန်တျာလောကမှ ပြဇာတ်လောကသို့ ကူးပြောင်းခဲ့ပြီး ဂီးလဗတ်နှင့် တွဲဖက်မိသည်။ ဓမ္မသီချင်းများကို ဩဂင်စန္ဒယားနှင့် တီးရာ၌ ဆာလီဗန်ကို လူကြိုက်များကြသည်မှန်၏။ သို့သော် ဂီးလဗတ်နှင့် တွဲဖက်၍ ပြသသောဇာတ်ရွှင်ဇာတ်မြူးများမှ ဂီတကြောင့် သူ့ကိုပို၍ လူကြိုက်များကြသည်။

ဂီးလဗတ်၏စာသားမှာ ထိမိလှသည်။ သူ၏ စာသားပြောင် သလောက် ဆာလီဗန်၏ ဂီတသံကလည်း ပြောင်မြောက်လှ ပေသည်။ ထို့ကြောင့် သူတို့ ၂ ဦးသားစပ်တူ အလုပ်ကို နှစ်ပေါင်း ၂ဝ မျှ လုပ်ကိုင်ခဲ့ကြရာ လန်ဒန်မြို့ ဆဗွိုင်းဇာတ်ရုံ တော်မှ သူတို့၏ ဇာတ်ပွဲကပြတိုင်း လူပြည့်ကျပ်လျက် ရှိခဲ့လေ သည်။ဆာလီဗန်သည် ၁၈၈၃ ခုနှစ်တွင် ဆာဘွဲ့ဖြင့် သူကောင်း ပြုခြင်းခံရသည်။ ၁၉ဝဝ ပြည့်နှစ်တွင် သူ၏ အော်ပရာပြဇာတ် တစ်ခုကို စီကုံးရေးသားဆဲ ကွယ်လွန် အနိစ္စရောက်လေရာ၊ သူ၏ရုပ်ကလာပ်ကို သူငယ်စဉ်က ဓမ္မသီချင်းများ သီဆိုခဲ့ရာ ဖြစ်သော စိန်ပေါဘုရားရှိခိုးကျောင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ထား လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)