ဂလိုက်ဒါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂလိုက်ဒါစီးခြင်း

ဂလိုက်ဒါ (ခိုစီးဂလိုက်ဒါ) စီးခြင်းသည် အားကစားနည်းတစ်မျိုးဖြစ် ၏။ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် မူလက ဂလိုက်ဒါကို အပျော်သက်သက် စီးခဲ့ကြသော်လည်း နောက်ပိုင်းတွင်တစ်ဦးနှင့် တစ်ဦးယှဉ် ပြိုင်ကြရာမှ အားကစားနည်းတစ်ရပ်အဖြစ်ပြောင်းလဲ လာခဲ့သည်။

ဂလိုက်ဒါသည် ၁၉ ရာစုနှစ်အတွင်းက စတင် ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်က ဝေဟင်တွင် ပျံသန်းနိုင်ရန် လူသားတို့ ကြံစည် ကြိုးပမ်းကြသည့် နည်းလမ်းများတွင် ဂလိုက်ဒါ၏ ရှေ့ပြေးဖြစ်သောလေယာဉ် များပါဝင်ခဲ့၏။ အဆိုပါ လေယာဉ်များသည် အတောင်တစ်ထပ်၊ သို့မဟုတ် အတောင်နှစ်ထပ်ရှိကြ၏။စီးနင်း မည့်သူသည် ယင်းအတောင် အောက်ဘက်ဗဟိုချက်တွင် ခိုစီး၍လိုက်ပါရ၏။ တောင်ထိပ် သို့မဟုတ်အဆောက် အဦးတစ်ခု၏ အပေါ်မှ အောက်ဘက်သို့ ပျံဝဲ၍ ဆင်းရသည်။

၁၉ ရာစုနှစ် အစပိုင်းတွင် ဂျာမနီနိုင်ငံ အုန်းမြို့သား အပ်ချုပ်သမား တစ်ဦးဖြစ်သူ အဲလဘရက်လုဒဝစ်ဘာဘလင်ဂါ သည် ဂလိုက်ဒါ တစ်မျိုးကို တည်ဆောက်ပြီးလေတွင် ပျံဝဲ နိုင်ခဲ့၏။ ၁၈၈၁ ခု မတ်လ ၃၁ ရက်နေ့တွင် ဘာဘလင်ဂါသည် လူထုပရိသတ် ၁၅,ဝဝဝ မျက်မှောက်တွင် ဒန်ညုမြစ်ကို ဖြတ် ကျော်ပျံသန်း ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ ဘာဘလင်ဂါနောက် ဂလိုက်ဒါကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြံဆောင်ခဲ့သူမှာ ဂျာမန်လူမျိုးအော်တိုလီလီ ယန်သဲဖြစ်၏။ လီလီယန်သဲသည် ဖယောင်းစိမ်ထားသောပိတ်စ များ၊ မိုးမခသားများဖြင့် တည်ဆောက်ထားသော ငှက်အတောင် သဏ္ဌာန်ရှိ ဂလိုက်ဒါဖြင့် အကြိမ်ပေါင်း ၂ဝဝဝကျော်ပျံသန်းခဲ့ သည်။ အဝေးဆုံးပျံသန်းနိုင်သည့် အကွာအဝေးမှာ နှစ်ဖာလုံခန့် ဖြစ်သည်။ ဂလိုက်ဒါကို လေထဲတွင်လိုသလို ထိန်းသိမ်းနိုင်ရန် လီလီယန်သဲသည် ခန္ဓာကိုယ်ကို လှုပ်ရှားပေး၏။ယင်းသို့ ခန္ဓာ ကိုယ်ဖြင့် ထိန်းသည့် နည်းစနစ်ကို ခေတ်ပေါ် ဂလိုက်ဒါများ တွင် ဆက်လက်အသုံးပြုလျက်ရှိကြသည်။ ၁၈၉၆ ခု ဩဂုတ် ၉ ရက်နေ့ တွင်စမ်းသပ် ပျံသန်းနေစဉ် လီလီယန်သဲသည်ဂလိုက်ဒါ ကိုထိန်းသိမ်းနိုင်ခြင်း မရှိတော့သည့် အတွက် ဂလိုက်ဒါသည် အရှိန်ဖြင့်ထိုးကျပျက်စီးခဲ့၏။ လီလီယန်သဲသည် ဂလိုက်ဒါပျက် ကျရာမှရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံမှ ပါစီပီးလချားနှင့် အမေရိကန်နိုင်ငံမှ အောက်တေ့ဗ်ချနု တို့သည် လီလီယန်သဲ၏ နည်းလမ်းကို အခြေပြုကာ ဂလိုက်ဒါများကို ဆက်လက် တည်ဆောက်ခဲ့သည်။ သို့သော် ထိုအချိန်တွင် စက်တပ်လေ ယာဉ်များ စတင်ပေါ်ပေါက်လာပြီဖြစ်ရာ ဂလိုက်ဒါများ၏ တိုးတက်မှု အရှိန်အဟုန်မှာ တန့်သွားခဲ့ပြီး တဖြည်းဖြည်းမှေးမှိန် သွားခဲ့သည်။

