အန်ဒရေ ဂရာမီကာ

ဝီကီပီးဒီးယား မှ
(ဂရိုမီကိုအန်ဒရေ အန်ဒရေယယ်ဗစ် မှ ပြန်ညွှန်းထားသည်)
အန်ဒရေ ဂရိုမီကို ၁၉၆၇

ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး အန်ဒရီးယက်ဗစ် ဂရိုမီကိုကို ၁၉ဝ၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဗိုင်လိုရုရှ (ဗျဲလိုရုရှ) နိုင်ငံ ဂိုမယ်ဒေသ ဗက်တကာခရိုင်ရှိ စတာရိုင်ဂရိုမီကီ ကျေးရွာ၌ မွေးဖွားခဲ့သည်။

ဂရိုမီကိုသည် မင့်စကမြို့ စိုက်ပျိုးရေးသိပ္ပံနှင့် မော်စကိုမြို့ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ကျောင်းမှ ထွက်ပြီးနောက် ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ သိပ္ပံ အကယ်ဒမီ စီးပွားရေး တက္ကသိုလ်တွင် ယာယီအကြီးတန်း သိပ္ပံသုတေသန အရာရှိအဖြစ် လုပ်ကိုင်သည်။ ထိုသို့လုပ်ကိုင်ရင်း စီးပွားရေး ပြဿနာများ အမည်ရှိ အစိုးရထုတ် စီးပွားရေး သုံးသပ်ချက် စာစောင်တွင် အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ခံခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ဂရိုမီကိုသည် ဆိုဗီယက်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အမေရိကန်ဌာနစိတ်၏ တာဝန်ခံအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။ မကြာမီပင် အစိုးရက ဂရိုမီကိုအား အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ ရုရှသံရုံးတွင် ကောင်စစ်ဝန်အဖြစ် ခန့်ထားလိုက်ရာ ၁၉၄၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂရိုမီကိုအား အမေရိကန် ပြည်ထောင်စုဆိုင်ရာ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသော ရုရှသံအမတ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျူးဗား သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှသံအမတ်ကြီး အဖြစ်လည်း ပူးတွဲ ထမ်းဆောင်ရသည်။

ဂရိုမီကိုသည် ကုလသမဂ္ဂကို စတင် ရုပ်လုံးဖော်ခဲ့သော ဝါရှင်တန်မြို့ ဒမ်ဗာတန်အုတ် ညီလာခံ (၁၉၄၄ ခုနှစ်)သို့ ရုရှကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆာင်၍ တက်ရောက် ဆွေးနွေး ခဲ့သည်။ ထို့ပြင် ဗြိတိန်၊ အမေရိကန်နှင့် ဆိုဗီယက် ကြီးသုံးကြီးနိုင်ငံ ခေါင်းဆောင်များ၏ ကရိုင်းမီးယား ကွန်ဖရင့်နှင့် ပို့စဒန်ကွန်ဖရင့်တို့တွင်လည်း ရုရှကိုယ်စကားလှယ် အဖွဲ့တွင် အဖွဲ့ဝင် တစ်ဦးအဖြစ် တက်ရောက်ခဲ့ရသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌ ၁၉၄၅ ခုနှစ်က ကျင်းပသည့် ကုလသမဂ္ဂညီလာခံသို့ တက်ရောက်သော ရုရှ ကိုယ်စားလှယ်အဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဆိုဗီယက် ကြီးလေးကြီး နိုင်ငံခြားရေး ဝန်ကြီးများ၏ ယော်လတာကွန်ဖရင့်နှင့် ဘာလင် ကွန်ဖရင့် များကိုလည်း အကြိမ်ကြိမ်တက်ရောက်ခဲ့ရသည်။

ဂရိုမီကိုသည် ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ရုရှ၏ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တက်ရောက်နေခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် ရုရှနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး (၁) အဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။

၁၉၅၂ ခုနှစ် ဇွန်လထဲတွင် ဂရိုမီကိုအား ဗြိတိန်နိုင်ငံသို့ ရုရှသံအမတ်ကြီးအဖြစ် ခန့်ထားလိုက်သည်။ တစ်နှစ်ခန့် အကြာတွင် ရုရှသို့ ပြန်ခေါ်ပြီး ယခင်ရာထူးဖြစ်သော ဒုတိယ နိုင်ငံခြားရေးဝန်ကြီး (၁) တာဝန်ကို ပေးအပ်သည်။ ထိုရာထူးတွင် ၁၉၅၃ ခုနှစ် ဧပြီလမှ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလအထိ ထမ်းဆောင်နေခဲ့သည်။ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်ထား ခံရလေသည်။

၁၉ ကြိမ်၊ အကြိမ် ၂ဝ၊ ၂၂ ကြိမ်၊ ၂၃ ကြိမ်၊ ၂၄ ကြိမ်နှင့် ၂၅ ကြိမ်မြောက် ပါတီ ညီလာခံများတွင်လည်း ဂရိုမီကိုသည် ပါတီ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