စရိတ်သက်သာစွာဖြင့် လေတွင်ပျံဝဲနိုင်သည့် အတွေ့ အကြုံရရှိရေးအတွက် ဂလိုက်ဒါကိုပြန်လည် ဖော်ထုတ်ရန် ကြိုးပမ်းလာကြရာမှ ဂလိုက်ဒါ၏ အခန်းကဏ္ဍသည် ပြန် လည်ဆန်းသစ် လာခဲ့သည်။ ၁၉၇၂ ခုတွင် အင်္ဂလန် နိုင်ငံ၌ ဂလိုက်ဒါကို စီးနင်းကြသူ အရေအတွက်သည် အနည်းငယ် မျှသာရှိခဲ့ သော်လည်း ၁၉၇၈ ခုနှစ်တွင် ၅ဝဝဝခန့်အထိရှိလာခဲ့ ၏။ အမေရိကန် နိုင်ငံတွင်မူ၂၅ဝဝဝ ခန့်ရှိလာ၏။တစ်ကမ္ဘာလုံး တွက်သော် ဂလိုက်ဒါ စီးနင်းသူပေါင်း ၆ဝဝဝဝ ခန့် ရှိမည် ဟု ခန့်မှန်းကြသည်။

ဂလိုက်ဒါသည် သမားရိုးကျ ဂလိုက်ဒါ (စက်မဲ့ လေယာဉ်)ထက် စရိတ်သက်သာခြင်း၊ တည်ဆောက်ရန် သို့မ ဟုတ် ဝယ်ယူရန် လွယ်ကူခြင်းတို့ကြောင့် ယင်းကို အပျော်စီး သက်သက်အဖြစ် သာမကအားကစား နည်းတစ်မျိုးအဖြစ်လည်း တွင်ကျယ်စွာ အသုံးပြုလာခဲ့ခြင်း ပေဖြစ်သည်။ မျက်မှောက် ခေတ်တွင် အသုံးပြုလျက်ရှိသော လိုက်ဒါအမျိုးအစားများ အနက် တြိဂံပုံစံ အတောင်ရှိ ဂလိုက်ဒါကို အသုံးများကြ၏။ ယင်းကို ရိုဂယ်လိုဟုလည်း ခေါ်ကြ၏။ အာကာသယာဉ်များကို မြေပြင်သို့ ညင်သာစွာ ဆင်းသက်လာစေရန် ဖရန်စစ်ရို ဂယ်လို ဆိုသူတီထွင်သော တြိဂံပုံစံ အတောင်ကိုအခြေပြု တည်ဆောက် ထားသောကြောင့် ရိုဂယ်လိုဟု ခေါ်ဝေါ်ခြင်းဖြစ်၏။ ယင်းရိုဂယ် လို ပျံဝဲသည့်အခါ တိုးဝင်လာသော လေကြောင့် ဖောင်းကြွနေ သော အတောင်သည်ကတော့ ခြမ်းနှစ်ခြမ်းကိုဘေးချင်းယှဉ်ထား သကဲ့သို့ဖြစ်လာသည်။ အတောင်ကို ထိုကဲ့သို့ ဖောင်းကြွလာနိုင် အောင်ပျော့ပြောင်းသော အဝတ်၊ နိုင်လွန်စသည်တို့ဖြင့်ပြုလုပ်လေ့ ရှိ၏။ အချို့ ဂလိုက်ဒါ များတွင်မူ သမားရိုးကျ ဂလိုက်ဒါ ကဲ့သို့ပင် ခိုင်ခံ့တောင့်တင်းသော အတောင်များ တပ်ဆင်ထားကြ သည်။

ဂလိုက်ဒါကို စီးရာတွင် တတောင်ဆစ်ကို ကွေး၍ တန်းနှစ်တန်းကို လက်ဖျားမှ တတောင်ဆစ် အထိ ကပ်ထားပြီး ထောက်ထားသော လက်နှစ်ဘက်ကို အားပြုကာ ခိုစီးကြ၏။ အချို့ကမူ ရှေ့မှတန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့် တွဲလဲဆွဲကာ ထိုင်လျက်ဖြစ်စေ၊ မှောက် လျက်ဖြစ်စေ စီးကြ၏။ ဂလိုက်ဒါကို ထိန်းသိမ်း ပဲ့ကိုင်ရန် အတွက်မူ ခန္ဓာကိုယ်ကို လိုသည့်ဘက်သို့အရွှေ့အပြောင်းပြုလုပ် ပေးရသည်။

ဂလိုက်ဒါကို လေထဲသို့ရောက်အောင် လွှတ်တင် ရာတွင် နည်းအမျိုးမျိုးကို အသုံးပြုကြ၏။အချို့ကမူ တောင်ဆင် ခြေလျှော တစ်လျှောက်ပြေးဆင်းကြ၏။ အချို့ကမူ ဂလိုက်ဒါကို ကြိုးနှင့်ချည်ပြီး ရှေ့မှဆွဲ ပြေးကြသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)