ဂရိုမီကိုသည် ၁၉၇၃ ခုနှစ် ဧပြီလမှစ၍ ဆိုဗီယက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုအဖွဲ ဖြစ်လာခဲ့လေသည်။ ဆိုဗီယက်အစိုးရက နိုင်ငံခြားရေးဝန်ကြီး ဂရိုမီကိုအား လီနင်ဘွဲ့တံဆိပ် ငါးကြိမ်၊ လုပ်သား အောင်လံနီဆု၊ တူနှင့်တံစဉ် ရွှေ တံဆိပ်ဆုအပြင် အခြားဂုဏ်ထူးဆောင် တံဆိပ်များဖြင့် ချီးမြှင့်ခဲ့သည်။ ဆိုဗီယက်နိုင်ငံတွင် အတန်မြင့်မားသော ဆိုရှယ်လစ်လုပ်သား သူရဲကောင်းဘွဲ့ကိုလည်း ဂရိုမီကို ရရှိခဲ့ပြီး ဖြစ်သည်။

[၁]

ဆိုဗီယက်ပြည်ထောင်စု ဦးစီးဆိုဗီယက်လွှတ်တော် သဘာပတိအဖွဲ့ ဥက္ကဋ္ဌ(သမ္မတ) အန်ဒရေ ဂရိုမီကိုကို ဘိုင်လိုရပ်ရှားသမ္မတ နိုင်ငံ ဗက်ကော့စကီး စီရင်စု စတာရယ်ဂရိုမီကီကျေးရွာ၌ တောင်သူလယ်သမား မိဘနှစ်ပါးက ၁၉ဝ၉ ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့တွင် မွေးဖွားသည်။ မင့်စခ် စိုက်ပျိုးရေး တက္ကသိုလ်နှင့် မော်စကို စီးပွားရေးတက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ပြီး စီးပွားရေးပညာဒေါက်တာဘွဲ့ ရခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်ထိ အကြီးတန်း သုတေသန ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။

ဂရိုမီကိုသည် ၁၉၃၉ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုရှိ ဆိုဗီယက်ပြည်ထောင်စုသံရုံး အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ အမေရိကန်ပြည် ထောင်စုဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခံရသည့် ဆိုဗီယက်သံအမတ်အဖြစ် လည်းကောင်း တချိန်တည်းတွင် ကျူးဗားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် လည်းကောင်း ဆောင်ရွက်သည်။

၁၉၄၆ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆိုဗီယက် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ယင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ဆောက်ရွက်ခဲ့ရာ ၁၉၄၉ ခုနှစ်အထိ ဖြစ်သည်။ ထို့နောက်ဆိုဗီယက်ပြည်ထောင်စု ပထမ ဒု-နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ ဆောင်ရွက်သည်။ ဂရိုမီကိုသည် ၁၉၅၃ ခုနှစ်မှစ၍ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၈၃ ခုနှစ်မှစ၍ ဆိုဗီယက်ပြည်ထောင်စု ဝန်ကြီးများကောင်စီပထမ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း ပူးတွဲထမ်းဆောင်သည်။

ဂရိုမီကိုသည် ၁၉၃၁ ခုနှစ်ကတည်းက ဆိုဗီယက်ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့သည်။ ဆိုဗီယက် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက်တွင် ဆိုဗီယက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အရန်အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြောက် ခံရပြီး အကြိမ် ၂ဝ မြောက်၊ ၂၂ ကြိမ်မြောက်၊ ၂၃ ကြိမ်မြောက်၊ ၂၄ ကြိမ်မြောက်၊ ၂၅ ကြိမ်မြောက်နှင့် ၂၆ ကြိမ်မြောက် ကွန်ဂရက်များတွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တင်းပြည့်အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရ သည်။

၁၉၇၃ ခုနှစ် ဧပြီလမှစ၍ ဆိုဗီယက်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာသည်။ ဂရိုမီကိုသည် ဆိုဗီယက်ပြည်ထောင်စု ဦးစီးဆိုဗီယက် လွှတ်တော် ဒုတိယအကြိမ်၊ ပဉ္စမအကြိမ်နှင့် ထို့နောက် ဆက်လက်ပြုလုပ်သည့် ကွန်ဂရက်အားလုံးတွင် ကိုယ်စားလှယ် ဖြစ်ခဲ့သည်။

ဂရိုမီကိုသည် တီဟီရန်၊ ယော်လတာနှင့် ပို့စဒမ်ညီလာခံများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ပြုလုပ်သော ဒန်ဘာတမ်အုတ်ညီလာခံသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ဒီမီ ထရော့ဆု၊ ဆိုရှယ်လစ်လုပ်သား သူရဲကောင်းဘွဲ့ နှစ်ကြိမ်၊ လီနင် ဘွဲ့တံဆိပ်ခြောက်ကြိမ်နှင့် အခြား ဂုဏ်ထူး၊ ဘွဲ့ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူ ဖြစ်သည်။

ဂရိုမီကိုသည် ဒီမီထရီဗနာနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရို အဖွဲ့ဝင် အန်ဒရေဂရိုမီကိုအား ဆိုဗီယက်ပြည်ထောင်စု ဦးစီး ဆိုဗီယက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်စလုံးမှ ကိုယ်စားလှယ်များက ဆိုဗီယက်ပြည်ထောင်စု ဦးစီးဆိုဗီယက်လွှတ်တော် သဘာပတိအဖွဲ့ ဥက္ကဋ္ဌ(သမ္မတ)အဖြစ် ၁၉၈၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် တညီတညွတ်တည်း မဲဆန္ဒပေး၍ ရွေးကောက် တင်မြောက်လိုက်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၆)